Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အာလူး၏ အကျိုးကျေးဇူးများ

အာလူးတွင် Phytonutrients  ဟုခေါ်သည့် အော်ဂဲနစ်ကွန်ပေါင်းများဖြင့် ပြည့်သိပ်နေသည်။ အဆိုပါ အော်ဂဲနစ်ကွန်ပေါင်းများမှာ Carotenoids, Flavonoids, Caffeic Acids များဖြစ်ပြီး ကျန်းမာရေးအား အထောက်အကူပြုသည်ဟုသိရသည်။

 

အာလူးတွင်ပါဝင်သည့် ဗီတာမင်စီသည် ဓာတ်တိုးဆန့်ကျင် ပစ္စည်း အဖြစ် ဆောင်ရွက်ပေးသည်။ ၎င်းဓာတ်တိုး ဆန့်ကျင်ပစ္စည်းသည် အချို့သောဆဲလ်များ ပျက်စီးခြင်းကို နှောင့်နှေးခြင်း၊ ကာကွယ်ခြင်းများ ပြုလုပ်ပေးသည်။ ၎င်းတို့သည် အစာခြေခြင်း၊ နှလုံးကျန်းမာရေးနှင့် သွေးဖိအားတို့အပြင် ကင်ဆာရောဂါတို့ကိုပင် ကာကွယ်နိုင်စွမ်းရှိသည်ဟု သိရသည်။

 

ခရမ်းရောင်အာလူးတွင် Phytonutrient နှင့်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ကြသည်။ ခရမ်းရောင် အာလူးခြောက်လုံးမှရှစ်လုံး တစ်နေ့နှစ်ကြိမ် စားသုံးခြင်းသည် သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကဲ့သို့သော ရောဂါခံစားနေရသည့် အဝလွန်သူများကို ရောဂါသက်သာစေရန် ကူညီပေး လျက်ရှိကြောင်း Journal of Agriculture and Food Chemistry မှ ၂ဝ၁၂ ခုနှစ်တွင်ပြုလုပ်သည့် သုတေသန၌ သိရှိရသည်။

 

အာလူးသည် သွေးပေါင်ချိန်ကို လျော့ကျစေသည်။ အဘယ်ကြောင့်ဆိုသော် အာလူးသည် သွေးထဲရှိ ကိုလက်စထရောနှင့် ပေါင်းပြီး ခန္ဓာကိုယ်မှစွန့်ထုတ် လိုက်သည့်အတွက် ဖြစ်သည်ဟု အာဟာရပညာရှင် Victoria Jarzabkowski က ဆိုထားသည်။ အာလူးသည် ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်သည်။ အာလူး တွင်ပါဝင်သည့် ပိုတက်ဆီယမ်သည် ငှက်ပျောသီးတွင်ပါဝင်သည့် ပိုတက်ဆီယမ်ထက် ပိုမိုပါဝင်သည်ဟု သိရှိရသည်။ ၎င်းပိုတက်ဆီယမ်သည် သွေးကြောကို ကျယ်စေပြီး သွေးပေါင်ချိန်ကို လျော့ကျစေသည်။

 

Read More >>>>>   ဘာတွေစားရမလဲ၊ ဘာတွေရှောင်ရမလဲ

 

အာလူးတွင်ပါဝင်သည့် Vitamin B 6 သည် အာရုံကြောကျန်းမာရေးကို အဓိက ထိန်းညှိပေးသည်။ ထို့ကြောင့် အာလူးစားသုံးခြင်းဖြင့် စိတ်ကျရောဂါ၊ စိတ်ပင်ပန်းနွမ်းနယ်ခြင်းစသည့် ရောဂါများ သက်သာစေ သည်။ အာလူးတွင်ပါဝင်သော ကာဗိုဟိုက်ဒြိတ်သည် သွေးတွင်းသကြားဓာတ်နှင့် ဦးနှောက်လုပ်ငန်း ဆောင်တာများကို ထိန်းညှိပေးသည်။ သကြားဓာတ် အတော်သင့်ပမာဏ တိုးတက်ခြင်းသည် သင်ကြားမှု စွမ်းရည်နှင့် မှတ်ဥာဏ်စွမ်းရည်တို့ကို တိုးတက်ကောင်းမွန်စေသည်။ အာလူးအလတ်တစ်လုံးတွင် ဗီတာမင်စီ ၄၅ ရာခိုင်နှုန်းပါဝင်သည့်အတွက်ကြောင့် သာမန်ဖျားနာခြင်းမှ အစပြု၍ ဗီတာမင်စီ ချို့တဲ့ရောဂါကဲ့ သို့သော ရောဂါများအထိ ကာကွယ်နိုင်စွမ်းရှိသည်။ အာလူးတွင် အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သည့်အတွက် အလွယ် တကူအစာချေဖျက်နိုင်အောင် ကူညီပေးသည်။

 

