Food & Health
ငှက်ပျောသီးနဲ့ ကျန်းမာရေး
ဆယ့်နှစ်လရာသီပတ်လုံး ဖောဖောသီသီ ရရှိနိုင်သော အသီးအမျိုးအစားများထဲတွင် Musa မျိုးရင်းဝင် ငှက်ပျောသီးလည်း တစ်ခုအပါအဝင်ဖြစ်သည်။
ငှက်ပျောသီး၏ အားသာချက်မှာ အခြားသော သစ်သီးများနှင့် ယှဉ်ကြည့်ပါလျှင် ကရိကထမများဘဲ အလွယ်တကူ အခွံနွှာ၍ စားသုံးနိုင်ပြီး ရေခဲသေတ္တာထဲတွင် အထူးတလည် သိမ်းဆည်းထားရန် မလိုအပ်ပါ။
အချို့နိုင်ငံများတွင် ငှက်ပျောပင်များကို အစားအစာ အာဟာရအတွက်သာမက အထည်အလိပ် အမျှင်ကုန်ကြမ်းရရှိရန် အတွက်ပါ စိုက်ပျိုးလျက်ရှိကြသည်။
မြန်မာပြည်တွင် နံ့သာပု၊ ဝက်မလွတ်၊ ငှက်ပျောချဉ်၊ သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်ငှက်ပျော၊ ဆင်အန်၊ ရွှေငှက်ပျောသီးစသည်ဖြင့် ရှိကြပြီး မည်သည့်ငှက်ပျောသီးမျိုး မဆို ကျန်းမာရေး အာဟာရအတွက် စားသုံးပေးသင့်၏။ ငှက်ပျောသီး တစ်နေ့တစ်လုံးစား ဒေါက်တာတွေနဲ့ဝေးဝေးသွား ဟူသော ဆိုရိုးစကားရှိသည်။ ကျန်းမာရေးအတွက် ငှက်ပျောသီးမှည့်ကို အနည်းဆုံးတစ်ပတ်မှာ နှစ်လုံးသုံးလုံး စားပေးသင့်သည်။ အထူးသဖြင့်ကလေးအရွယ် ငါးနှစ်ကနေ ၂၅ နှစ်အထိ ငှက်ပျောသီးမှည့် ပုံမှန်စားသူနှင့်မစားသူများတွင် ကျန်းမာရေး အများကြီး ကွာဟလျက်ရှိသည်။ အသက် ၁ဝ နှစ်မှ ၂၄ နှစ်အကြား ယောက်ျားလေးများ ငှက်ပျောသီးမှည့် ပုံမှန်စားပေးခြင်းဖြင့် ကျားအင်္ဂါဖွံ့ဖြိုးပြီး မျိုးအောင်စေနိုင်သည်။
ငှက်ပျောသီးနှင့် ပန်းသီးတို့ကို ကျန်းမာရေး ရှုထောင့်မှ နှိုင်းယှဉ်ကြည့်ရာတွင်ငှက်ပျောသီးထဲတွင် ပါရှိသော ကစီဓာတ်က နှစ်ဆ၊ ဗီတာမင် A နှင့် သံဓာတ်က ငါးဆ၊ ဖော့စဖောရပ်က သုံးဆပိုများသဖြင့် ငှက်ပျောသီးက အားသာချက်ပိုမိုသည်။
တူရကီနိုင်ငံတွင် စမ်းသပ်ချက်များအရ ချောကလက်ကဲ့သို့ပင် ငှက်ပျောသီးထဲတွင် Norepinephrine နှင့် Serotonin ပါရှိသည့် အတွက် စိတ်ကိုသက်သောင့်သက်သာဖြစ်စေကြောင်း၊ ဗီတာမင် B ဓာတ်ပါရှိသည့် အတွက်ကြောင့် နာဗ့်ကြော အဖွဲ့အစည်းများကိုဖြေလျှော့ပေးကာ စိတ်ကိုငြိမ်စေကြောင်း၊ နှစ်ခြိုက်စွာအိပ်ပျော်စေကြောင်း၊ သဘာဝ စိတ်အင်အားကိုမြှင့်တင်နိုင်သော သတ္တုဓာတ်အစွမ်းကြောင့် စိတ်ကိုသက်သာ ကောင်းမွန်လာစေပြီး ပျော်ရွှင်လာအောင် လုပ်ပေးကြောင်း၊ Sucros,fructose နှင့် glucoseဟူသော သကြားဓာတ်သုံးမျိုးတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် ငှက်ပျောသီးကို မျောက်သတ္တဝါများ စားလေ့ရှိသောကြောင့် အမြဲတမ်း ပေါ့ပါးတက်ကြွကြောင်း စသည်ဖြင့် ဆေးပညာမှတ်တမ်းများတွင် ဖော်ပြထားသည်။
