Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFPEA) ဥက္ကဋ္ဌ ဦးအေးဝင်းအား မြန်မာ-ဂျပွန်မှ အမှုဆောင်အရာရှိချုပ် မစ္စတာနာဂါဆုဂီတွေ့ဆုံမေးမြန်း

မြန်မာ့စားသောက်ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်

မေး။    ။    ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကြီးရဲ့ ရည်ရွယ်ချက်ကို သိပါရစေ။ အသင်းဝင်အရေအတွက် ဘယ်လောက်ရှိပါသလဲ။

 

ဖြေ။    ။    အသင်းတည်ထောင်ရတဲ့ ရည်ရွယ်ချက် (၉) ချက်ရှိပြီး အရေးကြီးတဲ့အချက်တွေကတော့ စားသောက်ကုန်ထုတ်လုပ်မှု၊ ထုတ်လုပ်နိုင်စွမ်းအားများ တိုးတက်လာစေရန်၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်စေရန်နဲ့ ပြည်တွင်းဈေးကွက်သာမက ဒေသတွင်းနိုင်ငံများဈေးကွက်၊ ထိုမှတစ်ဆင့် နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်ပြီး အသင်းထူထောင်ခဲ့ပါတယ်။ အသင်းဝင်ပေါင်း (၈၀၀) နီးပါးခန့်ရှိပြီး (၉၀) ရာခိုင်နှုန်းကျော်မှာ အသေးစားနဲ့ အလတ်စားလုပ်ငန်းများဖြစ်ပါတယ်။ ပါဝင်သည့်ကဏ္ဍများမှာ စားသုံးဆီအမျိုးမျိုး၊ အချိုရည်၊ ဘီစကစ်၊ ကိတ် စသည့် မုန့်အမျိုးမျိုး၊ သွားရည်စာအမျိုးမျိုး၊ ထိုးမုန့်၊ ဟာလ၀ါအပါအ၀င် ရိုးရာမုန့်အမျိုးမျိုး၊ ကော်ဖီ၊ လက်ဖက်တို့အပြင် ခေါက်ဆွဲခြောက် စသည့် အသင့်စား အစားအစာမျိုးစုံ ပါဝင်ပါတယ်။ အသင်းဝင်ကုမ္ပဏီများအနက် ထင်ရှားတဲ့ကုမ္ပဏီများ၊ ကုန်အမှတ်တံဆိပ်များ ကတော့ Coca Cola, Yum Yum, Super Coffee Mix, Premier Coffee, Alpine သောက်ရေသန့်၊ Good Morning မုန့်မျိုးစုံနဲ့ Grand Royal ၀ီစကီစသည်တို့ ပါဝင်ပါတယ်။

 

မေး။    ။    ဆက်လက်ပြီး ဦးအေးဝင်းအနေနဲ့ အသင်းကြီးတွင် တာဝန်ယူဆောင်ရွက်နေသည့်  ရာထူးနှင့် လုပ်ငန်းတာဝန်များကို သိပါရစေ။

 

ဖြေ။    ။    လက်ရှိမှာ အသင်းအမှုဆောင်အဖွဲ့ဥက္ကဋ္ဌရာထူးဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အသင်းစတင်ဖွဲ့စည်းတဲ့ ၂၀၀၆ ခုနှစ်ကတည်းက ပါဝင်ခဲ့ပါတယ်။ အလုပ်အမှုဆောင်၊ ဗဟိုအလုပ်အမှုဆောင်၊ ၎င်းမှတစ်ဆင့် တွဲဖက်အတွင်းရေးမှူး၊ အထွေထွေအတွင်းရေးမှူး စသည့် တာဝန်များ အဆင့်ဆင့် ရယူခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဥက္ကဋ္ဌအဖြစ် (၂၀၁၇-၂၀၁၉) အမှုဆောင်သက်တမ်းအတွက် ရွေးချယ်ခံခဲ့ရပါတယ်။ အသင်းဥက္ကဋ္ဌအနေဖြင့် အသင်းရဲ့ အဓိကရည်ရွယ်ချက်များဖြစ်တဲ့ Productivity, Value Addition နဲ့ ဈေးကွက်ထိုးဖောက်ရရှိနိုင်ရေးတို့ကို အမှုဆောင်အဖွဲ့မှ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မူဝါဒ များ၊ ဗျူဟာများ၊ လုပ်ငန်းစဉ်များ ချမှတ်ရာတွင် ဦးဆောင်ပေးခြင်း၊ အသင်းရဲ့လှုပ်ရှားနိုင်စွမ်းတိုးတက်စေရန်နှင့် အသင်းဝင်အရေအတွက် တိုးတက်လာစေရန်တို့အတွက် စည်းရုံးပေးခြင်း၊ သက်ဆိုင်ရာအစိုးရအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများနှင့် အသင်းရဲ့ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင် အကောင်အထည်ဖော်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရာတွင် ချိတ်ဆက်ညှိနှိုင်းပေးခြင်း၊ အသင်း၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် သင်းဖွဲ့စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်စေရန် ပေါင်းစပ်ညှိနှိုင်းပေးခြင်း တို့ကို ဆောင်ရွက်ရပါတယ်။ ၎င်းအပြင် နိုင်ငံတော်အဆင့်၊ ၀န်ကြီးဌာနအဆင့် ဖွဲ့စည်းထားသော ကော်မတီများတွင် အသင်းကိုယ်စားပြုပါဝင်ပေးခြင်းနှင့် တက်ရောက်ဆွေးနွေးပေးခြင်းများ ဆောင်ရွက်ရပါတယ်။

