Food & Livestock
အသင့်ထုပ်ပိုးထားသော စားသောက်ကုန် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာအမိန့် အခန်း (၉)
အခန်း (၉)
တာဝန်ရှိခြင်း
၃၁။ အစားအသောက်လုပ်ငန်း လုပ်ကိုင်သူ မည်သူမဆို အောက်ပါတို့ကို လိုက်နာဆောင်ရွက်ရမည် -
(က) အစားအသောက်ထုတ်လုပ်သူ၊ တင်သွင်းသူ သို့မဟုတ် ဖြန့်ဖြူးသူသည် အသင့်ထုပ်ပိုးထားသော အစားအသောက်များတွင် ဤအမိန့်ပါ ပြဋ္ဌာန်းချက်နှင့် ပြည့်စုံညီညွတ်စွာ အမှတ်တံဆိပ်ကပ်ရန်၊
(ခ) အစားအသောက်ကို ပြန်လည်ထုပ်ပိုးခြင်း သို့မဟုတ် ပြင်ဆင်ထုပ်ပိုးခြင်း ဆောင်ရွက်ပါက ယင်းသို့ဆောင်ရွက်သူ သို့မဟုတ် ယင်းလုပ်ငန်းကို ပိုင်ဆိုင်သူ မည်သူမဆို ဤအမိန့်ပါပြဋ္ဌာန်းချက်နှင့် ပြည့်စုံညီညွတ်စွာ အမှတ်တံဆိပ်ကပ်ရန်၊
(ဂ) အသင့်ထုပ်ပိုးထားသော အစားအသောက်ကို ထပ်ဆင့်ဖြန့်ဖြူးခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ လက်ကားလက်လီရောင်းချခြင်း၊ ရွှေ့ပြောင်းသယ်ယူရောင်းချခြင်း (Mobile Sale)၊ အင်တာနက်မှ ရောင်းချခြင်း (Online Sale) စသည့်နည်းလမ်း တစ်မျိုးမျိုးဖြင့် စားသုံးသူထံတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရောင်းချသူ သို့မဟုတ် ရောင်းချသည့်လုပ်ငန်းစဉ်တွင် ပါဝင်သူ မည်သူမဆို ဤအမိန့်ပါ ပြဋ္ဌာန်းချက်နှင့် ပြည့်စုံညီညွတ်သည့် အသင့်ထုပ်ပိုးထားသော အစားအသောက်ကိုသာ ဖြန့်ဖြူးခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းပြုလုပ်ရန်၊
(ဃ) အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်နှင့် အညွှန်းစာများ၏ ရှင်းလင်းချက်ကို သက်ဆိုင်ရာဌာနအဖွဲ့ အစည်းက တင်ပြစေသည့်အခါ မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် အချက်အလက်ပြည့်စုံမှန်ကန်စွာ တင်ပြရန်။
၃၂။ အသင့်ထုပ်ပိုးထားသော အစားအသောက်ကို ခင်းကျင်းပြသခြင်း၊ နမူနာပေးခြင်း၊ လှူဒါန်း ခြင်းပြုလုပ်သူ မည်သူမဆို ဤအမိန့်ပါ ပြဋ္ဌာန်းချက်နှင့် ပြည့်စုံညီညွတ်သည့် အသင့်ထုပ်ပိုးထားသော အစားအသောက်ကိုသာ အသုံးပြုရန် တာဝန်ရှိသည်။
၃၃။ အသင့်ထုပ်ပိုးထားသော အစားအသောက်ကို ချက်ပြုတ်ခြင်း၊ ပြင်ဆင်ခြင်း၊ တည်ခင်းခြင်း၊ ကျွေးမွေးခြင်း ပြုရန်အသုံးပြုသူ သို့မဟုတ် ပြင်ဆင်တည်ခင်းရောင်းချသူ သို့မဟုတ် စားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်သူ မည်သူမဆို ဤအမိန့်ပါ ပြဋ္ဌာန်းချက်နှင့် ပြည့်စုံညီညွတ်သည့် အသင့်ထုပ်ပိုးထားသော အစားအသောက်ကိုသာ အသုံးပြုရန်၊ အမှတ်တံဆိပ်နှင့် အညွှန်းစာပါအညွှန်းများအတိုင်း လျော်ကန်စွာ သုံးစွဲရန်နှင့် ယင်းသို့လိုက်နာဆောင်ရွက်ကြောင်း တာဝန်ခံရန် တာဝန်ရှိသည်။
၃၄။ စားသုံးသူမည်သူမဆို ဤအမိန့်ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်သော အမှတ်တံဆိပ်နှင့် အညွှန်းစာ ဟုတ်၊ မဟုတ် သတိပြုဝယ်ယူရန်၊ အမှတ်တံဆိပ်နှင့် အညွှန်းစာပါအညွှန်းများအတိုင်း လျော်ကန်စွာ သုံးစွဲရန်၊ ပြဋ္ဌာန်းချက်များနှင့်ညီညွတ်သော အမှတ်တံဆိပ်နှင့် အညွှန်းစာပါဝင်သည့် အစားအသောက်ကို ရွေးချယ်စားသုံးရန် တာဝန်ရှိသည်။
၃၅။ မည်သူမဆို ဤအမိန့်ပါပြဋ္ဌာန်းချက်များနှင့် မညီညွတ်သော အမှတ်တံဆိပ်နှင့် အညွှန်းစာကိုတွေ့ရှိလျှင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန သို့မဟုတ် အမျိုးသားအစားအသောက် ဥပဒေအရ ဖွဲ့စည်းသောကော်မတီ သို့မဟုတ် အဖွဲ့အစည်းထံ သတင်းပေးပို့ တိုင်ကြားခြင်းကို လွတ်လပ်စွာဆောင်ရွက်နိုင်သည်။
ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့
#MyanmarFoodGuide