အင်္ဂလန်နိုင်ငံရှိ Twickenham (Middlesex) school တွင် စာသင်နှစ် တစ်နှစ်ပတ်လုံး ကျောင်းသား၊ ကျောင်းသူ ၂ဝဝ ဦးကို နံနက်နှင့် နေ့လယ်စာ အာဟာရအဖြစ် ပိုတက်ဆီယမ်ကြွယ်ဝသော ငှက်ပျောသီးကို ကျွေးမွေးစားသုံးစေခဲ့ရာ အာရုံကြော အဖွဲ့အစည်းနှင့် သက်ဆိုင်သောဆဲလ်များကို ကောင်းစွာတည်ဆောက်စေ၍ အောက်ဆီဂျင်ကို ဦးနှောက်သို့ ပို့ပေးခြင်းကြောင့် ဉာဏ်ပွင့်လန်းကာ မှတ်ဉာဏ်စွမ်းအား တိုးတက်မြင့်မား လာသဖြင့် အောင်ချက်ရာခိုင်နှုန်း သိသိသာသာ ကောင်းခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ ငှက်ပျောသီးနှင့် သစ်တော်သီးတို့ကို တွဲစားပေးခြင်းဖြင့် သွေးအတွင်း သကြားပါဝင်နှုန်းကို ပုံမှန်လည်ပတ်စေနိုင်သည်။
ငှက်ပျောသီးဖျော်ရည်ကို နာနတ်သီး၊နွားနို့တို့ဖြင့် တွဲသောက်ပါက ဝမ်းချုပ်ခြင်းကို တားဆီးပေးသည့်အပြင် ဗီတာမင်နှင့်အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်သည့်အတွက်အသားအရေ အလှအပကို ကောင်းစွာပံ့ပိုးပေးသည်။
ထမင်းစားပြီးတိုင်း ငှက်ပျောသီးကို အချိုပွဲအဖြစ် စားပေးခြင်းသည် ပျို့အန်ခြင်းကို တားဆီးပေးနိုင်သည်။ ထမင်းစားရင်း ငါးအရိုးစူးသောအခါများတွင် ငှက်ပျောသီးကို မဝါးဘဲမျိုချပေးပါက ထိုငှက်ပျောသီးနှင့်အတူ အရိုးပါသွားစေနိုင်သည်။ ဗီတာမင် B6၊ဗီတာမင် B12၊ ထို့ပြင် ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ်တို့ပါဝင်သဖြင့် ဆေးလိပ်သောက်၍ နီကိုတင်းကြောင့် ခန္ဓာကိုယ်တွင်း ဇီဝဆုံးရှုံးမှုများကို ပြန်လည်ဖြည့်တင်းပေးနိုင်သည်။ ငှက်ပျောသီးသည် ဆေးလိပ်သောက်ချင်စိတ်ကို ဖြေလျှော့စေသည့်အတွက်ကြောင့် ဆေးလိပ်ဖြတ်လိုသူများကို အထောက်အကူပြုစေသည်။ ခြင်ကိုက်၍ ယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်းနှင့် ရောင်ရမ်းခြင်းများကို ငှက်ပျောသီး အခွံနှင့် ပွတ်ပေးပါက ယူပစ်သလို သက်သာပျောက်ကင်းစေသည်။