 


မေး။    ။    ဘယ်လိုစားသောက်ကုန်တွေကို နိုင်ငံခြားသို့ တင်ပို့နေပါသလဲ။ ထိုနိုင်ငံအမည်များကို သိပါရစေ။

 

ဖြေ။    ။    နိုင်ငံခြားကို တင်ပို့နေတဲ့ စားသောက်ကုန်အများစုကတော့ ကုန်ကြမ်းများသာဖြစ်ပြီး ဆန်၊ ပဲမျိုးစုံ စသည်တို့ ဖြစ်ပါတယ်။ ကုန်ချောအနေနဲ့ တင်ပို့နိုင်တဲ့ ထုတ်ကုန်တွေက နည်းပါးပါသေးတယ်။ အခုလက်ရှိ တန်ဖိုးတစ်ဆင့်မြှင့်တင်ပို့နေတာတွေကတော့ နှမ်းဆီ၊ ပျားရည်၊ သရက်သီးအနှစ်၊ Frozen Vegetables, ကော်ဖီ၊ လက်ဖက်ခြောက်စတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ မြန်မာ့ရိုးရာ အစားအသောက်တွေကိုလည်း နိုင်ငံခြားသို့ ထုပ်ပိုးပြီး တင်ပို့နေပေမယ့် အများအားဖြင့် နိုင်ငံရပ်ခြားမှာရှိတဲ့ မြန်မာလူမျိုးများအတွက်သာဖြစ်လို့ အရေအတွက်အားဖြင့် နည်းပါးပါသေးတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ဈေးကွက်တွင် အသင့်ရောင်းချနိုင်တဲ့ ထုပ်ပိုးပြီး စားသောက်ကုန်များကို တင်ပို့နိုင်မှုပမာဏက အလွန့်အလွန်နည်းပါးပါသေးတယ်။ လက်ရှိ တင်ပို့ရောင်းချနေတဲ့ နိုင်ငံများအနက် သိသာထင်ရှားတဲ့နိုင်ငံများကတော့ တရုတ်၊ ဂျပန်၊ ကိုရီးယား စသည်တို့ ဖြစ်ပါတယ်။

 

မေး။    ။    ဂျပန်လူမျိုးတွေနဲ့အတူ စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရတာနဲ့ပတ်သက်ပြီး ဘယ်လိုထင်မြင်ခံစားမိပါသလဲ။ ဘယ်လို ဂျပန်ကုမ္ပဏီမျိုးနဲ့ လက်တွဲလုပ်ကိုင်ဖူးပါသလဲ။

 

ဖြေ။    ။    ဂျပန်လူမျိုးတွေနဲ့ အလုပ်လုပ်ရာမှာ တိကျသေချာပါတယ်။ ဒါပေမယ့် သူတို့တွေနဲ့ အလုပ်တွဲလုပ် တဲ့နေရာမှာ တစ်ခုခု စတင်ဖို့အတွက် အချိန်ကြန့်ကြာမှုတော့ရှိပါတယ်။ ဒါကလည်း ရေရှည်မှာ ပိုမိုကောင်းမွန် တဲ့ အခြေအနေ ရနိုင်ဖို့နဲ့ အောင်မြင်ဖို့အတွက် သေသေချာချာ စီစဉ်ပြီး အချိန်ယူတဲ့အတွက် ဖြစ်တယ်လို့ ထင်မိပါတယ်။
အသင်းအနေဖြင့် တိုက်ရိုက်လက်တွဲလုပ်ကိုင်နေတဲ့ ဂျပန်အဖွဲ့အစည်းများမှာ JICA, JETRO, နဲ့ ASEAN JAPAN CENTER စတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းအနေဖြင့် လက်တွဲလုပ်ကိုင်ခဲ့ဖူးတဲ့ ဂျပန်ကုမ္ပဏီအနည်းငယ်မျှသာရှိပြီး အများစုမှာ အသေးစားနှင့် အလတ်စားများသာ ဖြစ်ပါတယ်။ အဓိက ပြည်တွင်းမှ စားသောက်ကုန်များကို တန်ဖိုးမြင့်ထုတ်လုပ်ပြီး ဂျပန်ဈေးကွက်သို့ တင်ပို့နိုင်ရန်အတွက်ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ကုမ္ပဏီများအနက် သိသာထင်ရှားတဲ့ ကုမ္ပဏီကတော့ Ito En နဲ့ Cargill Japan တို့ပဲဖြစ်ပါတယ်။

