Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စိုက်ပျိုးစရိတ် နှစ်ဆကျော် မြင့်တက်လာသဖြင့် လယ်သမားအချို့ အရှုံးပေါ်

ယခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် စိုက်ပျိုးရေးသုံး ပစ္စည်းများ၊ သွင်းအားစုများ ဈေးနှစ်ဆကျော် မြင့်တက်သွားသဖြင့် လယ်သမားများ အရှုံးပေါ်လျက် ရှိကြောင်း သိရသည်။

ဦးသိန်းအောင်က “စပါးဈေးရယ်၊ သွင်းအားစု ဈေးရယ်၊ နောက်ပြီး အရင်က သွင်းအားစု ရောင်းတဲ့ ဆိုင်တွေက လယ် သမားတွေကို အကြွေးပေးနိုင်တယ်။ အခုက အကြွေးမပေးနိုင်တော့ဘူး။ စက်သုံးဆီ ဈေးကလည်း တက်တယ်။ အဲဒီတော့ ရေတင်လို့ မရတဲ့နေရာတွေက စက်နဲ့တွင်းကနေ ရေစုပ်တင်ပြီး စိုက်မယ့် လယ်တွေကတော့ နွေစပါးမှာ လျော့သွားနိုင် တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ ဇလွန်၊ ဓနုဖြူ၊ ကျုံပျော်၊ ပန်းတနော် အစရှိသည့် စက်ကို အသုံးပြုပြီး ရေတင်၍ နွေစပါးစိုက်ပျိုးရ သော နေရာများတွင် လက်ရှိ အခြေအနေများကြောင့် စပါးစိုက်ပျိုးမှု လျော့ကျနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီ လက်အောက်ရှိ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင် အဖွဲ့က အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ကာ အရည်အသွေးဆိုင်ရာ သတ်မှတ်စံ ချိန် စံညွှန်းများနဲ့ ကိုက်ညီတဲ့ ၁ တင်း ၄၆ ပေါင်၊ စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစပါးဈေးကို ကျပ် ၅၄၀,၀၀၀ သတ် မှတ်ကြောင်း ကြေညာထားသည်။

ယင်းသတ်မှတ်ဈေးသည် ၂၀၂၁ ခုနှစ် မိုးစပါးနှင့် ၂၀၂၂ ခုနှစ် နွေစပါးတို့အတွက် သတ်မှတ်ခြင်း ဖြစ်ပြီး ဈေးကွက် ပေါက် ဈေးက အခြေခံစပါး ဈေးနူန်းအပေါ်ဖြစ်ပါက ယင်းပေါက်ဈေးအတိုးဝယ်ယူရန်၊ ဈေးကွက်ပေါက်ဈေးက အခြေခံ စပါးဈေး အောက် ဖြစ်ပါက အခြေခံစပါးဈေးနှုန်းအတိုင်း ဝယ်ယူရန် သတ်မှတ်ထားခြင်းဖြစ်သည်။

ဦးသိန်းအောင်က “တကယ့်မြေပြင်မှာတော့ ၄၆ ပေါင်နဲ့ ဝယ်တဲ့ ကုန်သည်ဆိုတာ မရှိတော့သလို သူတို့ပြောတဲ့ ၁၄ မှတ် တော့လည်း မမှီဘူးပေါ့။ အခု တကယ့်အနေအထားက ၁၅ မှတ်၊ ၁၆ မှတ်ဆိုရင် ပေါင် ၅၀ နဲ့ အရောင်းအဝယ် ဖြစ်ပါ တယ်။ အစိုဆိုရင် ၅၅ ပေါင်၊ ၅၂ ပေါင် အစားစားပေါ့။ ဒါပေမယ့် ပေါ်ခါစတုန်းက စပါးဈေးက ကျတယ်။ အခုရက်လေး မှာတော့ အညာဘက်ကလည်း ဆန်လိုအပ်မှု ရှိနေတယ်လို့ ပြောတယ်။ ဒါကြောင့် လောလောဆယ်တော့ ကျပ် ၆ သိန်း ဝန်းကျင်လောက် ဖြစ်နေတယ်။အဲဒီတော့ စပါးဈေးက ထိုးကျသွားမယ် ထင်ပေမယ့် ကျတော့ မသွားဘူးပေါ့” ဟု လက်ရှိ အခြေအနေကို ရှင်းပြသည်။

သို့သော်လည်း အောက်တိုဘာလ ၁၅ ရက်နောက်ပိုင်းတွင် စပါးများလှိုင်လှိုင်ပေါ်လာမည်ဖြစ်သောကြောင့် ကုန်သည်များ ၏ ဝယ်ယူမှုကို စောင့်ကြည့်ရမည့် အခြေအနေဖြစ်ကြောင်း လက်ရှိဈေးကွက်တွင် စပါးဈေးမှာ တင်းတရာလျှင် နေရာ ဒေသလိုက်၍ ကျပ် ၅ သိန်းမှ ကျပ် ၆ သိန်းအထိ ရှိနေကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “ဒါပေမယ့် သူတို့ (စစ်ကောင်စီ) သတ်မှတ်ဈေးထက် ပိုရတယ်ဆိုပေမယ့် ပေါင်နဲ့ကျတော့ အပြင်မှာ က ၄ ပေါင်လောက် ပိုပေးရတော့ ဘာမှတော့ မထူးပါဘူး။ အခုဈေးက ရှုံးတော့ မရှုံးဘူးပေါ့။ ကိုက်သလားလို့ မေးရင် အမြတ်တော့ မရဘူးပေါ့။ မရှုံးနိုင်တော့ရင်ပဲ တောင်သူက ကျေးဇူးတင်ရတဲ့ အနေအထား ဖြစ်နေတာ” ဟု ရှင်းပြသည်။

