Food & Livestock
အမေရိကန်အာလူး မြန်မာပြည်မှာစိုက်မယ်
ရှမ်းပြည်နယ်မှာ ရာသီနဲ့ ရောဂါဒဏ်ခံ အမေရိကန် အာလူးမျိုး ဒီလထဲ စိုက်ပျိုးဖို့ ရှိတယ်လို့ သိရပါတယ်။
ဒီအတွက် Potatoes USA ဆိုတဲ့ အမေရိကန် ပြည်ထောင်စုက စီးပွားဖြစ် အာလူးစိုက်ပျိုးသူများ အသင်းဟာ မြန်မာနိုင်ငံ အပါအ၀င် လျာထားတဲ့ ဈေးကွက်တွေကို အာလူးမျိုးစေ့ ၁၂ မျိုးလောက် တင်ပို့ရောင်းချနိုင်ဖို့ ပြည်နယ်ပေါင်းစုံမှာရှိတဲ့ အာလူးစိုက်ပျိုးတဲ့ တောင်သူတွေဆီက မျိုးစေ့တွေကို ၀ယ်ယူနေပါတယ်။
ထွန်းသစ်စ ဈေးကွက်တွေကို အမေရိကန် စိုက်ပျိုးရေးကုန်စည်တင်ပို့ရေး မြှင့်တင့်တဲ့ အနေနဲ့ USDA အမေရိကန် စိုက်ပျိုးရေးဌာနက ရန်ပုံငွေနဲ့ အဲဒီနိုင်ငံတွေမှာ အာလူးအမျိုးမျိုးကို ကနဦးစိုက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ၃ သုတ်ခွဲပြီး တင်ပို့မှာပါ။ ပထမဆုံး တင်ပို့တဲ့ မျိုးစေ့တွေက ဒီဇင်ဘာလ အစောပိုင်းက ရောက်နှင့်သွားပြီလို့ သိရပါတယ်။
အမေရိကန် အာလူးမျိုးတွေကို အာလူးအဓိက စိုက်ပျိုးတဲ့ ရှမ်းပြည်နယ်မှာ ဇန်န၀ါရီလ ဒုတိယပိုင်း သီတင်းပတ်တွေမှာ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။
တင်ပို့မယ့် နိုင်ငံတွေက ပူနွေးတဲ့ ရာသီနဲ့လည်း ကိုက်ရမယ့်အပြင် အာလူးတွေမှာ ကျရောက်လေ့ ကျရောက်ထရှိတဲ့ ရောဂါဒဏ်ကိုလည်း ခံနိုင်ရည်ရှိတဲ့ မျိုးစေ့တွေ ၀ယ်တာပါ။ အမေရိကန်အာလူး မျိုးစေ့ အမျိုးမျိုးကို မြန်မာ၊ မော်ရိုကိုနဲ့ ဂွာတီမာလာ နိုင်ငံတွေမှာ ဒီနှစ်ဆန်းပိုင်းမှာ စိုက်ပျိုးဖို့လည်း ကြိုးစားနေပါတယ်။
အမေရိကန် အာလူးမျိုးစေ့ အမျိုးမျိုး စိုက်ပျိုးဖို့ Potatoes USA အုပ်ချုပ်မှု ကော်မတီဝင် Steve Streich ဦးဆောင်တဲ့ အဖွဲ့က ကူညီမှာဖြစ်ပါတယ်။
သူက Montana ပြည်နယ်ကဖြစ်ပြီး မြန်မာနိုင်ငံကို ရောက်ရှိခိုက် အဖိုးတန်တဲ့ အချက်အလက်တွေကို အာလူးစိုက် တောင်သူတွေကို ဝေမျှမှာလည်း ဖြစ်ပါတယ်။
ဒီလထဲ မော်ရိုကိုကို အမေရိကန် အာလူးမျိုးစေ့ နမူနာတွေ ပေးပို့မှာဖြစ်ပြီး ဂွာတီမာလာ နိုင်ငံကိုတော့ မတ်လမှာ ပို့မှာဖြစ်ပါတယ်။
Source: RFA Burmese