Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဈေးနှုန်းများမြင့်တက်ရန် မျှော်မှန်းလျက် သကြားတင်ပို့မှုစာချုပ်များ ချုပ်ဆိုခြင်းကို အိန္ဒိယကုန်သည်များက ဆိုင်းငံ့

ကမ္ဘာ့သကြားထုတ်လုပ်တင်ပို့မှုတွင် ထိပ်တန်းနိုင်ငံဖြစ်သော ဘရာဇီးနိုင်ငံ၌ ရာသီ ဥတု ဆိုးရွားမှုကြောင့် ကြံစိုက်ခင်းများထိခိုက်ပျက်စီး မှုရှိပြီး

ဈေးနှုန်းများ မြင့်တက်လာနိုင်ဖွယ် ရှိသည့်အခြေအနေကို စောင့် ကြည့်လျက် အိန္ဒိယနိုင်ငံရှိ ပို့ကုန်လုပ်ငန်းရှင်များသည် သကြား တင်ပို့မှု စာချုပ်များချုပ်ဆိုခြင်းကို ဆိုင်းငံ့ထားကြကြောင်း သိရှိရပါသည်။
နယူးယောက် သကြားကုန်ကြမ်းဈေးကွက်၌ ၁ ပေါင်လျှင် ၂၀.၅ ဆင့်ခန့်အထိ ဈေးနှုန်း မြင့်တက်လာဖွယ်ရှိမှုက အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် မဟာရဋ္ဌပြည်နယ် အနောက်ပိုင်းရှိ သကြားစက်လုပ်ငန်းရှင်များအတွက် ဆွဲဆောင်မှုဖြစ်ပေါ်လျက်ရှိကြောင်း၊ မကြာသေးမီ ကာလ များ၌ ဈေးနှုန်းများမြင့်တက်ခဲ့မှုအရ အိန္ဒိယရှိ ကုန်သည်များသည် ရှေ့နှစ် တွင်ထွက်ရှိလာမည့် သကြား ထုတ်လုပ်မှုမှ တန်ချိန် ၁.၂ သန်းခန့်ကို ပြည်ပသို့တင်ပို့ရန် အရောင်းအဝယ်စာချုပ်များ ချုပ်ဆို ထားပြီးဖြစ်ကြောင်း၊ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ မြင့်တက်လျက်ရှိမှုက ဘရာဇီးလုပ်ငန်း ရှင်များအား ကြံမှအီသနောလောင်စာဆီ ထုတ်လုပ်ရန် ပိုမိုတွန်းအားဖြစ်စေပြီး နိုင်ငံတကာ ဈေးကွက်တွင် သကြားဈေးနှုန်းများ မြင့်တက်မှုကို အထောက်အပံ့ပြုဖွယ်ရှိကြောင်း၊ သို့ဖြစ်ရာ ယခုအခါ အိန္ဒိယ လုပ်ငန်းရှင်များသည် သကြားတင်ပို့မှု စာချုပ်အသစ်များ ထပ်မံချုပ်ဆိုမှုမပြုပဲ ဈေးနှုန်း မြင့်တက်လာမည့် အခွင့်အလမ်းကို မျှော်လင့်လျက်ရှိကြကြောင်း၊ ကမ္ဘာ့သကြား ဈေးနှုန်းသည် ၁ ပေါင်လျှင် ၂၁.၅ ဆင့်အထိ ရရှိပါက ကြံအဓိကစိုက်ပျိုးသည့် ဥတာပရာဒေ့ရှ် ပြည်နယ်အပါအဝင် အိန္ဒိယမြောက်ပိုင်းဒေသရှိ သကြားစက်လုပ်ငန်းရှင်များအနေဖြင့် အဆင် သင့်တင်ပို့ကြမည်ဖြစ်ကြောင်း စသည်ဖြင့် အိန္ဒိယသကြားစက် လုပ်ငန်းရှင်များအသင်းမှ ညွှန်ကြားရေးမှူးချုပ် Mr. Abinash Verma က ပြောဆိုပါသည်။
အိန္ဒိယနိုင်ငံ၌ ရှေ့လာမည့် အောက်တိုဘာလတွင် အရန်သကြားတန်ချိန် ၉ သန်းခန့် ရှိလာနိုင်ပြီး ကုန်သည်များ၏ ရောင်းလိုအား နှေးကွေးနေမှုက နိုင်ငံတကာဈေးကွက်၌ သကြား ဈေးနှုန်းမြင့်မားမှုအပေါ် ပိုမို၍ တွန်းအားသက်ရောက်ဖွယ်ရှိပါသည်။ ဘရာဇီးနိုင်ငံရှိ ကြံစိုက်ခင်း များ၌ မိုးခေါင်ခြောက်သွေ့မှုနှင့် နှင်းခါးရိုက်မှုတို့ကို ကြုံတွေ့ရပြီးနောက် နယူးယောက် ဈေးကွက်တွင် ၄ နှစ်တာအတွင်း အမြင့်မားဆုံးအဖြစ် ၂၂-၉-၂၀၂၁ နေ့ရှိ သကြား ၁ ပေါင် ဈေးနှုန်းမှာ ၂၀.၀၄ ဆင့်သို့ ရောက်ရှိခဲ့သည်။
Indian Sugar Exim Corp ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Mr. Adhir Jha က မကြာသေးမီက ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းများမြင့်တက်လာမှုကြောင့် သကြားတင်ပို့မှု စာချုပ်အသစ်များ ချုပ်ဆိုမှုမှာ နှောင့်နှေးမှုများရှိနေကြောင်း၊ အကယ်၍ဈေးနှုန်းများ ဆက်လက် မြင့်တက်မည့် အခြေအနေရှိပါက သကြားစက်လုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်းဈေးကွက်သို့ ဦးစား‌ပေးရောင်းချစေရန် အစိုးရက ဝင်ရောက် ကြပ်မတ် ဖွယ်ရှိကြောင်း၊ သို့ဖြစ်ရာ ရှေ့လာမည့် တင်ပို့မှုရာသီအသစ်၌ အောက်တိုဘာလ လကုန်ပိုင်းခန့်ကျမှသာ သင်္ဘောတင်ပို့မှုလုပ်ငန်းများ ကို လုပ်ဆောင်နိုင်ချေရှိကြောင်းဖြင့် ပြောဆိုပါသည်။ ကမ္ဘာ့သကြားထုတ်လုပ်မှုတွင် ဒုတိယ နေရာ၌ရှိသော အိန္ဒိယနိုင်ငံရှိ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အစိုးရ၏ ကူညီထောက်ပံ့မှု အစီ အစဉ်များကို ရယူမှုနှင့်အတူ ယခုနှစ် သကြားတင်ပို့မှု ရာသီကာလတွင် ပြည်ပသို့ တန်ချိန် ၇ သန်း အထိ တင်ပို့ဖွယ်ရှိကြောင်း သိရှိရပါသည်။

Economic Times,  Market Information Service- DOP- MOALI

 

Read times Last modified on Thursday, 07 October 2021 21:31
Rate this item
(0 votes)