Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ရေထွက်ပစ္စည်း ပို့ကုန်များ ကိုဗစ်ကင်းရှင်းကြောင်းပါမှ တရုတ်လက်ခံမယ်

မြန်မာနိုင်ငံက တင်ပို့တဲ့ ရေထွက်ကုန်ပစ္စည်းတွေကို ကိုဗစ်ရောဂါပိုး ကင်းရှင်းကြောင်း အထောက်အထားပါမှသာ

တင်သွင်းခွင့်ပြုဖို့ တရုတ်နိုင်ငံက ကန့်သတ်လိုက်တဲ့အတွက် မြန်မာကုန်သည်တွေ အခက်ကြုံနေတဲ့အကြောင်း တင်ပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မြန်မာ့ရေထွက်ကုန်တွေအားလုံး ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးဖို့နဲ့ သတ်မှတ်ထားတဲ့ သီးသန့်သိုလှောင်ခန်းတွေနဲ့ ပို့ဆောင်ဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုတ်ပြည်နယ်ခွဲ တာဝန်ရှိသူတွေက ညွှန်ကြားချက် ထုတ်ပြန်လိုက်တဲ့အတွက် မြန်မာကုန်သည်တွေ အခက်အခဲ ကြုံနေရတာ ဖြစ်ပါတယ်။ ဒီကိစ္စအတွက် မြန်မာနိုင်ငံက ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေ ဆွေးနွေးတိုင်ပင်ဖို့ စီစဉ်ထားကြောင်းလည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တာဝန်ခံ ဦးမင်းအောင်အေးက ဗွီအိုအေကို ပြောပါတယ်။

“မနက်ဖြန်တော့ ကျနော်က ငါးဦးစီးတို့ ရေထွက်ကုန်လုပ်တဲ့ အအေးခန်းကုမ္ပဏီကို ကျနော်က အစည်းအဝေးခေါ်ဖို့ ပြင်ထားတယ်။ လက်ရှိ ဟိုဘက်က တရုတ်နိုင်ငံဘက်က ဘာတွေတောင်းဆိုတာလဲ၊ ဘာလို့အေးခဲငါးတွေ ပို့လို့မရတာလဲဆိုတာ ကျနော်တို့ဒါကို meeting လေးလုပ်ဖို့ ရှိတယ်။ ဘာအခက်အခဲရှိလဲ တရုတ်ဘက်၊ မြန်မာဘက်၊ ဒါကိုယ့်ဌာနချင်း ဆွေးနွေးဖို့ ကျနော်တို့ စီစဉ်ထားတယ်”

အေးခဲထားတဲ့ စားသောက်ကုန်တွေကနေ ကိုဗစ်ရောဂါပိုး ကူးစက်နိုင်ခြေ နည်းပါးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောဆိုထားပေမဲ့ တရုတ်နိုင်ငံကတော့ ပြည်ပကတင်ပို့တဲ့ သား၊ ငါး၊ စားသောက်ကုန်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေပါတယ်။ မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမျိုးညွှန့်ကတော့ တရုတ်အာဏာပိုင်တွေရဲ့ တောင်းဆိုချက်ဟာ ခိုင်မာမှုမရှိဘူးလို့ ပြောပါတယ်။

“တရုတ်ပြည်မှာ product မှာ ကိုရိုနာဗိုင်းရပ်စ် packaging ပေါ်မှာ coronavirus တွေ့တယ်ဆိုတာ ကျနော်လေ့လာမိသလောက် ရှင်းပြရရင် ဘယ်တိုင်းပြည်မှာမှ အဲဒီလို case မျိုး မတွေ့ဖူးဘူး။ ရေထွက်ပစ္စည်းမှာဆိုရင် ရေထွက်ပစ္စည်းကုန်ကနေ ကူးဖို့ရာ သိပ်အကြောင်းမမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ WHO ကလည်းဒါကို evidence (သက်သေပြဖို့) မရှိဘူးလို့ ပြောထားတယ်”

ယူနန်ပြည်နယ် အာဏာပိုင်တွေကတော့ မြန်မာနိုင်ငံက ရေထွက်ကုန်တွေကို ဒီဇင်ဘာလ ၆ ရက်ကစပြီး စစ်ဆေးကြပ်မတ်ဖို့ ညွှန်ကြားထားပါတယ်။

မူဆယ်- နမ့်ခမ်း နယ်စပ်ကုန်သည်များအသင်း ဗဟိုအလုပ်အမှုဆောင်နဲ့ ကဏန်း လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူလည်းဖြစ်တဲ့ ဦးထွန်းလင်းစိုးကတော့ တရုတ်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာကုန်သည်တွေအတွက် အခက်အခဲတွေ ကြုံနေရတယ်လို့ ဗွီအိုအေကိုပြောပါတယ်။

“တရုတ်ဘက်ကတော့ ကျနော်တို့ ကဏန်းနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကိုတော့ ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံချက်ဆိုပြီး အဲလိုတောင်းတာပေါ့။ ပထမအကြိမ်တုန်းကတော့ ငါးဦးစီးရဲ့ ရောဂါပိုးမွှား ကင်းရှင်းကြောင်းဆိုပြီးတော့ တောင်းတာ။ နောက်ပိုင်းကျ ပြန်ပြီး ပြောင်းလဲသွားတယ်။ ငါးဦးစီးရဲ့ ရောဂါကင်းရှင်းကြောင်းကို မရတော့ဘူး။ ကိုဗစ်ကင်းရှင်းကြောင်းဆိုပြီး တောင်းတာ။ တောင်းတော့ အတော်လေး အကြပ်ရိုက်တာပေါ့ဗျာ၊ လူတွေတောင်မှ မပေးနိုင်တဲ့ အနေအထားမျိုးဆိုတော့။”

တရုတ်အာဏာပိုင်တွေရဲ့ ကန့်သတ်ချက်အသစ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက ပြည်နယ်နဲ့တိုင်း ငါးဦးစီးတာဝန်ရှိသူတွေနဲ့ ရေထွက်ကုန်လုပ်ငန်းရှင်တွေရဲ့ ဒီနေ့အစည်းအဝေးမှာ ဆွေးနွေးခဲ့တယ်လို့လည်းပြောပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်နဲ့ ထိုင်းနိုင်ငံကို နယ်စပ်ကနေ ရေထွက်ကုန်ပစ္စည်း အများဆုံး တင်ပို့နေတာပါ။ မြန်မာကုန်သွယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းအရ ပြည်ပကို ရေထွက်ကုန်တင်ပို့နိုင်တဲ့ ပမာဏဟာ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၅၈.၉ ကျော်ရှိပြီး အဲဒီအထဲက သန်း ၅၀၀ ကျော်ဟာ နယ်စပ်ကုန်သွယ်ရေးက ရခဲ့တာပါ။

မြန်မာနိုင်ငံမှာ မကြာသေးခင်လတွေကစလို့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာရာက သေဆုံးသူ ၂,၀၀၀ ကျော်နဲ့ ကူးစက်မှုဟာ တရုတ်နိုင်ငံထက်တောင် ပိုများပြီး ၁၀၀,၀၀၀ ကျော် ရှိလာရာက တရုတ်နိုင်ငံဘက်ကလည်း နယ်စပ်ကုန်သွယ်ရေးနဲ့ သွားလာဝင်ထွက်တာတွေကို ကန့်သတ်လာနေတာ ဖြစ်ပါတယ်။

 

 

 

 

Read times Last modified on Friday, 11 December 2020 08:47
Rate this item
(0 votes)