Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မူဆယ် နယ်စပ်က ဆန်ဖိုး‌‌ငွေ ကျပ်သိန်းပေါင်း နှစ်သောင်းကျော် ပြန်ရရေး အစိုးရကို အကူညီတောင်းမယ်

ယူနန်ပြည်နယ်ကို မူဆယ်နယ်စပ်ကတစ်ဆင့် မြန်မာ့ဆန် တရားဝင်တင်ပို့ ရောင်းချနိုင်ဖို့ နှစ်ဘက် ကုမ္ပဏီတွေအကြား ၂၀၁၉ခုနှစ်က သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။

အရင်က မြန်မာဆန်တွေကို ကုန်ပစ္စည်းဖလှယ်တဲ့ ဘာတာစနစ်နဲ့ ဝယ်ဖို့သဘောတူတာ ရှိခဲ့သည်။

မူဆယ်နယ်စပ်က တစ်ဆင့် တရုတ်နိုင်ငံဘက်ကို တင်ပို့ရောင်းချထားတဲ့ မြန်မာကုန်သည်တွေရဲ့ ဆန်ဖိုးငွေ ကျပ်သိန်းပေါင်း နှစ်သောင်းကျော်ကို မူဆယ် ကုန်စည်ဒိုင်မှာ စာရင်းကောက်ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို တင်ပြကာ အကူအညီ တောင်းခံသွားမယ်လို့ မူဆယ်နယ်စပ်ဆန်ကုန်သည်အသင်း ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

အဲ့ဒီ ဆန်ဖိုးငွေတွေကို တရုတ်ကုန်သည်ဘက်က မရှင်းဘဲ ထွက်ပြေးသွားတယ်လို့ မူဆယ် ဆန်ကုန်သည်အသင်းက ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကတော့ သူတို့ဆီကို အခုထိ မြန်မာကုန်သည်တွေဘက်က တရားဝင်လာရောက် တိုင်တန်းတာ မျိုးမရှိသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ကတည်းက မူဆယ်နယ်စပ်က တစ်ဆင့် တရုတ်နိုင်ငံဘက်ကို ရောင်းချထားတဲ့ ဆန်ဖိုးငွေတွေကို တရုတ်ကုန်သည်ဘက်ကနေ မရှင်းပေးဘဲ ဒီဇင်ဘာ ၂ ရက် နောက်ပိုင်းကစပြီး တရုတ်ကုန်သည်နဲ့ အဆက်အသွယ် မရတော့တာလို့ မူဆယ်နယ်စပ်ဆန်ကုန်သည် အသင်းဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ဘီဘီစီကိုပြောပါတယ်။

လက်ရှိ မူဆယ်ကတစ်ဆင့် ဆန်တင်ပို့မှုဟာ တရုတ်ကနေ ခွဲတမ်း ကိုတာ ရလို့ တင်သွင်းခွင့်ရထားတဲ့ ကုန်သည်တွေကနေ တရားဝင်လမ်းကြောင်းကနေပဲ တင်သွင်းနေတာဖြစ်ပြီး ငွေကြေးလိမ်လည်ခံရတာမျိုးတွေ မရှိဘဲ ဒီတစ်ကြိမ်ဟာ တရားဝင်တင်သွင်းတဲ့ လမ်းကြောင်းကနေ လိမ်လည်ခံရတာ ပထမဆုံးလို့ ဦးမင်းသိန်းက ပြောပါတယ်။

အရင်ကလည်း တရုတ်ကိုဆန်တင်ပို့တဲ့ မြန်မာကုန်သည်တွေအနေနဲ့ ငွေကြေးလိမ်လည် ခံရတာတွေ ရှိခဲ့ဖူးပြီး တရားမဝင် ရောင်းချခဲ့ရတာဖြစ်လို့ ငွေကြေး ပြန်ရတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

မြန်မာဘက်က ကုမ္ပဏီ ၄၃ခုကို တရုတ်နိုင်ငံဘက်က တရားဝင်အသိအမှတ်ပြုထားပြီး တရားဝင်လမ်းကြောင်းအနေနဲ့ တင်ပို့နေတာဖြစ်တယ်လို့ ကုန်သွယ်မြှင်တင်ရေးဌာနက တစ်ဆင့်သိရပါတယ်။

