Food & Livestock



၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွက် စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း FAO ထုတ်ပြန်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွက် စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း FAO ထုတ်ပြန်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အီတလီနိုင်ငံ၊ ရောမမြို့အခြေစိုက် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွက် FAO စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း (FAO Food Price Index – FFPI) ကို “FAO Food Price Index continued to drop in December, however, it rose substantially on a yearly basis” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့ပါသဖြင့် ပူးတွဲတင်ပြအပ်ပါသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် အောက်ပါအဓိကအချက်များ ဖော်ပြပါရှိပါသည် - 

 

ဒီဇင်ဘာလတွင် FAO စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း (FFPI) သည် နိုဝင်ဘာလထက် ၂.၆ မှတ် (၁.၉ ရာခိုင်နှုန်း) ကျဆင်းခဲ့ပြီး ပျမ်းမျှ ၁၃၂.၄ မှတ်ရှိခဲ့ကာ နှစ်အားဖြင့် ၂၀၂၂ ခုနှစ်တွင် FFPI ဈေးနှုန်းညွှန်းကိန်းပျမ်းမျှ ၁၄၃.၇ မှတ်ရှိခဲ့ကြောင်း သိရှိရပါသည်။

 

 

photo_2023-01-13_08-15-31.jpg

 

 နှံစားသီးနှံများ၏ဈေးနှုန်းညွှန်းကိန်း (Cereal Price Index) သည် ဒီဇင်ဘာလတွင် ပျမ်းမျှ ၁၄၇.၃ မှတ်ရှိခဲ့ပြီး နိုဝင်ဘာလထက် ၂.၉ မှတ် (၁.၉ ရာခိုင်နှုန်း) ကျဆင်းခဲ့ကြောင်း၊ တောင်ကမ္ဘာခြမ်းနိုင်ငံများတွင် ဂျုံတင်ပို့မှု မြင့်တက်ခဲ့သည့် အတွက် ဂျုံပို့ကုန်ဈေးနှုန်း ကျဆင်းခဲ့ပြီး ကမ္ဘာ့ပြောင်းဆံဈေးနှုန်းသည်လည်း တစ်လချင်းအလိုက် ဆက်တိုက် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

 

 FAO နှံစားသီးနှံဈေးနှုန်းညွှန်းကိန်းသည် နှစ်အားဖြင့် ၂၀၂၂ ခုနှစ်တွင် ၁၅၄.၇ မှတ်ဖြင့် စံချိန်တင်မြင့်တက်ခဲ့ကာ ၂၀၂၁ ခုနှစ်ထက် ၂၃.၅ မှတ် (၁၇.၉ ရာခိုင်နှုန်း) ပိုမိုမြင့်တက် ခဲ့ကြောင်း၊ အလားတူ ကမ္ဘာ့ပြောင်းဆံနှင့် ဂျုံဈေးနှုန်းတို့သည်လည်း ၂၀၂၂ ခုနှစ်တွင် ၁၅၄.၇ မှတ်ဖြင့် စံချိန်တင်မြင့်တက်ခဲ့ကာ ၂၀၂၁ ခုနှစ်ထက် ၂၃.၅ မှတ် (၁၇.၉ ရာခိုင်နှုန်း) ပိုမိုမြင့်တက်ခဲ့ကြောင်း၊ ဈေးနှုန်းမြင့်တက်ခဲ့သည့် အကြောင်းရင်းများမှာ စျေးကွက် အနှောက်အယှက်နှင့် စျေးကွက်မတည်ငြိမ်မှု၊ စွမ်းအင်နှင့် သွင်းအားစုဈေးနှုန်းကြီးမြင့်မှု၊ ဥတုရာသီဖောက်ပြန်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာလိုအပ်မှု ဆက်လက် အားကောင်း ခိုင်မာနေမှုတို့ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

 

photo_2023-01-13_08-15-49.jpg

 

ဟင်းသီးဟင်းရွက်ဆီဈေးနှုန်းညွှန်းကိန်း (Vegetable Oil Price Index) သည် ဒီဇင်ဘာလ တွင် ၁၀.၃ မှတ် (၆.၇ ရာခိုင်နှုန်း) ကျဆင်းခဲ့ကာ ပျမ်းမျှ ၁၄၄.၄ မှတ်ရှိခဲ့ကြောင်း၊ ယင်းသို့ ဈေးနှုူန်းကျဆင်းခဲ့မှုသည် စားအုန်းဆီ၊ ပဲပိစပ်ဆီ၊ မုန်ညှင်းဆီနှင့် နေကြာဆီ ဈေးနှုန်းတို့အပေါ် နိုင်ငံတကာဈေးနှုန်းသတ်မှတ်ချက် ကျဆင်းခဲ့မှုကြောင့်ဖြစ်ကြောင်း၊ ကမ္ဘာ့စားအုန်ဆီဈေးနှုန်းသည်လည်း ဒီဇင်ဘာလတွင် ၅ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ ကြောင်းနှင့် တောင်အမေရိကနိုင်ငံများတွင် ရာသီအလိုက် သီးနှံဖြစ်ထွန်းမှု အလား အလာကောင်းများကြောင့် ကမ္ဘာ့ဆီအုန်းဈေးနှုန်းသည်လည်း သိသာစွာ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

