Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရခိုင်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများအား ပြည်မဘက်မှ ၁ ရက်လျှင် ကျပ်သိန်း ၈၀၀ ဖိုးခန့် ဝယ်ယူသုံးစွဲနေရ

ရခိုင်ပြည်နယ်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ၁ ရက်လျှင် ကျပ်သိန်း ၈၀၀ ဖိုးခန့်မျှလောက် ပြည်မဘက်မှ ဝယ်ယူ စားသောက်နေရကြောင်း စီးပွားရေးလုပ်ကိုင်နေသူများမှ ပြောသည်။

ရခိုင်ဖက်သို့ ကုန်ကားများ တစ်ရက်လျှင် အသီးအရွက် သိန်း ၄၀ တန်ကြေးရှိသည့် ကားအစီးရေ ၂၀ ကျော်ခန့် အမြဲဝင်ကြောင်း Blue Ocean Investment ကုမ္ပဏီ၏ CEO လည်းဖြစ် We Love Rakhine ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးထွန်းထွန်းနိုင် မှ Western News ကို ပြောသည်။

“ကျနော်တို့ရခိုင်မှာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေက တစ်ရက်ကို သိန်း ၇၀၀၊ ၈၀၀ ဖိုးလောက် သူများဆီက ဝယ်စားနေရတယ်။ ဘာလို့အဲလိုပြောနိုင်လဲဆိုတော့ ရခိုင်ပြည်ကို ဝင်တဲ့ကုန်စည်ကားတွေကိုကြည့် ပြီးပြောတာ။

ရခိုင်ကို သိန်း ၄၀၊ ၅၀ တန်ဖိုးရှိတဲ့ ဟင်းသီးဟင်းရွက်တွေ တင်လာတဲ့ကားတွေဟာ တစ်ရက်ကို ၁၀ စီး၊ အစီး ၂၀၊ တစ်ခါတစ်ခါဆို အစီး ၃၀ အဲလိုမျိုးနေ့တိုင်းနီးပါးဝင်တယ်။ ဒီမှာဝယ်စားနေရတာဆို အကြမ်းအားဖြင့် ဂေါ်ဖီ၊ ခရုတ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ ခရမ်းသီးတွေပေါ့။ ပြောရရင် ရခိုင်ဈေးထဲမှာရှိတဲ့ ၉၀ ရာခိုင်နှုန်းသောဟာတွေက ပြည်မဖက်က လာတဲ့ဟာတွေပဲ” ဟုပြောသည်။

ယခုကဲ့သို့ဖြစ်နေခြင်းမှာ စိုက်ပျိုးရေးလုပ်ကိုင်သူများနည်းပါးလာခြင်း၊ လူအရင်းအမြစ်၊ ငွေအရင်းအမြစ်နှင့် နည်းပညာများမရှိခြင်းတို့ကြောင့်ဖြစ်ပြီး စိုက်ပျိုးရေးကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်ခြင်းထက် စီးပွားဖြစ်လုပ်ကိုင် နိုင်ရန်လိုအပ်ကြောင်း သူကဆက်ပြောသည်။

“ရခိုင်ပြည်ဟာ ရေခံမြေခံလည်းကောင်းတယ်။ စိုက်ပျိုးရေးလုပ်ရင်ဖြစ်ထွန်းတဲ့ဒေသတစ်ခုပဲလေ။ ဒါပေမယ့် အခုက လုပ်မယ့်သူမရှိဘူး။ အရင်မိရိုးဖလာလုပ်ကိုင်တဲ့သူတွေလည်း အရင်းနှီးမရှိတာကြောင့် မလုပ်နိုင်တော့ တဲ့လူတွေရှိတယ်။ နောက်ပြီး လုပ်သားအင်အားပေါ့။