အခုလို ငွေကြေးအမြောက်အမြား ပါသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် တိုင်ကြားပါက ကူညီဆောင်ရွက်ပေးမယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ကို ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာ့ဆန်စျေးကွက်ရဲ့ အဓိကအားထားရာ စျေးကွက်ဖြစ်တဲ့အတွက် အခုလို နယ်စပ် ကုန်သွယ်ရေးကနေ ငွေကြေးလိမ်လည်မှု သတင်းတွေ ထွက်ပေါ်လာတာကြောင့် ပုံမှန်လမ်းကြောင်းကနေ တင်ပို့မှုတွေကိုပါ ထိခိုက်လာမှာကို စိုးရိမ်နေတယ်လို့လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်မြန်မာ ကုန်သွယ်မှုတွေ ထိခိုက်ခဲ့ရာကနေ အောက်တိုဘာလလောက်က စပြီး နယ်စပ်ဂိတ်ပေါက်တွေက တစ်ဆင့် တရုတ်ကုန်သည်တွေကနေ မြန်မာ့ဆန်ကို ဈေးကောင်းပေးပြီး ပြန်လည် ဝယ်ယူလာခဲ့တာကြောင့် ဆန်ဈေးကွက်မှာ ဈေးအနည်းငယ်ပြန်တက်လာခဲ့တယ်လို့ ဆန်ကုန်သည်တွေထံက သိရပါတယ်။

တရုတ်ဘက်က စျေ‌ကောင်းပေးဝယ်တဲ့အတွက် မူဆယ်မှာ ဆန်ဈေးအနေနဲ့ ကီလိုငါးဆယ်ဝင် တစ်အိတ်ကို ၁၃၅ ယွမ်နဲ့ ဆန်ကွဲကတော့ တစ်အိတ်ကို ၁၂၈ယွမ် ပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။

"ဖြစ်စဉ်ကိုပြောရမယ်ဆိုရင် တရုတ်နိုင်ငံထဲက တရုတ်အစိုးရ အသိအမှတ်ပြုထားတဲ့ ကုမ္ပဏီတစ်ခုက မြန်မာ့ဆန်တွေကိုဈေးကောင်းပေးပြီး အမြောက်အမြားဝယ်ပါတယ်။ ဒါပေမဲ့ ငွေပေးရမယ့်အချိန်ထက် တစ်ပတ်ဆယ်ရက်နောက်ကျပြီး ငွေမချပေးနိုင် ဘူးဖြစ်နေတယ်" လို့ မူဆယ်ဆန်ကုန်သည်အသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ဘီဘီစီကို ပြောခဲ့ပါတယ်။

မူဆယ်နယ်စပ်လမ်းကြောင်းအပြင် ရေလမ်းကြောင်းက တစ်ဆင့်လည်း တရုတ်နိုင်ငံကို ဆန်တင်ပို့ ရောင်းချတာတွေ ရှိနေပြီး တစ်နှစ်ကို အမေရိကန်ဒေါ်သာ သန်း၃၀၀ ဖိုးခန့် တရုတ်ကို ဆန်တင်ပို့ရောင်းချနေတာလို့ သိရပါတယ်။

မြန်မာဘက်က ရရန်ရှိတဲ့ ဆန်ဖိုးငွေတွေနဲ့ ပတ်သက်တဲ့ကုန်သည်တွေ လူချင်းကွဲနေ ကြတော့ စာရင်းက မကောက်နိုင်ဘူးဖြစ်နေတယ်၊ မူဆယ် ကုန်စည်ဒိုင်မှာ စာရင်းကောက်ပြီးတာနဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက တစ်ဆင့် သံခင်းတမန်ခင်း ကနေတောင်းမယ်လို့ စီစဥ်ထားပါတယ်လို့ ဦးမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။

 

bbc.com/burmese/

 

Read times Last modified on Thursday, 10 December 2020 09:15
Rate this item
(0 votes)