Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


နေ့စဉ် လူတိုင်းစားပေးသင့်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ

မြန်မာထမင်းဝိုင်းမှာ ပါလေ့ရှိတဲ့ ဟင်းသီးဟင်းရွက် ဖြစ်တဲ့ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းရွက်များ၊ ဥပမာ-ဟင်းနုနယ်၊ ကိုက်လန်၊ ကန်စွန်းရွက်၊ ဒန့်ဒလွန်ရွက်အစရှိတဲ့ အရွက်တွေထဲမှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက် သံဓာတ်ချို့ တဲ့မှုရှိသော သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

 

ဟင်းနုနယ် ထဲမှာပါတဲ့ ဓာတ်တွေက မျက်စိအတွင်းတိမ် ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တယ်။ အသက်ကြီးလာလို့ ဖြစ်ပွား တတ်တဲ့ MAC ULAR DEGENERATION ခေါ်တဲ့ မျက်စိကွယ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ 

 

မုန်ညင်းစိမ်း၊ ဒန့်သလွန်ရွက်တို့၊ ကိုက်လန်ရွက်တို့မှာ ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝစွာပါတဲ့အတွက် အရိုးများ ကြီးထွားသန်မာစေနိုင်ပါတယ်။

 

အဝါရောင်ရှိတဲ့ သင်္ဘောသီး၊ သရက်သီး၊ ကန်စွန်းဥဝါ၊ မုန်လာဥနီ စသည်တို့မှာ မျက်စိ အားကောင်းစေတဲ့ ဘီတာကာရိုတင်း (သို့) ဗီတာမင်အေဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် မျက်စိအားကောင်းစေတယ်။ အသားအရေ စိုပြေလှပစေတယ်။ ဒီဓာတ်ဟာ နေရောင်ခြည်ထဲမှ UV ရောင်ခြည်ကို ကာကွယ်ပေးတဲ့ အတွက် အရေပြားကင်ဆာကို ကာကွယ်ပေးပြန်တယ်။ မုန်လာဥနီဟာ သွေးတွင်း ကိုယ်လက်စထရောကို ကျဆင်းစေတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးပါတယ်။

 

ခရမ်းချဉ်သီး၊ ဖရဲသီး၊ တရုတ်ဆီးသီး၊ သင်္ဘောသီး စတဲ့အသီးတွေထဲမှာ LYCOPENE လိုက်ကိုပင်းလို့ ခေါ်တဲ့ဓာတ်တမျိုး ပါဝင်ပါတယ်။ ဒီဓာတ်ပစ္စည်းဟာ အမျိုးသားတွေရဲ့ ဆီးကျိတ်ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးတယ်။ အဆုတ်ကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးတယ်။

 

မုန်လာအုပ်စုဝင်တွေဖြစ်တဲ့ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီအစိမ်း၊ ဂေါ်ဖီရွက် အစရှိသည်တို့ဟာ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာတို့ကို ကာကွယ်ပေးနိုင်ကြောင်း သက်သေပြချက်တွေ ထွက်လာပြီဖြစ်တယ်။ တချိန်ချိန်မှာ ရင်သားကင်ဆာ ကာကွယ်ဆေးကို ပန်းမုန်လာမှ ထုတ်လုပ်နိုင်အောင် သုတေသီတို့က ကြိုးစားနေကြပါတယ်။

 

ကြက်သွန်များဟာ ဆေးဘက်ဝင်သော ဟင်းသီးဟင်းရွက်များ ဖြစ်ပါတယ်။ ကြက်သွန်ဖြူကို လေ့လာ စမ်းသပ်မှု ပြုခဲ့ရာမှာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ကြောင်း သွေးတွင်း ကိုလက်စထရော အဆီဓာတ်ကျဆင်းစေတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း၊ ပဋိဇီဝ ပိုးသတ်ဆေး အာနိသင်ရှိကြောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းတွင် ဖြစ်ပွားလေ့ရှိတဲ့ ကင်ဆာရောဂါ များကို ကာကွယ်ပေးနိုင်ကြောင်း သိရှိရပြီး ဖြစ်တယ်။ ကြက်သွန်ဖြူကို တနေ့ ၂-တက်လောက် နေ့စဉ်စားပေး သင့်တယ် လို့သိရပါတယ်။ ဒါပေမယ့် ကြက်သွန်ဖြူကို စားတဲ့အခါ မစားမီ လှီးဖြတ်ပြီး ၁၅-မိနစ်ခန့် လေသလပ် ခံထားကာ အစိမ်းစားမှသာလျှင် အာနိသင်ရှိကြောင်း သိရပါတယ်။

 

ကြက်သွန်နီဟာလည်း သူ့ထဲမှာပါတဲ့ အင်တီအောက်ဆီးဒင့်လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများက ကင်ဆာကလာပ်စည်းတွေကို တိုက်ဖျက်ပေးနိုင်တယ်။ ကင်ဆာကလာပ်စည်းတွေကို အားပေးတဲ့ အင်ဇိုင်းတွကိုလည်း တားဆီးပေးတယ်။ သွေးခဲမှုကိုလည်း အားမပေးတဲ့အတွက်ကြောင့် ဦးနှောက်အတွင်းသွေးခဲခြင်းကို ဟန့်တားပေးတယ်။ ဒါကြောင့် ကြက်သွန်နီ စားခြင်းအားဖြင့် လေဖြတ်ခြင်း ကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဘက်တီးရီးယားပိုး အချို့၊ မှိုပါးအချို့နဲ့ ဗိုင်းရပ်စ်ပိုး အချို့ကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ကြက်သွန်နီဟာ အရိုးပျော့ခြင်း၊ အရိုးအားနည်းခြင်း ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ 

 

