Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ချဉ်ပေါင်ဖာလာ တန်ချိန် ၅၀၀ တရားဝင်ဝယ်ယူရန် တရုတ်ကမ်းလှမ်း

ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အဓိကအသုံးပြုနေတဲ့ ချဉ်ပေါင်ဖာလာစေ့ တန်ချိန် ၅၀၀ ကို

တရုတ်နိုင်ငံမှ Jinxing Group ကုမ္ပဏီက ၂၀၁၈ ခုနှစ်အတွင်း တရားဝင်ဝယ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ မြန်မာနိုင်ငံ ချဉ်ပေါင်ဖာလာအဖွဲ့ကနေ သိရပါတယ်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ ယူနန်ပြည်နယ်အစိုးရတို့ ပူပေါင်းပြုလုပ်တဲ့ ၁၆ ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်စီးပွားရေးနှင့် ကုန်သွယ်မှုပြပွဲမှာ တရားဝင်ဝယ်ယူဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး စာချုပ်ချုပ်ဆိုဖို့နဲ့ ရောင်းချမယ့်ဈေးနှုန်းတွေကို ထပ်မံဆွေးနွေးရဦးမှာဖြစ်တယ်လို့ အဲဒိအဖွဲ့ကနေ သိရပါတယ်။

 

မြန်မာ့ချဉ်ပေါင်ဖာလာတွေကို တရုတ်နိုင်ငံဆီ တရားဝင် တင်ပို့ခွင့်ပြုထားပေမယ့်လည်း တရုတ်နိုင်ငံဘက်က တရားဝင်ဝယ်ယူခွင့် မပြုထားတာကြောင့် ဈေးနှိမ်ခံရတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ ဇီဝတိုင်းရင်းဆေး ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ မြန်မာ့ချဉ်ပေါင်ဖာလာကို အဓိကအားထား နေရတာဖြစ်ပြီး နှစ်စဉ် မြန်မာ့ချဉ်ပေါင်ဖာလာကို တန်ချိန် ၃၀၀၀ ခန့် တင်ပို့နေရတယ်လို့လည်း မြန်မာ့ချဉ်ပေါင်ဖာလာအဖွဲ့ဆီကနေ သိရပါတယ်။

 

ဒီချဉ်ပေါင်ဖာလာကိုတော့ သံတောင်မြို့နယ်၊ ဘားအံမြို့နယ်နဲ့ ထားဝယ်မြို့နယ်တွေမှာ အဓိကထွက်ရှိပြီး မြန်မာနိုင်ငံမှာ တန်ဖိုးမြင့် ကုန်ပစ္စည်းအနေနဲ့ ပြုပြင်မထုတ်လုပ်နိုင်တာကြောင့် တရုတ်နိုင်ငံကို ကုန်ကြမ်းအနေနဲ့ ချဉ်ပေါင်ဖာလာအခြောက်စေ့အတိုင်းသာ တင်ပို့နေရတာဖြစ်ပါတယ်။ အခြောက်ခံစနစ်၊ ထုပ်ပိုးမှုစနစ်တွေနဲ့ အရည်အသွေးအလိုက် ပြုပြင်ရောင်းချဖို့အတွက်လည်း တရုတ်ကုန်သည်တွေက အကြံပြုပြောဆိုထားတယ်ရှိတယ်လို့လည်း အဲဒီအဖွဲ့ဆီကနေ သိရပါတယ်။

 

“သူတို့က အားဆေးနဲ့ ပရဆေးအနေနဲ့ သုံးတယ်။ ငြုပ်ကောင်းအစား ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အဓိကသုံးတယ်။ ဒီတန်ချိန် ၅၀၀ က တရားဝင် အသိအမှတ်ပြုတဲ့ တန်ချိန်လို့ ပြောရမှာပေါ့။ တရားဝင်မဝယ်လည်း ဒီအတိုင်း နားလည်မှုနဲ့ သွားနေရတာ။ အဆင်ပြေရင် ပြေသလို၊ မပြေတော့လည်း မပြေသလိုပေါ့” လို့ မြန်မာနိုင်ငံ ချဉ်ပေါင်ဖာလာအဖွဲ့မှ ဒုတိယသက္ကဋ္ဌ ဦးမြင့်အောင်က ပြောပါတယ်။

 

“ဒီမှာက တစ်ပိဿာကို ကျပ် ၄ သောင်းရတယ်။ သူတို့နိုင်ငံက လာဝယ်လည်း ဒီဈေးပဲ။ ဟိုမှာ ပြပွဲသွားပြတော့ လက်လီရောင်းတာတောင် တစ်ပိဿာကို ၂ သိန်းဈေးလောက်ရတယ်။ ဒါတရားဝင် ကုန်စည်ပြပွဲမို့လို့ ဒီလောက်ရတာလေ။ တရားဝင်မသွားရင် ဒီလောက်မရဘူး။ သူတို့က အရည်အသွေးကောင်းတာကို ပိုကြိုက်တယ်။ ဒါတွေသာ သူတို့နိုင်ငံမှာ တရားဝင်ခွင့်ပြုရင် ဈေးကောင်းရမှာ” လို့ ဦးမြင့်အောင်က ပြောပါတယ်။

 

Source: The Voice

Read times Last modified on Tuesday, 18 September 2018 15:49
Rate this item
(1 Vote)