Food & Health
အချိုမှုန့်၊ ကြက်သားမှုန့်အစားထိုး သက်သတ်လွတ် ကန်စွန်းဥ ဟင်းခတ်မှုန့်
ကျန်းမာရေးနဲ့မညီညွတ်လို့ အချိုမှုန့်ရော ကြက်သားမှုန့်ရော မစားချင်ပါဘူးဆိုတဲ့ အိမ်ရှင်မတွေအတွက် ကျန်းမာရေးနဲ့လဲ ညီညွတ်မယ်။ လုပ်ရတာလဲ လွယ်ကူတဲ့ဟင်းခတ်မှုန့်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်တဲ့ပစ္စည်းတွေကတော့ ကန်စွန်းဥ ၅၀ သား၊ ကြက်သွန်နီ ၂၀ သား၊ ကြက်သွန်ဖြူ ၅ ကျပ်သား၊ ဆား ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား ထမင်းစားဇွန်း ၃ ဇွန်း၊ အုန်းထန်းလျက် ၅ လုံး၊ ငရုတ်ကောင်း ထမင်းစားဇွန်း ၁ ဇွန်း တို့ လိုအပ်ပါမယ်။
ပြုလုပ်နည်းကတော့ ပထမဦးဆုံး ကန်စွန်းဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို ခြစ်နှင့်ပါးပါးခြစ်ပြီး နေပူပူတွင်ခြောက်အောင်လှန်းပါ။
ပြီးနောက် ခြောက်သွားပြီဆိုရင်တော့ မီးအေးအေးလေးနဲ့ မွှေးပြီးကြွပ်ရွနေအောင်လှော်ပါ။
ပြီးလျှင် ကန်စွန်းဥ ကြက်သွန်မွှေးနံ့လေးထွက်လာပြီဆိုရင် ဆား၊ သကြား၊ ငရုတ်ကောင်းထည့် ခဏမွှေပြီး အအေးခံပါ။
ပြီးရင် ကြိတ်စက် (Blander) ထဲကို ထုချေထားတဲ့ ထန်းလျက်ခဲရယ် လှော်ပြီးအအေးခံထားတဲ့ ကန်စွန်းဥ တွေရယ်ထည့်ပြီး ကြိတ်ပါ။
ကြိတ်ပြီးရင်တော့ အအေးခံပြီး လေလုံဗူးထဲ ထည့်သိမ်းလို့ရပါပြီ။
ကဲ အခုဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သက်သတ်လွတ် ကန်စွန်းဥဟင်းခတ်မှုန့် ပြုလုပ်နည်းလေးအတိုင်း ပြုလုပ်စားသုံးနိုင်ပါတယ်။
Credit: mmlivenews
အချိုမှုန့် ကြက်သားမှုန့်အစားထိုး သက်သတ်လွတ် ကန်စွန်းဥဟင်းခတ်မှုန့်