Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်ဆန်ဈေးကွက်အတွင်း လက်ကားဈေး အနည်းငယ်မြင့်တက်

ယခုရက်ပိုင်းအတွင်း ရန်ကုန်ဆန်ဈေးကွက်၌ လက်ကားဈေးနှုန်းများ အနည်းငယ်မြင့်တက် လာကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည်ဒိုင်မှ သိရပါတယ်။

 

လက်ကားဈေးကွက်တွင်  ယခင်ကထက် ဆန်တစ်အိတ်လျှင်  ငွေကျပ် ၅ဝဝ မှ ၁ဝဝဝ ကြားမြင့်တက်နေပြီး ဆန်အရောင်းအဝယ် ပြုလုပ်ရန် ကနဦးခေါ်ဈေးတွင်ပင် မြင့်တက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

 

 

''စပါးလှောင်ထားတဲ့သူတွေက ဈေးကွက်အခြေအနေကို အသုံးချသွားတာပါ။ အဝယ်က သိပ်အများကြီးမရှိပါဘူး။ လက်ကျန်စပါးက ဘယ်လောက်ရှိသလဲဆိုတာ ခန့်မှန်းရခက်တယ်'' ဟု ဆန်ကုန်သည် ဦးအောင်သူကပြောကြားခဲ့ပါတယ်။

 

 

ဆန်ကုန်သည်အများစုသည် ကုန်စည်ဒိုင်က သတ်မှတ်ထားသည့်ဈေးကို နည်းသည်ဟု ယူဆကာ ဈေးပိုမိုရရှိစေရန် ကုန်စည်ဒိုင်၌ ရောင်းဝယ်ခြင်းထက် ပြင်ပဈေးကွက်များရှိ လက်လီဝယ်လက်များနှင့် ချိတ်ဆက်ကာ ခေါ်ဈေး အမြင့်ပိုင်းဖြင့် ရောင်းချနေကြခြင်း ဖြစ်ကြောင်း သိရပါတယ်။

 

 

''ဒီကိုဆန်အဝင်နည်းပါတယ်။   အရင်က တစ်ရက်ကို ဆန်အိတ် ၃ဝဝဝဝ လောက် ဝင်ပေမယ့်  ဒီရက်မှာ ဆန်အိတ်  ၁၅ဝဝဝ လောက်ပဲဝင်တယ်။ ကုန်သည်တွေက ဒီကို မပို့ဘဲ အချင်းချင်း ချိတ်ဆက်ရောင်းနေကြတယ်လို့ ယူဆပါတယ်'' ဟု ဘုရင့်နောင်ဆန်စပါး ကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားခဲ့ပါတယ်။

 

 

ယခုရက်ပိုင်းတွင် လက်လီအရောင်းဆိုင်များမှ ဝယ်ယူသူများ၊ နယ်စပ်လမ်းကြောင်းများမှ တင်ပို့သူများ၊ ရေဘေးကယ်ဆယ်ရေးတွင် လှူဒါန်းမည့်  ပရဟိတအဖွဲ့များ၏ အဝယ်များမှာ သိသိသာသာများနေကြောင်း သိရပါတယ်။

 

 

''အရင်က တစ်အိတ်ကို ငွေကျပ် ၂၂ဝဝဝ လောက်ရှိတဲ့ဆန်ကို   ငွေကျပ်   ၂၂၅ဝဝ အထိ  ဈေးတင်တယ်။  ဝယ်တဲ့သူကလည်း ကြိုက်ရင်ဝယ်တာပဲ။ အခုအဝယ်အများဆုံးက ပရဟိတအဖွဲ့တွေပါ။ သူတို့က ပေါက်ဈေးမသိတော့ ခေါ်ဈေးအတိုင်း ကြိုက်ရင်ဝယ်တယ်။ ကုန်သည်တွေကလည်း ဈေးပိုရတဲ့ဆီ ရောင်းကြတာပဲ'' ဟု ဦးအောင်သူက ပြောကြားခဲ့ပါတယ်။

 

 

အရောင်းအဝယ်ပြုလုပ်သော  ဆန်အများစုသည် ဆန်ကြမ်းအနွယ်ဝင် ဧည့်မထ၊ ဆင်းသွယ်၊ ခွံနီနှင့် ရက် ၉ဝ ဆန်များဖြစ်ပါတယ်။

 

 

ယခုကဲ့သို့ အဝယ်များနေခြင်းနှင့် စက်ပိုင်များ ဈေးကွက်လိုသလောက်သာ လှောင်ထားသည့် စပါးများကို ကြိတ်ခွဲနေခြင်းကြောင့် ဆန်ကြမ်းဈေးကွက် ကျဆင်းဦးမည် မဟုတ်ဘဲ အတက်ဘက်သို့ ဦးတည်လာနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ခဲ့ပါတယ်။

 

 

''ဆန်ချောဈေးကွက်အနေနဲ့  အရောင်းအဝယ်က ပုံမှန်ပဲ။ ဆန်ကြမ်းက တော်တော်လေး အဝယ်များနေတာရယ်၊ စပါးပေါ်ဖို့ အချိန်လိုနေသေးတာရယ်၊   စက်ပိုင်တွေက ဝယ်ယူမှုကို  ချိန်ပြီး  ကြိတ်ခွဲတဲ့အတွက် ဆန်ကြမ်းဈေးမြင့် မယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းထားတာပါ'' ဟု ဦးအောင်သူ ကပြောကြားခဲ့ပါတယ်။

 

 

ဆန်ဈေးကွက်အတွင်း လတ်တလော အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများမှာ ပေါ်ဆန်း(ဖျာပုံ) တစ်အိတ်လျှင် ငွေကျပ် ၃၈ဝဝဝ မှ ၃၅၅ဝဝ ကြား၊ ပေါ်ဆန်း(မြောင်းမြ) တစ်အိတ်လျှင် ငွေကျပ် ၄၆ဝဝဝ မှ ၄၄ဝဝဝ ကြား၊ ပေါ်ဆန်း(ရွှေဘိုတစ်အိတ်လျှင် ငွေကျပ် ၅၅ဝဝဝ မှ ၅၃ဝဝဝ ကြား၊ မိုးသုခ တစ်အိတ်လျှင် ငွေကျပ် ၂၆ဝဝဝ မှ ၂၄၅ဝဝ ကြား၊ ဆန်ကြမ်း(ရှယ်) တစ်အိတ်လျှင် ငွေကျပ် ၂၂ဝဝဝ မှ ၂၁၈ဝဝ ကြား၊ ဧည့်မထ (၂၅ မှတ် ဆန်) တစ်အိတ်လျှင် ငွေကျပ် ၂ဝဝဝဝ မှ ၁၉ဝဝဝ ကြား၊ ရက် ၉ဝ ဆန် တစ်အိတ်လျှင် ငွေကျပ် ၂၂၅ဝဝ မှ ၂၂ဝဝဝ ကြား အရောင်းအဝယ် ပြုလုပ်လျက် ရှိကြောင်း သိရပါတယ်။

 

 

Source: Myawady

 

Read times Last modified on Tuesday, 18 September 2018 10:24
Rate this item
(0 votes)