Food & Health
တညင်းသီးကို ဘယ်လိုပုံစံနဲ့စားမလဲ
မြန်မာလူမျိုးတို့အကြိုက် ရိုးရာအစားအစာဖြစ်သော တညင်းသီးစားခြင်းမှာ အနောက်တိုင်း ဆေးပညာရှင်
ဆရာဝန်ကြီးများ လုံးဝလက်မခံသော အစားအစာဖြစ်ပြီး ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းပိတ်ပြီး အသက်အန္တရာယ် ပြုနိုင်သော အစားအစာဖြစ်ပါတယ်။
များများစားမိ၍ ဆီးလမ်းကြောင်း ပိတ်သွားသဖြင့် ခွဲစိတ်ခန်းဝင်ပြီး သံပိုက်ဖြင့် ဆီးချူရသူပင် ရှိသည်ဟု သိရပါတယ်။ မြန်မာလူမျိုးတို့သည် တညင်းသီးကို အဘယ်ကြောင့် ကြိုက်ကြသလဲဆိုသော် နှုတ်မြိန်သော အစားအစာဖြစ်၍ ဟုဆိုနိုင်ပါတယ်။
တညင်းသီး၏ ထူးခြားသော အစွမ်းသတ္တိမှာ ခံတွင်းပျက်ပြီး စားချင်သောက်ချင်စိတ် မရှိသူတို့ စေးထန်းသော၊ ဖန်ပြီးစပ်သော အရသာတို့ဖြင့် လျှာပေါ်ရှိ အရသာဖုများကို နိုးကြားစေပြီး စားချင်သောက်ချင်စိတ် ဖြစ်လာသောကြောင့် ဖြစ်ပါတယ်။
တညင်းသီးစားပုံ အမျိုးမျိုးရှိသည်။ ပြုတ်၍သော် လည်းကောင်း၊ မီးဖုတ်၍သော်လည်းကောင်း၊ ဆားရည်စိမ်၍ သော်လည်းကောင်း၊ အဖန်ဓာတ်နှင့် အစေးဓာတ်ကုန်အောင် ပြုပြင်စားသုံးကြပါတယ်။
ရှေးယခင်က မန္တလေး ဈေးချိုတော် အလယ်ပေါက်တွင် ရောင်းသော တညင်းသီး အုန်းနို့ဆမ်းသည် နာမည်ကြီးသော ဈေးချိုသရေစာ ဖြစ်ခဲ့ဖူးသည်။ ယခုထိလည်း ကျော်ကြားဆဲ၊ ရောင်းကောင်းဆဲဖြစ်သည်။ တညင်းသီးဈေးကွက်တွင် မိုးမှန်သည့် ဇူလိုင်လဆန်းမှစပြီး သံတောင်တညင်းသီး၊ ရေး၊ ထားဝယ်ဒေသထွက် တညင်းသီးနှင့် မြန်မာပြည်အထက်ပိုင်း မြစ်ကြီးနားမှလည်း တညင်းသီးများထွက်ပါတယ်။
သင်္ကြန်မိုးရွာလျှင် တညင်းသီးပို၍ အထွက်ကောင်းသည်ဟု ဆိုပြီး သံတောင် တညင်းသီးသည် အရောင်ပိုလှသဖြင့် လူကြိုက်များလှပါတယ်။ ကရင်ပြည်နယ် မြောက်ပိုင်း သံတောင်၊ လိပ်သို၊ ယာဒို၊ ပိန်းသီလာ ဒေသများတွင် တညင်းပင်ကို ရော်ဘာကဲ့သို့ နှစ်ရှည်ပင်များနှင့်ရောပြီး စိုက်ပျိုးလေ့ရှိကြပါတယ်။