အလတ်စားအရွယ်ရှိသော ငှက်ပျောသီး တစ်လုံးထဲတွင် ပိုတက်ဆီယမ်ဓာတ် အနည်းဆုံး ၄၂ဝ မီလီဂရမ်ပါရှိပြီး ဆားဓာတ်ပါဝင်မှု အလွန်နည်းပါးသောကြောင့် ခန္ဓာကိုယ်ထဲရှိ ဆဲလ်များနှင့်သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေပြီး သွေးဖိအားကိုလည်း ပုံမှန်ဖြစ်စေသဖြင့် သွေးတိုးနှင့်လေဖြတ်ခြင်းတို့ကို ကောင်းစွာကာကွယ်ပေးနိုင်ကြောင်း၊ ငှက်ပျောသီးကို ပုံမှန်စားသုံးခြင်းကြောင့် လေဖြတ်သေဆုံးခြင်းကို ၄ဝ ရာခိုင်နှုန်း လျော့ပါးစေကြောင်း နယူးအင်္ဂလန် ဆေးပညာဂျာနယ်တွင် အကြံပြုထားသည်။
အစာကိုအလွယ်တကူ ချေဖျက်စေနိုင်ပြီးခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားစေသည့်အတွက် ကလေးငယ်များနှင့် အလွန်လိုက်ဖက်သော သစ်သီးဖြစ်သည်။ ငှက်ပျောသီးနှင့် ဓာတ်မတည့်သောကလေးသည်လည်း မရှိသလောက် အလွန်ရှားသည်။ ငှက်ပျောသီးကို ပုံမှန်စားပေးခြင်းဖြင့် ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်တတ်သည့် ဖျားနာခြင်းများကို မဖြစ်ပေါ်စေနိုင်ပါ။ သံဓာတ်မြင့်မားစွာ ပါရှိခြင်းကြောင့်သွေးထဲတွင် ဟေမိုဂလိုဘင် ထုတ်လုပ်ခြင်းကိုနှိုးဆော်ပေးသည့်အတွက် ခန္ဓာကိုယ်အတွက် သံဓာတ်လိုအပ်မှုကို ဖြည့်တင်းပေးပြီး သွေးအားနည်းရောဂါဖြစ်ခြင်းကို ကောင်းစွာကုသပေးနိုင်သည်။ ထို့ပြင် သွေးကို အလျင်အမြန်ခဲစေသော အစွမ်းသတ္တိရှိခြင်းကြောင့် မတော်တဆ ထိခိုက်ဒဏ်ရာပြတ်ရှခြင်းများ အတွက်ငှက်ပျောသီးက သွေးထွက်မလွန်အောင် သွေးထိန်းပေးနိုင်သည်။
သွေးထဲရှိ သကြားပမာဏကို ထိန်းပေးနိုင်သောကြောင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများ ထမင်းစားပြီးတိုင်း ငှက်ပျောသီးကို ပုံမှန်စားပေးခြင်းဖြင့် ကိုယ်အပူချိန်ကို ပုံမှန်ဖြစ်စေခြင်း၊ ခန္ဓာကိုယ်အတွက် လိုအပ်သော ဂလူးကို့စ်ပမာဏကို ပြန်လည်ဖြည့်တင်းပေးခြင်း စသည်ဖြင့် ကောင်းကျိုးများအပြင် နံနက် အိပ်ရာထ မူးဝေအော့အန်ခြင်းများကိုလည်း မဖြစ်လာစေနိုင်ပါ။ အအေးစာဖြစ်သည့် အလျောက် မွေးဖွားလာသော ကလေးငယ်များ အပူကင်းစေရန်အတွက် ထိုင်းနိုင်ငံတွင် ရိုးရာကုထုံးအဖြစ် မိခင်လောင်းများကို ငှက်ပျောသီး ကျွေးလေ့ရှိသည်။