သစ်သီးဝလံဖြစ်တဲ့ စပျစ်သီးအုပ်စုထဲမှာ စပျစ်သီးအနီနဲ့ အညိုရဲ့ အခွံထဲမှာရှိတဲ့ သစ်သီးတမျိုးဟာ ခန္ဓာကိုယ်အတွက် အကျိုးရှိသော သိပ်သည်းဆများသည့် ကိုလက်စထရော(HDL)ကို မြှင့်တင်စေတဲ့ အတွက် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးပါတယ်။ စပျစ်သီးအနီမှ ထုတ်လုပ်တဲ့ ဝိုင်နီ သောက်သုံးမှု၊ များသောအားဖြင့် ပြင်သစ်နိုင်ငံမှာ နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ပွားမှု နည်းပါးလှကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

 

သံပရာသီး၊ သံပယိုသီး၊ ရှောက်သီး၊ ကမ္ဗလာသီး၊ လိမ္မော်သီး၊ ကျွဲကောသီး၊ ဂရိတ်ဖရု စတဲ့ အသီးများဟာ ဗီတာမင် စီဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ လီမွန်နစ်လို့ခေါ်တဲ့ သံပုရာမျိုးဝင် အသီးများမှ ထုတ်ယူရရှိတဲ့ ဓာတုပစ္စည်း တမျိုးဟာ ကင်ဆာကို ကုသနိုင်ကြောင်း သိရှိထားပါတယ်။ ဒီအသီးတွေမှာ ပါဝင်တဲ့ အမျှင်များကလည်း ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

 

ဘယ်ရီသီး အမျိုးမျိုးဖြစ်တဲ့ စထရော်ဘယ်ရီ၊ ဘလူးဘယ်ရီတို့ဟာ ဆီးလမ်းကြောင်းအတွင်း ဘက်တီးရီးယား အမျိုးမျိုးကို တားဆီးကာကွယ်ပေးတဲ့အတွက် ဆီးအိတ်ရောင်ရမ်းရောဂါကို ကာကွယ် ပေးပါတယ်။

 

ငှက်ပျောသီးနဲ့ ထောပတ်သီးတို့ဟာလည်း လူကြိုက်များသလို ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ ပထမတန်း အသီးတွေ ဖြစ်ပါတယ်။ ငှက်ပျောသီးမှာ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကြွက်သားများကို သန်စွမ်းစေလို့ ညောင်းညာကိုက်ခဲခြင်းမှ အထူးကာကွယ်ပေးပါတယ်။

 

နှလုံးသွေးအားနည်းသူများနှင့် သွေးတိုးရောဂါရှိ သူများ နေ့စဉ် သွေးကျဆေးပုံမှန် သောက်နေသူများ စားပေးသင့်ပါတယ်။ ထောပတ်သီးကတော့ နှလုံးရောဂါ အထူးကုဆရာဝန်ကြီးများ ညွှန်လေ့ရှိတဲ့ အစားအစာထဲမှာ ထိပ်ဆုံးက နေရာယူထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထောပတ်သီးမှာပါတဲ့ အဆီဓာတ်ဟာ သွေးတွင်း ကိုလက်စထရောကို ချပေးတဲ့အပြင် ဗီတာမင်အီးနဲ့ ဗီတာမင်စီ၊ ဗီတာမင်ဘီ အုပ်စုတွေပါ အမယ်စုံအောင် ပါပါတယ်။ ဒါ့ပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အမျှင်ဓာတ်ခေါ် ဖိုင်ဘာပါလို့ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတယ်။ ဝမ်းမချုပ်စေဘူး။

 

ပန်းသီးဟာ ကျန်းမာရေးအတွက် အလွန်သင့်တော်သော အသီးအနှံတစ်မျိုး ဖြစ်ပါတယ်။ တစ်နေ့လျှင် ပန်းသီးတစ်လုံး စားပေးပါက ရောဂါများ မဖြစ်နိုင်ဘူးလို့တောင် စာဆိုရှိပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့အတွက်ကြောင့် အသက်ကြီးလို့ ကလပ်စည်းများ ပျက်စီးသွားမှုကို ပြန်လည်တည်ဆောက်ရာမှာ ကူညီပေးပါတယ်။ ကိုလက်စထရော အဆီဓာတ်ကို ကျစေပါတယ်။ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းများကို တိုက်ထုတ်ပေးပါတယ်။ အခြားသော အစားအစာများမှ ရရှိတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများရဲ့  ၁၀%ကို ပန်းသီးတစ်လုံးစားရုံနဲ့ပဲ ရရှိနိုင်ပါတယ်။

 

ပဲသီး၊ ပဲတောင့်ရှည်၊ ပဲပုပ်၊ ပဲပိစပ်၊ ဘိုစားပဲ၊ ပဲရာဇာ၊ ပုလားပဲ စတဲ့ ပဲအမျိုးမျိုးမှလည်း ဗီတာမင် ဘီအုပ်စု ကြွယ်ဝစွာ ပါဝင်တဲ့အပြင် အသားဓာတ် အမျှင်ဓာတ်ကိုလည်း ရရှိစေနိုင်ပါတယ်။

 

အသီးအရွက်တွေဟာ လူတွေအတွက် အများကြီး အသုံးတည့်တယ်  ဆိုတာ သိလောက်ပြီ ဖြစ်ပါတယ်။ ထို့ကြောင့် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများကို နေ့စဉ်စားသုံးမယ့် အစားအစာထဲမှာ ငါးကြိမ်ခန့်  ပါအောင် စားသင့်ပါတယ်။

 

ဒေါက်တာထွေး (ဆေး-မန်း)

 

Read times Last modified on Monday, 29 October 2018 17:57
Rate this item
(1 Vote)