အပင်သက် ရှစ်နှစ်ခန့် အကြာမှ အသီးစတင် ခူးယူနိုင်ပြီး ၁ဝ နှစ်၊ ၁၅ နှစ်သားတွင် တညင်းသီး အထွက်အကောင်းဆုံး ဖြစ်ပါတယ်။ တောင်ငူမြို့နှင့် ရန်ကုန်ညောင်လေးပင် ဈေးတို့တွင် ရှေးကပင် တညင်းသီးပွဲရုံများ ရှိပါတယ်။ သံတောင်ဒေသထွက် တညင်းသီးကို တောင်ငူဈေးကွက်မှ တစ်ဆင့် ပဲခူး၊ ရန်ကုန်၊ မန္တလေး မြို့ကြီးများသို့ တင်ပို့ပြီး ယခုအခါ နေပြည်တော် အာဟာရသုခဈေးတွင် တညင်းသီး ဈေးကွက်များ ပေါ်ထွက်လာပြီဟု သိရပါတယ်။
တညင်းသီး ရောင်းရာတွင် အချိန်အတွယ်အဖြစ် ခြောက်ပြည်ဝင် သံပုံးနှင့် တစ်ပုံးလျှင် ငွေကျပ် ၈ဝဝဝ မှ ဈေးကောင်းလျှင် ၁၄ဝဝဝ အထိရရှိသည်ဟု သိရပါတယ်။ တညင်းသီး တစ်ရာသီတွင် ခြောက်ပြည်ဝင်သံပုံး တစ်သိန်းကျော်အထိ ရောင်းချရကြောင်း ပွဲရုံ လုပ်ငန်းရှင်တစ်ဦးမှ ပြောပြသဖြင့် တညင်းသီး စားသုံးမှုမှာ မြန်မာလူမျိုးများတွင် အလွန်များပြားကြောင်း သိနိုင်ပါတယ်။ တညင်းသီး ကြိုက်သူများအတွက် တင်ပြလိုသည်မှာ မြန်မာ့ရိုးရာဆေးပညာ ရှုထောင့်အရ စေးထန်းပျစ်ချွဲသော အာပေါအာဗန္ဓရ အစာဖြစ်ပါတယ်။ အာကာသကို ပျက်စေသဖြင့် အပေါက်အခေါင်းများကို ပိတ်စေနိုင်သော အစာဖြစ်ပါတယ်။ ထိုအစာကိုစားလျှင် အာကာသ ပွင့်စေသော အစာနှင့် တွဲဖက်စားသင့်ပါတယ်။ တညင်းသီးပြုတ်ကို တို့စရာအဖြစ် စားလျှင် အဖြေဓာတ်အဖြစ် ရှောက်ရွက်အနည်းငယ်ကို တို့စားပေးပါ။ ပိတ်သော အာကာသဓာတ်ကို ပြန်ပွင့်အောင် ကူညီပေးနိုင်ပါတယ်။
တညင်းသီးပြုတ်လျှင် သကြား အနည်းငယ်နှင့် ရှောက်ရည်ညှစ်ထည့်ပြီး ပြုတ်ပါ။ နူးလွယ်ပြီး အဖန်ဓာတ်၊ အစေးဓာတ် လျော့နည်းစေသည်။ တညင်းသီးကို ရင့်သည့်အသီးရှောင်၍ နုသောအသီးများကို ထက်ခြမ်းခွဲကာ ဖန်ပုလင်းတွင်ထည့်ပြီး ဆားရည်စိမ်ထားပါ။ အာကာသပိတ်ခြင်း ကျောက်ကပ်တွင် အစေးဓာတ် ပိတ်ဆို့ခြင်းမှ ကာကွယ်နိုင်ပါတယ်။ ထမင်းစားသောအခါ ကြိုက်တတ်၍ တညင်းသီးများများ စားမိလျှင်ဖြစ်စေ၊ တညင်းသီး အုန်းနို့ဆမ်း စားမိလျှင်ဖြစ်စေ စားပြီးပြီးချင်း သံပရာဖျော်ရည်တစ်ခွက် သောက်ပေးပါ။ အဆိပ် မတက်စေနိုင်သော အဖြေဓာတ်ဖြစ်ကြောင်း ဖော်ပြပေးလိုက် ပါတယ်။
Source: Myawaddy