Food & Livestock



ဖွဲနုဆီ ထုတ်လုပ်လိုသူများအတွက် ဆန်စပါးအသင်းချုပ်က ချေးငွေနှင့် နည်းပညာ ရရှိရန် ချိတ်ဆက် ဆောင်ရွက်ပေးမည်

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဦးဆောင်၍ စပါးခွံမှ လျှပ်စစ်ထုတ်သည့် ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင်ထုတ် စက်ရုံနှင့် ဖွဲနုမှ ဆီကြမ်းထုတ်လုပ်ရေး စက်ရုံ၊ ဖွဲနုဆီ သန့်စင်စက်ရုံများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

 

ထို့ကြောင့် အသင်းဝင်ကုမ္ပဏီများ၊ ဆန်စက်များ လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံနိုင်ကြောင်းနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် စပါးခွံနှင့် ဖွဲနုတို့မှ သုတေသနနှင့် ဖွံ့ဖြိုးရေး ကော်မတီ  (MRF - R&D Committee) သို့ ဆက်သွယ်နိုင်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။ 

 

ရင်းနှီးမြှုပ်နှံလိုသူများအား ငွေကြေးနှင့် ဘဏ်ဝန်ဆောင်မှုဆိုင်ရာ ကာလလတ်နှင့် နှစ်ရှည်ချေးငွေ (Medium and Long Term Project Finance)  ရရှိနိုင်ရေးနှင့် ခေတ်မီနည်းပညာပိုင်းဆိုင်ရာတို့တွင် နိုင်ငံတကာ အဖွဲ့အစည်းများ ဖွံ့ဖြိုးရေး မိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် အသင်းချုပ်က ချိတ်ဆက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။  

 

ထိုကဲ့သို့ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုလုပ်ငန်းများသည် နိုင်ငံ၏ စားသုံးဆီကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင်  ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးအစာ ထုတ်လုပ်မှုကဏ္ဍတို့တွင်  အကျိုးပြုစေမည် ဖြစ်ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှု၊ အလုပ်အကိုင် ဖန်တီးပေးနိုင်မှု၊ နည်းပညာ တိုးတက် ရရှိနိုင်မှုနှင့်   စီးပွားရေးအရ အကျိုးအမြတ် ရရှိမှုတို့ကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်သည်ဟု ဆိုသည်။  

 

 

Advertisement

Click Here > T & D Power Tech

 

ဖွဲနုဆီထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ ဆောင်ရွက်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ဦးဆောင်၍ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် ကုမ္ပဏီ (၆) ခုနှင့်အတူ သီလဝါဆိပ်ကမ်း ဧရိယာရှိ  တစ်ရက်လျှင် တန် (၄၀ဝ) ကျော်ပမာဏဖြင့် လုပ်ငန်းလည်ပတ်နေသော Wilmar Myanmar Edible Oils Limited သို့ သွားရောက် လေ့လာခဲ့သည်။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သည် ဆန်စပါး ကြိတ်ခွဲသန့်စင် ထုတ်လုပ်သည့် ဆန်စက်များ၏ ဘေးထွက် ပစ္စည်း၊ စွန့်ပစ်ပစ္စည်းများ ဖြစ်သော စပါးခွံ (Rice Husk) နှင့် ဖွဲနု (Rice Bran) တို့မှ တန်ဖိုးမြှင့်ထွက်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက် ရှိပြီး ဖွဲနုဆီ ထုတ်လုပ်ရေး လုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရန် ရည်ရွယ်ပြီး လေ့လာရေး ခရီးစဉ်ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 

ဖွဲနုဆီ ထုတ်လုပ်ရေးလုပ်ငန်းသည် ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ပြည်ပမှ စားအုန်းဆီ တင်သွင်းမှု လျှော့ချနိုင်ရေးအပြင် ဖွဲနုဆီသည် မပြည့်ဝဆီ (Unsaturated Fat) အမျိုးအစားဖြစ်ခြင်းကြောင့် နိုင်ငံသားများအတွက် ကျန်းမာရေးကို အထောက်အပံ့ ဖြစ်စေပြီး  အဓိကထား စားသုံးသင့်သည့် ဆီအမျိုးအစား ဖြစ်ကြောင်း သိရသည်။

Read times Last modified on Wednesday, 27 September 2023 13:13
Rate this item
(0 votes)