 

မေး။    ။    ဥက္ကဋ္ဌကြီးရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း သိခွင့်ရှိမလားခင်ဗျာ။

 

ဖြေ။    ။    ကျွန်တော်ရဲ့ပင်မစီးပွားရေးက စားသောက်ကုန်ထုတ်လုပ်ဖြန့်ချိတဲ့ လုပ်ငန်းဖြစ်ပြီး လက်ဖက်ခြောက်လုပ်ငန်းကို အဓိကဦးတည်လုပ်ကိုင်လျက်ရှိပါတယ်။ နဂါးပျံလက်ဖက်ခြောက်အမည်ဖြင့် ထုတ်လုပ်မှုမှသည် ဖြန့်ချိရေးအထိ Tea Supply Chain တစ်ခုလုံးမှာ ပါဝင်လုပ်ကိုင်ပါတယ်။

 

မေး။    ။    စားသောက်ကုန်လုပ်ငန်းရှင်တွေရဲ့ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ အနာဂတ်ရှေ့လုပ်ငန်းစဉ်များကို ပြောပြပေးပါဦး။

 

ဖြေ။    ။    တည်ငြိမ်တဲ့ ကုန်ကြမ်းအရင်းအမြစ်ရရှိနိုင်မှု၊ ငွေကြေးအရင်းအနှီးနဲ့ ဈေးကွက်တို့ဟာ စားသောက်ကုန်လုပ်ငန်းများ ရင်ဆိုင်နေရတဲ့ အဓိက အခက်အခဲများဖြစ်ပါတယ်။ အခြား SME များနည်းတူ ပြည်တွင်း စားသောက်ကုန်လုပ်ငန်းများဟာ ငွေကြေးအရင်းအနှီးရရှိနိုင်ဖို့ မလွယ်ကူပါဘူး။ လုပ်ငန်းရှင်များဘက်မှ ဘဏ္ဍာရေး အရင်းအမြစ်များ ရရှိနိုင်ရန် ဖြည့်ဆည်းရမည့် အခြေအနေများ၊ စာရွက်စာတမ်းစတဲ့ ခိုင်မာသော အထောက်အထားများ လိုအပ်သလို အာမခံ ပစ္စည်းတစ်မျိုးမျိုး မူလကတည်းက ပိုင်ဆိုင်မှုမရှိထားရင်လည်း ငွေကြေးအရင်းအမြစ် ရရှိရန် မဖြစ်နိုင်ပါ။ လိုအပ်တဲ့ ကုန်ကြမ်းများရဲ့ အရည်အသွေး၊ အရေအတွက်နဲ့ ဈေးနှုန်းတည်ငြိမ်မှုမရှိခြင်းကလည်း စားသောက်ကုန်လုပ်ငန်းများ ဆက်လက်ရှင်သန်နိုင်ရေးအတွက် အဟန့်အတား ဖြစ်ပါတယ်။ နောက်ဆုံးနဲ့ အရေးကြီးဆုံးကတော့ ဈေးကွက်ပါ။ လက်ရှိမှာ ပြည်တွင်းထုတ် ထုပ်ပိုးပြီး စားသောက်ကုန်များဟာ ဒေသတွင်းနိုင်ငံများ ဈေးကွက်ကိုတောင် ၀င်ရောက်ယှဉ်ပြိုင်ရောင်းချခြင်းမရှိပါ။ ပြည်တွင်းဈေးကွက်ကိုသာ မှီခိုရောင်းချလျက်ရှိပြီး ပြည်တွင်းဈေးကွက်မှာလည်း ပြည်ပမှ တရားဝင်ရော၊ တရားမ၀င်ပါ အလုံးအရင်းဖြင့် ၀င်ရောက်နေတဲ့ စားသောက်ကုန်များနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ကျန်တော်တို့အသင်းအနေနဲ့ National Food Industry Development Strategy ကို သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်အသင်းအဖွဲ့များအပါအ၀င် Stakeholder များ အားလုံးပါဝင်တဲ့ Forum များ ကျင်းပပြုလုပ်ကာ National Food Industry Development Strategy ကို ရေးဆွဲပြီး နိုင်ငံတော်အစိုးရမှ အသိအမှတ်ပြု အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေအထိကို ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။

