Food & Livestock



အင်ဒိုနီးရှား ပုစွန်သားပေါက် ပြည်ပတင်ပို့မှု မူဝါဒ ဖြေလျော့

အင်ဒိုနီးရှား ပုစွန်သားပေါက် ပြည်ပတင်ပို့မှု မူဝါဒ ဖြေလျော့

https://t.me/Guid4U
JOIN THE CHANNEL 

အင်ဒိုနီးရှားအစိုးရသည် သဘာဝအလျောက် ရှင်သန်နေသည့် ပုစွန်ထုပ်များ အလွန်အကျွံ ဖမ်းဆီးကြသဖြင့် မျိုးတုံးပျောက်ကွယ်ခြင်းမှ ကာကွယ်ရန် ၂၀၁၆ ခုနှစ်တွင် တားမြစ်ထားသော ပုစွန်သားပေါက်များ တင်ပို့မှုကို ယခုအခါ ပြန်လည် ခွင့်ပြုပါသည်။

 

ဒေသခံငါးဖမ်းသမားများ၏ ဝင်ငွေတိုးစေရန်၊ ပြည်တွင်း ရေသတ္တဝါ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်တို့အတွက် ပြန်လည်ခွင့်ပြုသည်ဟု ရေလုပ်ငန်း ဝန်ကြီးဌာနက ပြောကြားသည်။

 

၂၀၁၆ ခုနှစ်တွင် ပိတ်ပင်ခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် တကြိမ် ပြန်ခွင့်ပြုခဲ့ဖူးပါသည်။

ထိုစဉ်က ရေလုပ်ငန်းဝန်ကြီးဖြစ်သူ Edhy Prabowo က ပို့ကုန် လိုင်စင်များ ချပေးရာတွင် လာဘ်စားခဲ့သဖြင့် ဖမ်းဆီးအရေးယူကာ ထောင်ဒဏ်ချမှတ်ခဲ့ပြီး ပုစွန်သားပေါက် တင်ပို့မှုကိုလည်း ပြန်လည် ပိတ်ပင်ခဲ့ပါသည်။

 

ယခုတကြိမ်တွင် မူဝါဒ လိုက်နာကျင့်သုံးခြင်းကို အနီးကပ် စောင့်ကြည့်မည်ဖြစ်ပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမည်ဟု ဝန်ကြီးဌာနက ပြောကြားသည်။ 

 

ယခု မူဝါဒ ဖြေလျော့ရာတွင် လိုက်နာရမည့် အချက်များတွင် ဒေသခံ ငါးဖမ်းသူများက သဘာဝအလျောက် ပေါက်ဖွားသည့် ပုစွန်သားပေါက်များကို အရှင်ဖမ်းဆီးပြီး ရောင်းချရာတွင် ဝယ်ယူသူ ပြည်ပို့ကုန်လုပ်ငန်းရှင်သည် အနည်းဆုံး ၂% ကို ပင်လယ်ထဲ ပြန်လွှတ်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။

 

၂၀၂၀ ပြည့်နှစ်မေလတွင် ပုစွန်သားပေါက် တင်ပို့မှု ပြန်လည်ခွင့်ပြုစဉ်ကလည်း အလားတူအချက် ပြဋ္ဌာန်းခဲ့ပါသည်။ မွေးမြူရေးပုစွန်များကို သဘာဝ ပင်လယ်ထဲ လွှတ်ပေးရန် ညွန်ကြားခဲ့ပါသည်။ ကုန်သည်များက မွေးမြူရေးပုစွန်များကို မလွှတ်ဘဲ  တံငါသည်များ ဖမ်းဆီးရရှိသည့် ပုစွန်များကို ဝယ်ယူပြီး ပြန်လွှတ်ခဲ့ပါသည်။ 

 

ပုစွန်သားပေါက် တင်ပို့မှု ပိတ်ပင်ထားသည့်အတွက် ကုန်သည်များက မှောင်ခို တင်ပို့ကြပါသည်။ 

ဗီယက်နမ်၊ စင်ကာပူနှင့် တရုတ်နိုင်ငံတို့ထံ အဓိကအားဖြင့် မှောင်ခိုတင်ပို့ကြပါသည်။ 

ပုစွန်သားပေါက်များကို ဝယ်ယူပြီး မွေးမြူထားကာ ပုစွန်ထုပ်ကြီး ဖြစ်သည့်အခါ ရောင်းချကြသည်။ ထိုအခါ ဈေးကောင်း ရရှိကြသည်။

ပုစွန်များကို ရေလှောင်အိမ်များဖြင့် မွေးမြူကြပြီး ငါးအသေးစားများကို အစာအဖြစ် ကျွေးမွေးသည်။ ၆ လ ဝန်းကျင်အကြာတွင် အရွယ်ရောက်သည့်အခါ အရှင်ဖမ်းဆီးပြီး ဈေးကွက်သို့ အရှင်အတိုင်း တင်ပို့ကြသည်။ 

ပုစွန်သားပေါက်များသည် နုနယ်သည်။ မွေးမြူထားသည့် သားပေါက်များတွင် သေဆုံးနှုန်းမှာ ၅၀% အထက်တွင် ရှိနေတတ်ပါသည်။ 

အင်ဒိုနီးရှားတွင် ပုစွန်သားပေါက်များနှင့် ပုစွန်အရွယ်ငယ်ငယ်များ မှောင်ခိုတင်ပို့သည့် ပမာဏသည် တနှစ်လျှင် ကန်ဒေါ်လာ ၆၂ သန်းဝန်းကျင် ရှိမည်ဟု ခန့်မှန်းပါသည်။  

 

ယခုအခါ မူဝါဒဖြေလျှော့ပြီး တရားဝင်တင်ပို့ခွင့် ပေးအပ်လိုက်သဖြင့် မှောင်ခိုတင်ပို့မှုများ လျော့နည်း ပပျောက်သွားမည် ဖြစ်ပါသည်။ 

 

Source mongabay


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)