Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကင်ဆာရောဂါကို ကာကွယ်နိုင်မည့် ဟင်းချက်နည်း ၇ နည်း

လူတိုင်းလူတိုင်း စားတဲ့အစားအစာတွေဟာ ကျန်းမာရေးအပေါ်မှာ လွှမ်းမိုးမှု ရှိပါတယ်။

 

ကင်ဆာလိုမျိုး ဆိုးရွားတဲ့ ရောဂါဖြစ်နိုင်ခြေတွေတောင် အစားအစာကြောင့် လျှော့ချနိုင်ပါတယ်။

 

ဘာကို စားရမလဲဆိုတဲ့ တစ်မျိုးတည်း အရေးကြီးတာ မဟုတ်ပါဘူး။

 

အစားအစာတွေကို ချက်ပြုတ်နည်းကလည်း ကျန်းမာရေးအတွက် အရေးကြီးပါတယ်။

 

အကောင်းဆုံးချက်ပြုတ်နည်းများ

 

၁။ ခရမ်းချဉ်သီး ချက်စားပါ။

 

ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း လိုင်ကိုပင်းတွေဟာ ကင်ဆာအမျိုးအစား မျိုးစုံဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

 

ခရမ်းချဉ်သီးကို မိနစ် အနည်းငယ်ကြာ ချက်ပြီးမှသာ စားသင့်ပါတယ်။ ခရမ်းချဉ်သီးကို ချက်ရာမှာ သံလွင်ဆီ အနည်းငယ်ထည့်ရင် ခန္ဓာကိုယ်ရဲ့ လိုင်ကိုပင်းစုပ်ယူမှုအား ပိုမိုကောင်းမွန်လာနိုင်ပါတယ်။


၂။ အစိမ်းရောင် ပန်းဂေါ်ဖီကို ရေနွေးဖြင့် ပေါင်းစားပါ။

 

အစိမ်းရောင်ပန်းဂေါ်ဖီလိုမျိုးဟာ Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်တွေမှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။

 

အထူးသဖြင့် အစိမ်းရောင် ပန်းဂေါ်ဖီမှာ များစွာပါဝင်တဲ့ ဆာဖိုရက်ဖိန်း ဒြပ်ပေါင်းတွေဟာ ကင်ဆာကို တွန်းလှန်နိုင်ပါတယ်။

 

ဒီအသီးအရွက်တွေကို ရေနွေးငွေ့နဲ့ ငါးမိနစ်ခန့် ပေါင်းစားတာဟာ မိုင်ရိုဆီးနစ် အင်ဇိုင်းကို မပျက်ပြယ်စေတဲ့ အကောင်းဆုံးသော နည်းလမ်းပါ။

 

ဘရိုကိုလီအညွန့်တွေမှာ မိုင်ရိုဆီးနစ်အင်ဇိုင်း အမြောက်အမြားပါဝင်တဲ့အတွက် ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဆာဖိုရက်ဖိန်းထုတ်လုပ်မှုလည်း ပိုမိုများပြားတတ်ပါတယ်။

 


၃။ ကြက်သွန်ဖြူ ကို  ကြိတ်ပြီးမှ ချက်ပါ။

 

ကြက်သွန်ဖြူကို ဟင်းမချက်ခင်မှာ ကြိတ်တာ ဒါမှမဟုတ် ထောင်းတာတွေ လုပ်ပြီး ၁၀-၁၅ မိနစ်ခန့် စောင့်ပါ။

 

ကြက်သွန်ဖြူမှ ထွက်ရှိလာနိုင်တဲ့ အယ်လီစင်ဟာ ရောဂါမျိုးစုံကို တွန်းလှန်နိုင်ပါတယ်။

 

ကြက်သွန်ဖြူဥအတိုင်း စားမယ်ဆိုရင် အယ်လီယန်နဲ့ အယ်လီယန်းနေ့စ်တို့ဟာ တကွဲတပြားစီ ရှိနေတတ်ပြီး ညက်ညက်ထောင်းတာ ဒါမှမဟုတ် ကြိတ်လိုက်တဲ့အခါမှာ အဲဒီဒြပ်ပေါင်းနှစ်ခု အတူပေါင်းစပ်သွားပြီး အယ်လီစင်ဒြပ်ပေါင်းထွက်ရှိလာနိုင်ပါတယ်။

 

ကြိတ်ပြီး ခဏစောင့်ခိုင်းရတာဟာ အပူရှိန်ကြောင့် အယ်လီယန်းနေ့စ်အင်ဇိုင်းတွေ ပျက်စီးသွားနိုင်တာကြောင့်ပါ။

 


၎။ အာလူးကို ဟင်းမချက်ခင် ၁၅ မိနစ်ခန့်ရေစိမ်ထားပါ။

 

