Food & Livestock
မြန်မာ့ငါးတန်ကို အရှေ့ အလယ်ပိုင်းဒေသသို့ တင်ပို့ရန်စီစဉ်လျက်ရှိ
ပြည်တွင်း၌ မွေးမြူသည့် ငါးတန်ကို ဈေးကွက်သစ်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသသို့ တင်ပို့ရန်စီစဉ် လျက်ရှိကြောင်း
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်ထံမှ သိရသည်။
''ငါးတန်ကို သူတို့ ဘယ်လောက်အထိ လက်ခံမလဲဆိုတာတော့ မပြောနိုင်သေးဘူး'' ဟု ဒေါက်တာတိုးနန္ဒာတင် ကပြောသည်။
ငါးတန်ကို သီးသန့်မွေးမြူလိုပါက မွေးမြူ ရေးကဏ္ဍတစ်ခုလုံးကို ပြောင်းလဲရမည်ဖြစ်ပြီး ငါးတန်တင်ပို့ရာတွင် အသားနူး ညံ့ရမည်၊ ဖြူရမည်ဆိုသည့်သတ်မှတ်ချက်များရှိသည့် အတွက် ယင်းသတ်မှတ်ချက်များအတိုင်း မွေးမြူရမည်ဖြစ်သည်။
ထို့ပြင် သားဖောက်စခန်းများမှအစ မွေးမြူသည့်စနစ်များသည် နိုင်ငံတကာမှ အသိအမှတ်ပြု လက်မှတ်များ ရယူရမည်ဖြစ်ပြီး သို့မှသာ ပြည်ပသို့တင်ပို့ခွင့်ရရှိမည် ဖြစ်သည်။
လက်ရှိတွင် မိမိနှစ်သက်သည့် နည်းစနစ် ဖြင့် အနည်းငယ်သာမွေးမြူနေကြပြီး တန်ချိန်ပေါင်း သိန်းသန်းချီ၍ မွေးမြူမည်ဆိုပါက အများလုပ်သည့်နည်းစနစ်အတိုင်း ဗီယက်နမ် နိုင်ငံ၌ ငါးတန်ကို များစွာ Export အလုပ်သဖြင့် မြန်မာနိုင်ငံ၌လည်း ဗီယက်နမ်ကဲ့သို့ နည်းစနစ်ပြောင်းရမည်ဖြစ်ပြီး အသိအမှတ်ပြု လက်မှတ်များလည်း ရယူရ မည်ဖြစ်ကြောင်း သိရသည်။
ငါးတန်ကို ခြောက်လခန့်မွေးမြူပြီးပါက ဈေးကွက်သို့ တင်ပို့နိုင်သည့်အတွက် တစ်နှစ်ခန့် မွေးမြူနေရသည့် ငါးမြစ် ချင်းနှင့် တီလား ဗီးယားတို့နေရာ၌ အစားထိုးမွေးမြူသင့်ကြောင်း သိရသည်။
Source: Myawady