 

မေး။    ။    အခုဆိုရင် ဂျပန်ကုမ္ပဏီအတော်များများက မြန်မာနိုင်ငံအပေါ်မှာ စိတ်ဝင်စားမှုတွေမြင့်တက်နေပါတယ်။ ဘယ်လိုဂျပန်လုပ်ငန်းမျိုးကို မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံစေချင်ပါသလဲ။

 

ဖြေ။    ။    ကျွန်တော်တို့အနေနဲ့ ကုန်ထုတ်လုပ်ငန်းတွေကို များများ လာရောက်စေချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ ကုန်ထုတ်လုပ်ငန်းများ Manufacturing Sector အမြန်ဆုံးဖွံ့ဖြိုးရန် အရေးတကြီးလိုအပ်နေတဲ့အတွက်ဖြစ်ပါတယ်။ လက်ရှိလည်း ပြည်တွင်းမှာ ယခင်ကာလများနှင့် နှိုင်းယှဉ်လျင် ကုန်ထုတ်လုပ်ငန်းများတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမှု သိသိသာသာပိုမိုများပြားလာတာကိုလည်း တွေ့မြင်နိုင် ပါတယ်။ နိုင်ငံတော်မှလည်း ကုန်ထုတ်လုပ်ငန်းများတွင် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုအားလုံးကို အထူးအား ပေးနေတာလည်း  ရှင်းလင်းစွာ သိမြင်နိုင်ပါတယ်။

 

မေး။    ။    မြန်မာနိုင်ငံမှာ ရိုးသားကြိုးစားပြီး ထူးချွန်တဲ့သူတွေ များပြားတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အချိန်တိုအတွင်းမှာ အလုပ်ပြောင်းရွှေ့တာတွေများပြားကြပါတယ်။ ၀န်ထမ်းတွေ အလုပ်တည်မြဲဖို့အတွက် ဘာတွေလိုအပ်တယ်လို့ ထင်မြင်ပါသလဲ။

 

ဖြေ။    ။    မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများ ကြုံတွေ့နေရသည့် အခက်အခဲများတွင် လူ့စွမ်းအားအရင်းအမြစ် ပြဿနာများကို ရှောင်လွှဲလို့ မရနိုင်ပါ။ ပြည်တွင်း အလုပ်အကိုင်ဈေးကွက်တွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် လုပ်ခလစာများပေါ် မူတည်၍ အပြောင်းအရွှေ့များ ရှိနေသော်လည်း ပြည်တွင်းလုပ်ငန်းများအနေဖြင့် ကျွမ်းကျင်လုပ်သား ဆုံးရှုံးမှုမရှိစေရန် ခံစားခွင့်နည်းလမ်းများအပြင် လူမှုရေးအရ ရင်းနှီးမှု၊ လုပ်ငန်းသံယောဇဉ်တို့ဖြင့် တည်ဆောက်၍ ထိန်းသိမ်းဆောင်ရွက်နေကြရပါတယ်။ လောလောဆယ် ပြည်တွင်းမှာ ရိုးသား ကြိုးစားပြီး ထူးချွန်သူတွေများပြားပေမယ့် လုပ်ငန်းအလိုက် ကျွမ်းကျင်သူ နည်းပါးနေခြင်းသည်လည်း အချိန်တိုအတွင်း အလုပ်ပြောင်းရွှေ့ရခြင်းရဲ့ အဓိကကျတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။

လုပ်ငန်းအလိုက် ကျွမ်းကျင်ဝန်ထမ်းများ၊ လုပ်သားများ အများအပြား ပေါ်ထွန်းလာနိုင်ရန် သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းအလိုက် ကျွမ်းကျင်မှုသင်တန်း၊ ကျောင်းများဖွင့်လှစ်သင်ကြားပေးနိုင်ရန်အတွက် အထူးလိုအပ်လျက်ရှိပြီး လာရောက်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများမှလည်း ခံစားခွင့်နည်းလမ်းများအပြင် ကျွမ်းကျင်မှုအတွေ့အကြုံတို့ကို စနစ်တကျသင်ကြားနိုင်မည့် အခွင့်အလမ်းများပေးနိုင်ခြင်းဖြင့် ၀န်ထမ်းများ အလုပ်တည်မြဲဖို့ အတွက် ဖန်တီးဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်။ ဒါ့အပြင် ဒေသခံဝန်ထမ်းများရဲ့ ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှုတို့ကိုလည်း သိရှိထားရန်နှင့် လေးစားရန်လည်း လိုအပ်ပါတယ်။


Source: Japon

Read times Last modified on Tuesday, 18 September 2018 13:18
Rate this item
(2 votes)