ဗီတာမင်နှင့်သတ္တုဓာတ်တို့ကြွယ်ဝသော ငှက်ပျောသီးကိုစားပေးခြင်းဖြင့် ခွန်အားဗလ တိုးပွားစေသည်ကို ယုံမှားသံသယဖြစ်ဖွယ်မရှိပါ။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးနောက် မောပန်းနွမ်းနယ်ခြင်းအတွက်လည်း ငှက်ပျောသီး က အမြန်ဆုံး အားပြန်ပြည့်စေ၏။ ငှက်ပျောသီးတွင် ပါရှိသောအမျှင်ဓာတ်က ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးသည်။
သံဓာတ်ကြွယ်ဝစွာ ပါရှိခြင်းကြောင့် ဟေမိုဂလိုဘင် စွမ်းဆောင်မှုကို ကောင်းကျိုးပြုပေးသဖြင့် ငှက်ပျောသီး စားပေးခြင်းဖြင့် ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာစေသည်။ progesterone ဟော်မုန်းကိုမြှင့်တင်ပေးနိုင်သော ငှက်ပျောဖူးကို ဒိန်ခဲဖြင့်ကြော်စားခြင်းဖြင့် ရာသီလာစဉ် နာကျင်ခြင်းများနှင့် သွေးအဆင်းလွန်ခြင်းကို မဖြစ်ပေါ်စေနိုင်ပါ။
အရက်နာကျခြင်းအတွက် ငှက်ပျောသီး နှစ်လုံးကို ဒိန်ချဉ်၊ ပျားရည်အနည်းငယ်တို့ဖြင့် ရောဖျော်သောက်ပေးခြင်းဖြင့် အစာအိမ် နာခြင်းနှင့်မူးဝေခြင်းတို့ မရှိစေတော့ဘဲ ခန္ဓာကိုယ်အတွက် ဗီတာမင်များကို ပြန်လည် ဖြည့်တင်းပေးနိုင်သည်။
အစာချေဖျက်လွယ်သော pectin ဓာတ်ပါရှိခြင်းကြောင့် အစာအိမ်အတွင်းနံရံနှင့် အူများကို ကျန်းမာစေကာ အက်စစ်အချဉ်ပေါက်ခြင်းလည်း မဖြစ်စေပါ။ ထို့ပြင် ငှက်ပျောသီးထဲရှိ ဓာတ်ပေါင်းစုများသည် probiotic ဗက်တီးရီးယားတို့ကို အာဟာရပြုပေးသည့် အတွက် အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေသည်။ နေအိမ်တွင် နှင်းဆီပန်းပင် စိုက်ပျိုးပါက အပင်သန်စွမ်း၍ အပွင့်ကြီးကြီး ပွင့်စေနိုင်ရန်အတွက် အပင်၏အောက်ခြေအမြစ်တွင် ငှက်ပျောခွံမြှုပ်နှံကာ မြေသြဇာအဖြစ် ကောင်းစွာအသုံးချနိုင်သည်။ အပူလောင်ပါက ငှက်ပျောသီးအနှစ်ကို အုံပေးပြီးအပေါ်မှ အဝတ်ပါးပါး အုပ်ထားခြင်းဖြင့် အပူလောင်ခြင်းနှင့် ရောင်ကိုင်းခြင်းတို့ သက်သာစေသည်။
ငှက်ပျောသီးသည် အအေးစာဖြစ်သည့်အတွက် ကိုယ်တွင်းအပူဓာတ် များသူတွေ စားသုံးပေးသင့်သည်။ ကြွက်တက်ခြင်းနှင့်ကြွက်သားများ တောင့်တင်းခြင်းအတွက် ငှက်ပျောသီးက ပြေလျော့ပေးနိုင်သည်။ ဝမ်းကိုက်ရောဂါအတွက် ငှက်ပျောသီး မှည့်မှည့်ကို ဆားအနည်းငယ်ဖြင့် သမအောင်ချေ၍ စားသုံးပေးသင့်သည်။
