Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ္ဘာ့ကူးစက်ကပ်ရောဂါဖြစ်နိုင်တဲ့ ဝက်တုပ်ကွေးပိုးသစ် တရုတ်မှာတွေ့

ကမ္ဘာ့ကူးစက်ကပ်ရောဂါဖြစ်လာနိုင်တဲ့ တုပ်ကွေးပိုးသစ်တစ်မျိုးကို သိပ္ပံပညာရှင်တွေက တရုတ်နိုင်ငံမှာ ရှာတွေ့ခဲ့ပါတယ်။ 

ဒီပိုးက အခုတလောမှာမှ ထွက်ပေါ်လာတာ ဖြစ်ပြီး ဝက်တွေမှာ ဒီပိုးသယ်ဆောင်ထား ဖြစ်ပါတယ်။ အဲဒီပိုးက လူတွေကိုလည်း ကူးစက်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ အဲဒီပိုးသစ်ဟာ မျိုးဗီဇ ထပ်ပြောင်းလဲသွားနိုင်လို့ လူချင်း လွယ်လွယ်ကူကူ ကူးစက်ရာက တစ်ကမ္ဘာလုံးကူးစက်ရောဂါ ဖြစ်သွားမှာကို သုတေသနသမားတွေက စိုးရိမ်နေကြပါတယ်။

အဲဒါက ချက်ချင်းဖြစ်လာမယ့် ပြဿနာ မဟုတ်ပေမဲ့ လူတွေကို ကူးစက်နိုင်မယ့် လက္ခဏာအပြည့်ရှိလို့ အနီးကပ် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ အဲဒီပိုးက အသစ်ဖြစ်လို့ လူတွေက ဒီပိုးကို ခုခံအား နည်းနည်းပဲရှိတာ ဒါမှမဟုတ် လုံးဝ မခုခံနိုင်တာတွေ ဖြစ်နိုင်ပါတယ်။ ဝက်တွေမှာတွေ့ရတဲ့ ပိုးကို ထိန်းချုပ်ဖို့နဲ့ ဝက်ထုတ်လုပ်ရေးက လုပ်သားတွေကို သေချာစောင့်ကြည့်တာတွေ မြန်မြန်ဆန်ဆန်လုပ်ဖို့ Proceedings of the National Academy of Sciences ဂျာနယ်မှာ သိပ္ပံပညာရှင်တွေက ရေးထားပါတယ်။

ကမ္ဘာ့ကူးစက်ရောဂါ ခြိမ်းခြောက်မှု

လက်ရှိ ကိုရိုနာ ကူးစက်ရောဂါကို တိုက်ဖျက်နေတုန်းမှာပဲ အခု အသစ်တွေ့ရတဲ့ တုပ်ကွေးပိုးသစ်ဟာ ပညာရှင်တွေ ထိပ်ဆုံးက စောင့်ကြည့်ရတဲ့ ရောဂါခြိမ်းခြောက်မှုတွေထဲက တစ်ခု ဖြစ်လာပါတယ်။ အခုကူးစက်မှုမတိုင်ခင် ကမ္ဘာမှာ နောက်ဆုံးကြုံခဲ့ရတဲ့ ကပ်အသွင် တုပ်ကွေးကူးစက်မှုက ၂၀၀၉ ခုနှစ်က ဝက်တုပ်ကွေး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ထင်ထားထက် လူသေဆုံးမှု နည်းခဲ့ပါတယ်။

အဲဒီလို သေဆုံးမှု နည်းတာက ဒီပိုးကို အသက်ကြီးရင့်သူတွေက ခံနိုင်ရည်ရှိကြတာက အဓိက ဖြစ်တဲ့အပြင် အဲဒီပိုးက အရင်နှစ်တွေက ဖြစ်ခဲ့ဖူးတဲ့ တခြားတုပ်ကွေးပိုးတွေနဲ့ ဆင်တူတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဝက်တုပ်ကွေး A/H1N1pdm09 လို့ ခေါ်တဲ့ ဗိုင်းရပ်စ်ကို အခုအခါမှာ နှစ်စဥ် ကာကွယ်ဆေးနဲ့ လူတွေကို ကာကွယ်ထားပါတယ်။

အခု တရုတ်မှာ အသစ်တွေ့ရတဲ့ တုပ်ကွေးပိုးဟာ ၂၀၀၉ ဝက်တုပ်ကွေးနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ သူ့မှာ အပြောင်းအလဲ အသစ်တချို့တော့ ရှိပါတယ်။ အခုထိတော့ ဒီပိုးသစ်က ခြိမ်းခြောက်မှု ကြီးကြီးမားမား မရှိသေးပေမဲ့ စောင့်ကြည့်ရမယ့် ပိုးဖြစ်တယ်လို့ အဲဒီပိုးကို လေ့လာနေတဲ့ ပါမောက္ခ ကင်ချောင်ချန်နဲ့ အဖွဲ့က ပြောပါတယ်။

BBC Burmese

Read times Last modified on Wednesday, 01 July 2020 08:13
Rate this item
(0 votes)