ဟင်းမချက်ခင် အာလူးကို ၁၀-၁၅ မိနစ်ခန့် ရေစိမ်ထားပါက အခရိုင်လစ်မိုက် ထွက်ရှိတဲ့ပမာဏ လျော့နည်းသွားနိုင်ပါတယ်။

 

အခွံပါတဲ့ အာလူးကို ရေနဲ့ ချက်ပြုတ်ရင် အခရိုင်လစ်မိုက် မထွက်ရှိလာနိုင်ဘူးလို့ ဆိုပါတယ်။

 

အာလူးကြော်မှ စားချင်နေသူတွေအတွက် အာလူးကြော်ရင် ရွှေရောင်ပြောင်းတဲ့အထိသာ ကြော်ရပါ့မယ်။ အညိုရောင်ပြောင်းသွားရင် အခရိုင်လစ်မိုက်တွေ ပိုမိုပါဝင်နိုင်ပါတယ်။

 


၅။ ပေါင်မုန့်ကို မီးငွေ့ငွေ့နဲ့သာ ကင်ပါ။

 

ပေါင်မုန့်ကို အပူချိန်ပြင်းစွာနဲ့ မီးကင်ရင် အခရိုင်လစ်မိုက်တွေ ထွက်ရှိလာနိုင်ပါတယ်။ ပေါင်မုန့်ကင်စားရာမှာ အညိုနုရောင်ပြောင်းတဲ့အထိပဲ ကင်ရပါ့မယ်။

 

အညိုရင့်ရောင်ဖြစ်သွားရင် မစားသင့်ပါဘူး။

 

Read More >>>>>  ယိုးဒယားစတိုင်လ် သရက်သီးစိမ်းနဲ့ ပုစွန်အစိမ်းသုပ်

 


၆။ အသားဟင်းများကို မီးငွေ့ငွေ့ဖြင့် ချက်စားပါ။

 

အသားတွေကို အပူရှိန်မြင့်မားစွာနဲ့ ချက်ပြုတ်ရင် DNA ပျက်စီးနိုင်တဲ့ ဒြပ်ပေါင်းတွေ ထွက်လာပြီး ကင်ဆာဖြစ်နိုင်ခြေ များပါတယ်။

 

အသားတွေကို မီးသွေးနဲ့ မီးကင်ပြီး မစားသင့်ပါဘူး။ အကယ်၍ မီးကင်စားမယ်ဆိုရင် မီးမကင်ခင် အသားတွေကို Rosemary လိုမျိုး ဆေးဖက်ဝင် အရွက်တွေ၊ မဆလာတွေနဲ့ အရင်နှပ်ပြီးမှ ကင်ပါ။

 

Rosemary မှာပါဝင်တဲ့ Carnosol ဟာ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းထွက်ရှိနှုန်း နည်းသွားနိုင်တာကြောင့်ပါ။ အသားတွေကို ဟိုဘက်ဒီဘက် မကြာခဏ လှည့်ပေးပါ။ တူးခြစ်တဲ့နေရာတွေကို ဖယ်ရှားသင့်ပါတယ်။

 


၇။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ များကို အခွံပါ စားပါ၊ ရေနွေးငွေ့ဖြင့် ပေါင်းစားပါ။

 

သစ်သီးအခွံတွေမှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ အပင်ဒြပ်ပေါင်းတွေ များစွာ ပါဝင်ပါတယ်။ ဥပမာအားဖြင့် အခွံပါတဲ့ ပန်းသီးဟာ အခွံခွာထားတဲ့ ပန်းသီးထက် ကင်ဆာကို တွန်းလှန်နိုင်တဲ့ဒြပ်ပေါင်း ကွာစီတင် ၇၅ ရာခိုင်နှုန်း ပိုမိုပါဝင်ပါတယ်။

 

ဟင်းသီးဟင်းရွက်တွေကို အချိန်ကြာကြာ ချက်ပြုတ်ရင် ဗီတာမင်စီ၊ ဖောလိတ်အက်စစ်လိုမျိုး ရေမှာပျော်ဝင်တဲ့ ဗီတာမင်စီနဲ့ တချို့အပင်ဒြပ်ပေါင်းတွေ ပျက်စီးနိုင်ပါတယ်။

 

ဟင်းရွက်တွေ ချက်ပြုတ်ရာမှာ သံလွင်ဆီလိုမျိုး ကျန်းမာရေးကောင်းစေတဲ့အဆီအနည်းငယ် ထည့်ချက်ရပါ့မယ်။ ဒီအဆီက ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင် အေအီးနဲ့ ကေ လိုမျိုး အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေကို စုပ်ယူမှု ကောင်းစေနိုင်တာကြောင့်ပါ။


Source: good health journal

Read times Last modified on Friday, 21 June 2019 10:41
Rate this item
(1 Vote)