 

 

photo_2023-01-13_08-14-40.jpg

 

 

နို့ထွက်ပစ္စည်းများ၏ ဈေးနှုန်းညွှန်းကိန်း (Dairy Price Index) သည် နိုဝင်ဘာလ ထက် ၁.၅ မှတ် (၁.၁ ရာခိုင်နှုန်း) မြင့်တက်ခဲ့ပြီး ပျမ်းမျှ ၁၃၉.၁ မှတ်ရှိခဲ့ကြောင်း၊ အထူးသဖြင့် အနောက်ဥရောပတွင် ဒိန်ခဲတင်သွင်းမှုကျဆင်းကာ ဝယ်လိုအားမြင့် တက်ခဲ့မှုကြောင့် ဒိန်ခဲဈေးနှုန်း မြင့်တက်ခဲ့ကြောင်း၊ သို့ရာတွင် ထောပတ်ဈေးနှုန်းမှာ ပြည်တွင်း ထုတ်လုပ်မှုဖူလုံခြင်းကြောင့် ၆ လ ဆက်တိုက် ကျဆင်းခဲ့ကာ နိုင်ငံတကာ နို့မှုန့် ဈေးနှုန်းသည်လည်း အနည်းငယ် ကျဆင်းခဲ့ကြောင်း၊ နှစ်အားဖြင့် ၂၀၂၂ ခုနှစ်တွင်  နို့ထွက် ပစ္စည်းများ၏ ဈေးနှုန်းညွှန်းကိန်းသည် ၂၀၂၁ ခုနှစ်ထက် ၂၃.၃ မှတ် (၁၉.၆ ရာခိုင်နှုန်း) ပိုမိုမြင့်တက်ခဲ့ပြီး ပျမ်းမျှ ၁၄၂.၅ မှတ်ရှိခဲ့ကြောင်း၊သိရှိရပါသည်။

 

photo_2023-01-13_08-15-55.jpg

 

အသားဈေးနှုန်းညွှန်းကိန်း (Meat Price Index) သည် နိုဝင်ဘာလထက် ၁.၄ မှတ် (၁.၂ ရာခိုင်နှုန်း) ကျဆင်းခဲ့ကာ ပျမ်းမျှ ၁၁၃.၈  မှတ်ရှိခဲ့ကြောင်း၊ ယင်းသို့ ညွှန်းကိန်းကျ ဆင်းခဲ့မှုသည် ကမ္ဘာ့ဈေးကွက်တွင် အမဲသားနှင့် ကြက်/ဘဲ ဈေးနှုန်းများ ကျဆင်းခဲ့မှု ကြောင့်ဖြစ်ကြောင်း၊ သို့ရာတွင် ခရစ္စမတ်အကြိုကာလ ပြည်တွင်းစားသုံးမှု မြင့်တက်ခဲ့မှု ကြောင့် ဝက်သားဈေးနှုန်းမှာ မြင့်တက်ခဲ့ကြောင်း၊ နှစ်အားဖြင့် ၂၀၂၂ ခုနှစ်တွင် FAO အသားဈေးနှုန်းညွှန်းကိန်းသည် ၂၀၂၁ ခုနှစ်ထက် ၁၁.၂ မှတ် (၁၀.၄ ရာခိုင်နှုန်း) မြင့် တက်ခဲ့ပြီး ပျမ်းမျှ ၁၁၈.၉ မှတ်ရှိခဲ့ကြောင်း သိရှိရပါသည်။

 

ဒီဇင်ဘာလတွင် သကြားဈေးနှုန်းညွှန်းကိန်း (Sugar Price Index) သည် နိုဝင်ဘာလ ထက် ၂.၈ မှတ် (၂.၄ ရာခိုင်နှုန်း) မြင့်တက်ခဲ့ပြီး ပျမ်းမျှ ၁၁၇.၂ မှတ်ရှိခဲ့ကြောင်း၊ ယင်းသို့ သကြားဈေးနှုန်းမြင့်တက်ခဲ့မှုသည် ကမ္ဘာ့ဒုတိယသကြားတင်ပို့ဆုံးသော အိန္ဒိယနိုင်ငံတွင် မိုးလေဝသဖောက်ပြန်မှု၏ သက်ရောက်မှုနှင့် ဆက်စပ်နေ ကြောင်း၊ နှစ်အားဖြင့် ၂၀၂၂ ခုနှစ်တွင် FAO သကြားဈေးနှုန်းညွှန်းကိန်းသည် ၂၀၂၁ ခုနှစ်ထက် ၅.၁ မှတ် (၄.၇ ရာခိုင်နှုန်း) မြင့်တက်ခဲ့ကာ ပျမ်းမျှ ၁၁၄.၅ မှတ် ရှိခဲ့ကြောင်း သိရှိရပါသည်။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 13 January 2023 08:21
Rate this item
(0 votes)