Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကုန်ဖလှယ်မှုစနစ် စတင် အကောင်အထည် ဖော်ရာတွင် ဦးစားပေးအနေဖြင့် မူဆယ်သို့ ရောက်ရှိနေသည့် ဆန်များကို တင်ပို့မည်

မြန်မာ - တရုတ်   နှစ်နိုင်ငံ ကုန်ဖလှယ်မှု စနစ်ဖြင့် အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိရာ ယင်းစနစ် စတင်အကောင်အထည် ဖော်ရာတွင်    ဦးစားပေး အနေဖြင့် မူဆယ်သို့ ရောက်ရှိနေသည့်

ဆန်များကို တင်ပို့ မည်ဖြစ်ကြောင်း    မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ  ဦးရဲမင်းအောင် ၏ ပြောကြားချက်အရ သိရသည်။

 

အဆိုပါကုန်ဖလှယ်မှု စနစ်ဖြင့် ကုန်သွယ်မှုပြုလုပ်ရန်  ကနဦးအနေဖြင့်  မူဆယ်၌ ရောက်ရှိနေသည့် ဆန်တန်ချိန် ငါးသောင်း ဝန်းကျင်နှင့်  ဆန်အိတ်ရေ  ၁ဝ  သိန်းခန့် တင်ပို့မည်ဖြစ်ကြောင်း သိရသည်။''စမ်းသပ် တင်ပို့ကြည့် မှာဖြစ်တဲ့အတွက် ဒီစနစ်မှာက  ဈေးနှုန်း သတ်မှတ်ရတယ်။  ပမာဏတွေ တွက်ရတယ်။  ကိုယ်ရောင်းချင်တဲ့ ပစ္စည်း၊    တစ်ဖက်က ဝယ်ချင်တဲ့ပစ္စည်း ညှိရတယ်။  အဲဒါလေးတွေ လုပ်ဖို့ရှိတယ်။

 

လတ်တလော မူဆယ်ကို ရောက်နေတဲ့ဆန်တွေကို အဓိကဦးစားပေး တင်ပို့ဖို့ရှိပါတယ်'' ဟု ဦးရဲမင်းအောင် ကပြောသည်။

 

အဆိုပါ ကုန်ဖလှယ်မှုစနစ်ကို နယ်စပ်ကုန်သွယ်ရေး အတွက် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကာ  မူဆယ်၌ လုပ်ကိုင်နေသည့် အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းနိုင်ရန် ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

''ဒါကိုအဖြေရှာဖို့ တရုတ်နိုင်ငံ  ယူနန်ပြည်နယ်နဲ့ ဆွေးနွေးရမယ်။ ယူနန်ပြည်နယ်ကလည်း တရုတ်နိုင်ငံ ဗဟိုအစိုးရရဲ့ မူဝါဒကို  အခြေခံထားတယ်။ အဲဒီတော့  ဆန်က ကိုတာရော  ဂျူတီပါရှိတယ်။  ဆန်ကွဲက ကိုတာပဲရှိတယ်။ နှစ်နိုင်ငံအစိုးရချင်း ဆွေးနွေးတဲ့အခါမှာ ယူနန်ပြည်နယ်က ထွက်တဲ့ပစ္စည်းတွေကို  မြန်မာနိုင်ငံကို ပို့မယ်။ မြန်မာနိုင်ငံက ထွက်တဲ့ ဆန်စပါး၊ သားငါး  ဒါတွေကို  တင်ပို့နိုင်မယ်ဆိုရင်  ယူနန်ပြည်နယ်လည်း အကျိုးရှိမယ်။ မြန်မာနိုင်ငံလည်း အကျိုးရှိမယ်။ 

 

ဒါကြောင့်  ဒီလိုကုန်ဖလှယ်မှု စနစ်နဲ့ သွားကြမယ်ဆိုပြီး နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းပြီး သဘောတူလိုက်တယ်။  အဲဒီတော့ တစ်ဖက်က ယူနန်ပြည်နယ်က ကူမင်းမြို့တော် အစိုးရနဲ့ ကျွန်တော်တို့ ကုန်သွယ်ရေး ဦးစီးဌာနတို့   လက်မှတ်ထိုးပြီးတော့ စမ်းသပ်လုပ်ကြည့်မှာပါ''ဟု ဦးရဲမင်းအောင် ကပြောသည်။  

 

ကုန်ဖလှယ်မှုဖြစ်သောကြောင့်   မြန်မာနိုင်ငံမှ  လယ်ယာထွက်ကုန်များ တင်ပို့သည့် တန်ဖိုးနှင့်ညီမျှသော ယူနန်ပြည်နယ်ထုတ် ဆောက်လုပ်ရေးပစ္စည်းများ၊  လယ်ယာသုံး စက်ပစ္စည်းများနှင့်    ဓာတ်မြေသြဇာများ ပြန်လည်ဝယ်ယူ ပေးရမည်ဖြစ်သည်။

 

အဆိုပါ   MoU ကို အောင်မြင်စွာ ညှိနှိုင်းအကောင်အထည် ဖော်နိုင်ပါက  ဆန်စပါး အပါအဝင်    မြန်မာ့လယ်ယာ ထွက်ကုန်နှင့် သားငါးများကို မူဆယ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှ တွင်ကျယ်စွာ တင်ပို့ရောင်းချနိုင်မည် ဖြစ်ကြောင်း သိရသည်။    

 

Source: Myawaddy

Read times Last modified on Thursday, 25 April 2019 16:36
Rate this item
(1 Vote)