ထို့ပြင် နှလုံးရောဂါကို တားဆီးကုသပေးသော ဓာတ်များတွင် Caffeicchlorogenic acid and Anthocyanins ဓာတ်သတ္တုများ အာလူးတွင်ပါရှိသည့်အတွက် ကင်ဆာရောဂါ ဖြစ်ပွားစေသည့် ဓာတ်တိုး ပစ္စည်းများ ကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် တိုက်ဖျက်နိုင်စွမ်းရှိသည်။ ပိုတက်စီယမ်ဓာတ်ပါဝင်မှုကြောင့် အာလူးသည် နှလုံးရောဂါ၊ သွေးကြောနှင့် ပတ်သက်သည့် ရောဂါများကို တားဆီးနိုင်သည့် အစွမ်းရှိသည့် အပြင် ကျောက်ကပ်တွင် ကျောက်တည်ခြင်းတို့ကိုလည်း ကာကွယ်ပေးသည်။ အာလူးတွင်ပါဝင်သည့် ဗီတာမင်စီ၊ B6၊  ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဇင့်နှင့် ဖောစဖောရပ်တို့သည် အရေပြားကိုနူးညံ့ ချောမွတ်စေ သည့်အတွက် အရေပြားကျန်းမာရေးအတွက်လည်း သင့်လျော်သည့် အစားအစာဖြစ်သည်။

 

ထို့ပြင် အာလူးစားသုံးသူများသည် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးသည်ဟု Journal of Nutrition Biochemistry တွင် ၂ဝ၁၇ ခုနှစ်၌ သုတေသနပြုတွေ့ရှိထားကြောင်း ဖော်ပြထားသည်။

 

အာလူး မစားသုံးသင့်သည့် အခြေအနေများ

အာလူး၏ ပင်စည်၊ အကိုင်းအခက်နှင့် အသီးများသည် အဆိပ်အတောက်ဖြစ်စေသည်။ ၎င်းတို့တွင် Alkaloids (eg. Arsenic, Chaconine, Solanine) စသည်တို့ပါဝင်သည်။ Solanine သည် အလွန်ပြင်းထန် သည့် အဆိပ်ဖြစ်ကြောင်း National Institutes of Health ကဆိုထားသည်။ အတွင်းသား အစိမ်းရောင်ရှိသော အာလူးများတွင်လည်း အဆိပ်အတောက်တွေ့ရှိသည်ဟု National Institutes of Health ကဆိုထားသည်။

 

မှန်ကန်သော အာလူးချက်ပြုတ်နည်း

အာလူးသည် ဗီတာမင်စီကြွယ်ဝသောကြောင့် လတ်လတ်ဆတ်ဆတ် စားသုံးသင့်သည်။ သို့သော် ကာလ ကြာရှည် သိုလှောင်ပြီးမှချက်ပြုတ်လျှင် အာဟာရဓာတ် လျော့နည်းတတ်သည်။ မပြုတ်မီ အခွံမနွှာပါနှင့်၊ ဗီတာမင်စီ၊ ဘီ၊ သံဓာတ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်ဓာတ်တို့ကို အာလူးအခွံက ထိန်းသိမ်း ပေးထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ရေဆေးပြီးအခွံနှင့်တကွ ပြုတ် သို့မဟုတ် ပေါင်းပါ။ ပြုတ်ခြင်း ထက် ပေါင်းစားသုံးခြင်းကပိုမိုကောင်းမွန်သည်။ ပြုတ်လျှင် ဗီတာမင်များ ရေထဲသို့ပါသွားနိုင်သည်။

 

ကျန်းမာရေး အကျိုးဆက်

သြစတြေးလျလူမျိုး Andrew Flinders Taylor က တစ်နှစ်ပတ်လုံးဘာမှမစားသုံးဘဲ အာလူးသာစားသုံးလျှင် တစ်နှစ်လျှင်ပေါင် ၁၁ဝ ဝန်းကျင် လျော့ကျစေနိုင်သည်ဟု ပြောကြားသောကြောင့် ၂ဝ၁၇ ခုနှစ်ထုတ် Australian Popular Science Journal ၏ ဂျာနယ်ခေါင်းကြီးပိုင်းတွင် ဖော်ပြခံခဲ့ရသည်။ သို့သော် အာဟာရ ပညာရှင်များက အာလူးတစ်မျိုးတည်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သည့် Essential Amino Acids အမျိုး၂ဝနှင့် ဗီတာမင်နှင့် သတ္တုဓာတ် အမျိုး ၃ဝ မရနိုင်ဟုဆိုထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့ကျန်းမာရေး အတွက် အထောက်အကူပြုမည့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို နေ့စဉ်စားသုံးရမည့်အပြင် အာလူး ကိုမဖြစ်မနေ ထည့်သွင်းစားသုံးသင့်ကြောင်း ဆွေးနွေးတင်ပြအပ်ပါသည်။


ဒေါက်တာ မျိုးသိန်း

Read times Last modified on Monday, 15 July 2019 13:19
Rate this item
(1 Vote)