Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယအစိုးရကကြက်သွန်နီ ပြည်ပတင်ပို့မှုတားမြစ်ကန့်သတ်

အိန္ဒိယအစိုးရကကြက်သွန်နီ ပြည်ပတင်ပို့မှုတားမြစ်ကန့်သတ် Google

အိန္ဒိယနိုင်ငံ၊ မဟာရတ္ထပြည်နယ်၊ နာရှစ်ခရိုင်ရှိ အဓိကကုန်စည်ဒိုင်ကြီးများ၌ ကြက်သွန်နီလက္ကားဈေးနှုန်းများမှာ

ရက်သတ္တနှစ်ပတ် အတွင်း နှစ်ဆမျှမြင့်တက်လာခဲ့ ပြီးနောက် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် ပို့ကုန်မူဝါဒဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၃၁/၂၀၁၅-၂၀ ကို ၁၄.၉.၂၀၂၀ နေ့၌ ထုတ်ပြန် ၍ တန်ဖိုးမြှင့် ပြုပြင်ထုပ်ပိုးထားသည့် ကုန်စည်မှအပ ကြက်သွန်နီ အမျိုးအစားများအားလုံးကို ပြည်ပသို့တင်ပို့ခြင်းအား တားမြစ်ပိတ်ပင်ခဲ့သည်။

 

အိန္ဒိယနိုင်ငံရှိ ပြည်နယ်အချို့တွင် ဩဂုတ်လနှောင်းပိုင်းကာလ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများကြောင့် သီးနှံစိုက်ခင်းများ ထိခိုက်ခြင်း၊ မုတ်သုံဆုတ်ခွာ မှုနောက်ကျခြင်းကြောင့် ရိတ်သိမ်းချိန်ရာသီ၌ ပတ်ဝန်းကျင်စိုထိုင်းဆမြင့်မားခြင်းတို့ကြောင့် မိုးသီးနှံ ကြက်သွန်နီ စိုက်ပျိုးထွက်ရှိမှုလျော့ကျလျက်ရှိကာ ပြည်တွင်းဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများမြင့်တက်မှုကို ဖြစ်ပေါ်စေနိုင်သည်။

 

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကာနာတကာပြည်နယ်နှင့် အန္တရာပရာဒေ့ရှ်ပြည်နယ်တို့၌ မိုးဦးကာလ၌စိုက်ပျိုးသည့် ကြက်သွန်နီများမှာ ရိတ်သိမ်းချိန်ကာလတွင် ရေကြီး မှုများကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ပုံမှန်အားဖြင့် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ၎င်းဒေသများမှထွက်ရှိသည့် ကြက်သွန်နီများကို ပြည်တွင်း ရှိဈေးကွက်များသို့ တင်ပို့လေ့ရှိသော်လည်း ယခုနှစ်၌ သိုလှောင်ထားရှိသည့် မိုးကြက်သွန်နီတွေရဲ့  ၃၀% မှ ၄၀% အထိ ပျက်စီးခဲ့သဖြင့် ထုတ်လုပ်မှုလုပ်ငန်းတွေကို အနှောက်အယှက်ဖြစ်စေခဲ့တယ်လို့ India Times သတင်းဌာနမှ သိရသည်။

 

" ထိုပြည်နယ်နှစ်ခုမှာ ထုတ်လုပ်မှုလျော့ကျသော်လည်း ပြည်တွင်းရဲ့ ဈေးကွက်လိုအပ်ချက်ကို ဖြည်ဆည်းပေးရန် လုံလောက်သည့်ပမာဏရှိပြီး ကြက်သွန်နီ လက္ကားဈေးနှုန်းမြင့်တက်ခြင်းကလည်း နာရှစ်ဒေသရှိ Pimpalgaon ဈေးကွက်၌သာ မြင့် တက်ခြင်းဖြစ်သည်။ ဒါပေမဲ့ ဒေလီမြို့တော် ဈေးကွက်မှာ နာရှစ်ဒေသထွက်ကြက်သွန်နီရဲ့ ဈေးနှုန်းက ရောင်းဈေးထက် နိမ့်ကျနေပြီး လက္ကားဈေးနှုန်းမြင့်တက်မှုမှာ ကုန်သည်အချို့ရဲ့ သိုလှောင်ဈေးကစားမှုများကြောင့်သာဖြစ်တယ်" လို့  မဟာရတ္ထပြည်နယ်ရှိ ကြက်သွန်နီ ကုန်သည်များက ပြောဆိုကြသည်။

 

ဗဟိုအစိုးရက ကြက်သွန်နီပြည်ပတင်ပို့မှုအား တားမြစ်သည့်အမိန့်ထုတ်ပြန်ခဲ့မှုအပေါ် ၁၆.၉.၂၀၂၀ နေ့တွင် မဟာရတ္ထပြည်နယ်ရှိ မြို့ကြီးများ၌ ဒေသခံကုန်သည် များက ဆန့်ကျင်ဆန္ဒပြမှုများကိုပြုလုပ်ခဲ့ကြပြီး ဝန်ကြီးချုပ် Mr. Uddhav Thackeray ကကြက်သွန်နီ ပြည်ပတင်ပို့မှု တားမြစ်ပိတ်ပင်ခြင်းအား ပြန်လည်ဖယ်ရှားပေးရန် ဗဟိုအစိုးရထံသို့ စာရေးသားပေးပို့တောင်းဆိုသွားမှာ ဖြစ်တယ်လို့ မဟာရတ္ထပြည်နယ် အစိုးရအဖွဲ့၏ အစည်းအဝေး၌ ပြောဆိုခဲ့သည်။

 

ပြည်ပတင်ပို့မည့် ကြက်သွန်နီ တန်ချိန် ၄ သိန်းခန့်မှာ မွန်ဘိုင်းမြို့ရှိ ဂျဝါဟာလာနေရူးဆိပ်ကမ်း၌ ဆိုင်းငံ့ထားရပြီး နီပေါနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနီးရှိ နယ်စပ်ဂိတ်များတွင်လည်း ကြက်သွန်နီကုန်တင်ကား အစီးရေ ၅၀၀ ခန့်မှာ ပိတ်မိနေသည်လို့ မဟာရတ္ထပြည်နယ် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Eknath Shinde ကပြောကြားခဲ့တယ်လို့ Economic Times သတင်းအရ သိရသည်။

 

အိန္ဒိယအစိုးရ၏ ကြက်သွန်နီပြည်ပတင်ပို့မှု တားမြစ်သည့်အမိန့် ထုတ်ပြန်ပြီးခဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြက်သွန်နီဈေးနှုန်းများမှာ ၅၀% ကျော် မြင့်တက်ခဲ့ ပြီး  ဒါကာမြို့တွင် ၁၄.၉.၂၀၂၀ နေ့၌ ကြက်သွန်နီ ၁ ကီလိုလျှင် တာကာငွေ ၆၀ ခန့်ရှိရာမှ နောက်တစ်ရက်တွင် တာကာငွေ ၉၀ မှ ၁၀၀ အထိ မြင့်တက်ခဲ့သည်လို့ Hindu Businessline မှသိရသည်။

 

အိန္ဒိယအစိုးရ၏ ပြည်တွင်း၌ ဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်ချက်ကြောင့် အိန္ဒိယမှ ကြက်သွန်နီတင်သွင်းနေရသည့် နိုင်ငံများဖြစ်သည့် မလေးရှား၊ နီပေါနှင့် သီရိလင်္ကာ စတဲ့နိုင်ငံတွေရှိ ဈေးကွက်များလည်း သက်ရောက်မှုရှိနေပါသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)