ဒါကကျနော်တို့ဆီမှာ ရှိတယ်လို့ထင်ရပေမယ့် တကယ် တော့မရှိဘူး။ လယ်သမားသားသမီးက လယ်မလုပ်တော့ဘူး။ ရန်ကုန်သွားတယ်။ နိုင်ငံခြားထွက်ကြတယ်။ နောက်ပြီး နည်းပညာမရှိဘူး။ စိုက်နေကျရာသီလောက်ပဲစိုက်ပျိုးကြတယ်။ ကျန်တဲ့ရာသီတွေမှာ မိရိုးဖလာအတွေး တွေကြောင့် မိုးများတယ် ရေရှားတယ် စသဖြင့်ပေါ့ ဒါတွေကြောင့်လည်း ပါတယ်လေ။ အဓိကကတော့ တစ်နိုင်တစ်ပိုင်စိုက်ပျိုးတာထက် စီးပွားဖြစ်လုပ်ကိုင်နိုင်ဖို့လိုအပ်တယ်” ဟုဆိုသည်။

ရခိုင်တွင် စားသောက်ကုန်စိမ်းများကို ယခုကဲ့သို့ပြည်မဖက်မှ အများဆုံးဝယ်ယူစားသုံးလာနေရမှုမှာ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းကို ရင်းနှီးမြုပ်နှံကာလုပ်ကိုင်သူများမရှိခြင်း နယ်ဖက်မှ သီးနှံစိုက်ပျိုးလုပ်ကိုင်သူများမှာလည်း အပင်သစ်များထပ်မံစိုက်ပျိုးခြင်းတို့ မပြုလုပ်ခြင်းများကြောင့်ဖြစ်ပြီး ယခုကဲ့သို့မဖြစ်ရန် စိုက်ပျိုးရေးတွင် ရင်းနှီးမြုပ်နှံမည့်သူများ နည်းပညာပေးမည့်သူများ လိုအပ်ကြောင်း ရခိုင်စီးပွားရေဦးဆောင် အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်မောင်ကြီးက Western News သို့ပြောသည်။

ရာသီအလိုက်စိုက်ပျိုးခြင်းပြုလုပ်ရာ၌ပင် တစ်ခါတစ်ရံအရှုံးပေါ်ကြောင်း စိုက်ပျိုးစရိတ်များလည်းကြီးသည့် အပြင် သီးနှံများလည်းဈေးကောင်းမရကြောင်း မြောက်ဦးမြို့နယ် ကျီရာပြင်ကျေးရွာမှ ရာသီပေါ်ငရုတ်စိုက်ပျိုး သူ ဒေါ်မေလှရီကပြောသည်။

“ဆယ့်နှစ်ရာသီလုံးတော့ အမြတ်ရရင်စိုက်ချင်တာပေါ့။ ဒီတစ်ရာသီလေးစိုက်တာတောင် တစ်ခါတစ်ခါအရှုံးပေါ် တာကရှိသေး ဈေးထဲရောက်ရင်သာဈေးတက်တာပါ ကျမတို့တောင်သူတွေလက်ထဲမှာတော့ ဈေးကမရဘူး။

ရောင်းမထွက်လို့ ပစ်လိုက်ရတာတွေတောင် မနည်းမနောပဲ။ စိုက်ပျိုးစရိတ်ဆိုတာလည်း လွယ်တာမဟုတ်ဘူး။ တစ်ချို့ဆို စိုက်ပျိုးရေးကနေတစ်ခြားလုပ်ငန်းပြောင်းလုပ်တာသွားတွေလည်းရှိတယ်။ အရင်းနှီးကကြီးပြီး အမြတ်ကနည်းတော့ စားဝတ်နေရေးကသိပ်အဆင်မပြေဘူးလေ” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ပြည်တွင်းမှ ထွက်ငွေများပြီး ဝင်ငွေနည်းပါးနေသည့်အတွက် စီးပွားရေးထိခိုက်မှုများနေခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများကိုသာ အဓိကထားပြီး နည်းပညာကောင်းများဖြင့် စနစ်တကျလုပ်ကိုင်နိုင်လျှင် စီးပွားရေပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များမှ သုံးသပ်ပြောဆိုကြသည်။

Western News- WN

Read times
Rate this item
(0 votes)