ငှက်ပျောသီးထဲတွင် ပရိုတင်းနှင့်ဆားပါဝင်မှု အလွန်အနည်းငယ်သာပါပြီး ကစီဓာတ် အမြောက်အမြား ပါဝင်သောကြောင့် ကျောက်ကပ်ပျက်စီးခြင်းမှ ကာကွယ်ပေးသည်။
ကျောက်ကပ်ကိုကျန်းမာစေပြီး ကင်ဆာဖြစ်နိုင်မှု အလားအလာ အလွန်နည်းပါး၏။ ငှက်ပျောပင်အူတိုင်ကို ကျောက်ဖရုံသီးဖြင့် ဖျော်ရည်လုပ်သောက်ပါက ကျောက်ကပ်၊ ဆီးအိမ်နှင့်အမျိုးသားများ သုက်ရည်ဂလင်းတို့တွင် ကျောက်တည်ခြင်းမှ ကာကွယ်ပေးသည်။
ငှက်ပျောသီးထဲတွင် ပိုတက်ဆီယမ်နှင့် ဆိုဒီယမ်တို့ ဟန်ချက်ညီညီ အချိုးကျနစွာ ပေါင်းစပ်ဖွဲ့စည်းထားသောကြောင့် နှလုံးကျန်းမာရေးကို များစွာ အထောက်အကူပြုသည်။
ငှက်ပျောသီးထဲတွင် electrolytes အမြောက်အမြား ပါရှိခြင်းကြောင့် ခန္ဓာကိုယ်ထဲတွင် ရေဓာတ်ဆုံးရှုံးခြင်းကို ကြိုတင်ကာကွယ်ထားနိုင်သည်။ ပိုတက်ဆီယမ် ပါရှိသည့်အတွက်အရိုးကို အားကောင်းစေသည်။ အမျိုးသမီးများသည် ငှက်ပျောသီးကို တစ်ပတ်လျှင် လေးကြိမ်မှ ခြောက်ကြိမ်အထိ မှန်မှန်စားပေးပါက ကျောက်ကပ်ကင်ဆာဖြစ်နိုင်မှု အလားအလာ ၅ဝ ရာခိုင်နှုန်း ကျဆင်းစေနိုင်ကြောင်း The Internal Journal of Cancer ခေါ် ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည်။ ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုသော သွေးဖြူဥဂလင်း ထုတ်လုပ်ပေးနိုင်သည်။
ငှက်ပျောသီးကို တစ်လုံးထဲသာ စားသုံးရုံဖြင့် အဆာပြေတင်းတိမ် ရောင့်ရဲနိုင်သောကြောင့် ကိုယ်အလေးချိန် လျှော့ချလိုသူများအတွက် ငှက်ပျောသီးက အားထားလောက်ပါပေသည်။
ငှက်ပျောသီးတွင် သကြားဓာတ်ပါရှိသောကြောင့် အချိုအရသာကို အာသာပြင်းပြစားလိုသော အခါများမှာ ငှက်ပျောသီးကို အစားထိုးစားပေးခြင်းဖြင့် ကျန်းမာရေးအတွက် သင့်လျော်သည်။ အီဂျစ်နှင့်ရောမနိုင်ငံတို့တွင် ရှေးယခင်ကတည်းက ငှက်ပျောသီးကို ရိုးရာအလှအပ ကုထုံးများတွင် အသုံးပြုလာခဲ့ကြသည်။ ငှက်ပျောသီးထဲတွင် အမိုင်နိုအက်စစ် ပါရှိခြင်းကြောင့် အသားအရေနှင့် ဆံကေသာလှပမှုတို့အတွက် များစွာကောင်းကျိုးပြုသည်။ ငှက်ပျောခွံကို ကြွက်နို့ပေါ်တင်ပြီးအပေါ်မှ ပလတ်စတာ သို့မဟုတ် ပတ်တီးဖြင့် စည်းနှောင်ဖုံးပေးပြီး ကြွက်နို့သတ်ပေးနိုင်သည်။ ငှက်ပျောခွံဖြင့် သွားတိုက်ပေးခြင်းဖြင့် ဝါသောသွားများကို သိသိသာသာဖြူစင်လာစေသည်။
Source: Myawady