စပါးဈေးမှာ ကျပ် ၇ သိန်းဈေးဝန်းကျင် ရမှသာလျှင် တောင်သူများအတွက် အမြတ် ၇ သောင်းမှ ကျပ်တသိန်းအထိ ကျန် နိုင်မည့် အခြေအနေရှိကြောင်း သိရသည်။

ယခုနှစ်တွင် သွင်းအားစု ဈေးနူန်းများ မြင့်တက်ခြင်းကြောင့်လည်း လယ်တစ်ဧက မြေဆီ တစ်အိတ်ကျွေးရမည့် နေရာတွင် လယ်သုံးဧကကို မြေဆီ ၁ အိတ်သာ ကျွေးနိုင်သည့် အနေအထားများဖြစ်လာသဖြင့် အထွက်နှုန်းလည်း လျော့ကျကြောင်း၊ သွင်းအားစုအပြည့်အဝ သုံးနိုင်သည့် လယ်တဧကလျှင် စပါးတင်း ၇၀ သာထွက်ရှိပြီး စိုက်ပျိုး ကုန်ကျစရိတ်မှာ ကျပ် ၄ သိန်းကျော် ရှိသည်။

ထို့ကြောင့်လည်း လက်ရှိဈေးကွက် ပေါက်ဈေးနှင့် တွက်ကြည့်လျှင် အရင်း ဝန်းကျင်သာ ရရှိသည်က များကြောင်း၊ တချို့ ကားလမ်းနှင့် သယ်ယူမှု ဝေးသည့် နေရာရှိ စပါးစိုက် လယ်သမားများမှာ ဝယ်ယူသည့်ကုန်သည်မှ သယ်ယူစရိတ်များ နုတ်ခြင်းကြောင့် တင်းတရာလျှင် ကျပ် ၅ သိန်းကျော်သာ ရရှိသဖြင့် အရင်းရှုံးသည့် လယ်သမားများလည်း ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း ခရမ်းမြို့နယ်ရှိ လယ်သမား တဦးက “ဒီမှာတော့ စက်ထဲအရောက်ဆိုရင် ၅၅ ပေါင်၊ စပါးတင်း တရာကို ကျပ် ၆ သိန်း ၂ သောင်းဈေး ပေါက်တယ်။ တတင်းကို ၄ ပေါင်ခွဲလောက် ပိုပေးရတာပေါ့။ ဒီဈေးက ဒီနှစ်အခြေအနေနဲ့က ကိုက်တယ်လို့တော့ မဟုတ်ဘူးပေါ့။ မကိုက်လည်း လုပ်နေရတာပဲ။ သွင်းအားစု များတယ်၊ ဆီဈေးလည်း တက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခင်နှစ်က ပုလဲဓာတ်မြေဩဇာ တအိတ်လျှင် ကျပ် ၂၅၀၀၀၊ ၂၆၀၀၀ ရှိရာမှ ယခုနှစ်တွင် ကျပ် ၇၀၀၀၀ ကျော်အထိရှိပြီး စက်နှင့် ရိတ်သိမ်းပါက တဧကလျှင် ကျပ် ၆၀၀၀၀ ကျော်ပေးရကြောင်း၊ ဓာတ်ဆီ၊ ဒီဇယ်ဈေးကို ကြည့်လျှင်လည်း ယခင် နှစ်က တပေပါလျှင် ကျပ် ၁ သိန်း ၇ သောင်းရှိရာမှ ယခုနှစ်တွင် ကျပ် ၂ သိန်း ၇ သောင်းမှ ကျပ် ၄ သိန်း‌ကျော် အထိ ဖြစ်လာသဖြင့် စိုက်ပျိုးစရိတ်မှာ ယခင်ထက် နှစ်ဆကျော် ကုန်ကျမှုရှိကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “အရင်းမရှုံးပေမယ့် အထွက်နှုန်းကတော့ လျော့တယ်။ မြေဆီ ကျွေးနိုင်တဲ့သူက ပုံမှန်ပေမယ့် မကျွေးနိုင်တဲ့ သူက လျော့တယ်ပေါ့။ ဆိုင်တွေကလည်း အရင်လို အကြွေးမရောင်းပေးနိုင်တော့ လက်ငင်းစနစ်နဲ့ ဆိုတော့ မကျွေးနိုင်တော့ဘူးပေါ့။ အခုက ရှာလို့ဖွေလို့လည်း မလွယ်တော့ ခက်ခဲကုန်ကြတာ။ နွေစပါးကတော့ အခု ကုန်ဈေးနှုန်း နဲ့ဆိုတော့ စိုက်ဖို့က မလွယ်ဘူး” ဟု ရှင်းပြသည်။

ပြီးခဲ့သည့်နှစ်က စပါးတင်းတရာလျှင် ကျပ် ၅၂၀၀၀၀ ရှိခဲ့ပြီး ယခု ကုန်ဈေးနှုန်း ကြီးမြင့်သည့်နှစ်တွင် စပါးဈေး ကျပ် ၅၄၀၀၀၀ သတ်မှတ်ခြင်းမှာ အရာမရောက်ကြောင်း စပါးစိုက် တောင်သူများအနေနှင့် ငွေတိုးနှင့် လယ်လုပ်ရခြင်း၊ မိမိပိုင် ပစ္စည်းများ ပေါင်နှံပြီး လယ်စိုက်ရခြင်းများ ရှိသောကြောင့် ယခုနှစ် ဈေးနှင့်သာဆိုလျှင် လယ်ယာများ စွန့်ရမည့် အခြေ အနေနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း ပခုက္ကူ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားသည်။

Source: burma.irrawaddy.com

Read times
Rate this item
(0 votes)