Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့ရာတွင် သီးသန့် ကိုတာစနစ် သတ်မှတ်ပေးရန် တင်ပြတောင်းဆိုမည်

ပဲပေါ်ရာသီကာလ ဖြစ်သည့်အတွက် အိန္ဒိယနိုင်ငံသို့  ပဲတင်ပို့ရာတွင်  သီးသန့် ကိုတာစနစ် သတ်မှတ်ပေးရန် တင်ပြတောင်းဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်း ကုန်သည်အသင်း အတွင်းရေးမှူး  ဦးမင်းကိုဦးထံမှ သိရသည်။

 

''ပဲတင်သွင်းခြင်းကို အိန္ဒိယနိုင်ငံ အစိုးရက တားဆီးလိုက်တဲ့အတွက်   ပြည်တွင်းဈေး ကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံဈေးတွေ ကျဆင်းခဲ့တယ်။ဒါကြောင့် သီးသန့်ကိုတာစနစ် အမြန်ဆုံး သတ်မှတ်ပေးဖို့   တောင်းဆိုမှာ ဖြစ်ပါတယ်'' ဟု ဦးမင်းကိုဦး ကပြောသည်။

 

မြန်မာနိုင်ငံမှ  အဓိကပဲတင်ပို့နေသည့် အိန္ဒိယနိုင်ငံ ချန်နိုင်းပြည်နယ် တရားရုံးက ပြည်ပမှ  ပဲတင်သွင်းမှု တားဆီးခြင်းကို ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်ခဲ့ပြီး ဇန်နဝါရီ  ၂၈ ရက်နောက်ပိုင်း တင်သွင်းသည့် ပဲများကိုလည်း   ဆိပ်ကမ်း များမှ  ထုတ်ခွင့်မပြုကြောင်း  အိန္ဒိယနိုင်ငံ အကောက်ခွန်ဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

 သို့ဖြစ်ရာ အိန္ဒိယအစိုးရသို့ ပထမဦးစားပေး အနေဖြင့် ပဲတင်သွင်းမှုကို လွတ်လပ်စွာ ကုန်သွယ်ခွင့်ပေးရန် တိုက်တွန်းတောင်းဆိုထားပြီး  မပေးနိုင်ပါက  ဒုတိယဦးစားပေးအဖြစ်  သီးသန့်ကိုတာစနစ် သတ်မှတ်ပေးရန်နှင့် အစိုးရ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရန် တိုက်တွန်းတောင်းဆိုထားကြောင်း  သိရသည်။

 

''အခုက ပဲပေါ်တဲ့ကာလဖြစ်လို့ အိန္ဒိယ နိုင်ငံဘက်ကို  သီးသန့်ကိုတာစနစ် သတ်မှတ်ပေးဖို့  အမြန်ဆုံး အကောင်အထည် ဖော်နိုင်အောင် ဒီရက်ပိုင်းအတွင်း ဆက်ပြီး တောင်းဆိုသွားမယ်။အိန္ဒိယကတော့ ယာယီပိတ်တယ်လို့  ပြောတဲ့ပုံစံပါပဲ။ ဒါပေမဲ့  အဲဒါကလည်း ဘယ်အချိန်မှာ   ပြောင်းလဲမလဲဆိုတာမသိ ဘူး''ဟု ဦးမင်းကိုဦး ကပြောသည်။

 

လက်ရှိအချိန်သည်  ပဲတီစိမ်း၊ ပဲစင်းငုံနှင့် မတ်ပဲများပေါ်သည့် ကာလဖြစ်၍  အိန္ဒိယ အစိုးရ၏ မူဝါဒ အပြောင်းအလဲများကြောင့် ပြည်တွင်းရှိ  တောင်သူများအပေါ် ထိခိုက် နစ်နာစေသည့် အပြင် ပြည်တွင်းပဲဈေး အနေဖြင့်    တစ်ပတ် အတွင်း မတ်ပဲ တစ်တန်လျှင် ငွေကျပ် တစ်သိန်းသုံးသောင်း ခန့်နှင့် ပဲစင်းငုံတစ်တန်လျှင် ငွေကျပ် ခုနစ်သောင်းခန့်  ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရသည်။

 

Source: Myawaddy

Read times
Rate this item
(1 Vote)