Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ရေထွက်ကုန်များဝယ်ယူရန် ရုရှားလုပ်ငန်းရှင်များကမ်းလှမ်း

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများဝယ်ယူရန် ရုရှားနိုင်ငံမှ ကုမ္ပဏီလုပ်ငန်းရှင်များက

ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးထွန်းအေးကပြောကြားထားကြောင်း သိရပါတယ်။

 

မြန်မာ့ရေထွက်ကုန်များဝယ်ယူရန် ကမ်းလှမ်းလိုက်သည့်အတွက် ရုရှားနိုင်ငံမှ ဝယ်သူများကို ရေထွက်ကုန်များတိုက်ရိုက်တင်ပို့နိုင်ရန်အတွက် မြန်မာနိုင်ငံမှ ငါး၊ ပုစွန်အအေးခန်းစက်ရုံများကို ရုရှားနိုင်ငံမှ စစ်ဆေးရေးအဖွဲ့လာရောက် စစ်ဆေးရန် သံရုံးများမှတစ်ဆင့် အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်ပေးရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနထံ တင်ပြထားကြောင်း ရေထွက်ပစ္စည်းပို့ကုန်လုပ်ငန်းရှင်များအသင်းထံမှသိရပါတယ်။

 

“ဘရာဇီးနိုင်ငံမှာ Sea Food Show သွားပြတော့ ရုရှားလုပ်ငန်းရှင်တွေက ဝယ်ဖို့ကမ်းလှမ်းကြတဲ့အတွက်ကြောင့် ကျွန်တော်တို့ကလည်းရောင်းချင်တယ်။ ဒါပေမဲ့ ဒီအတိုင်းပို့လို့မရဘူး။ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ သူတို့လာစစ်လို့ အဆင်ပြေမှ ပို့လို့ရမှာ။ ကျွန်တော်တို့ ပုဂ္ဂလိကကဏ္ဍက လာစစ်ပါလို့ ပြောလို့မရဘူး။ အစိုးရချင်းသွားရမှာ။ အစိုးရကဖိတ်ပြီးလာစစ်လို့ အဆင်ပြေတယ်၊ ပို့ဆိုရင် ကျွန်တော်တို့ကဈေးကွက်ကိုဖောက်ရမှာ”ဟုဦးထွန်းအေးကဆက်လက်ပြောကြားခဲ့ပါတယ်။

 

ယခင်က ရုရှားနိုင်ငံသို့ မြန်မာ့ရေထွက်ကုန်များတိုက်ရိုက်တင်ပို့ ရောင်းချခဲ့သော်လည်း ရုရှားနိုင်ငံမှ ရေလုပ်ငန်းဆိုင် ရာစစ်ဆေးရေးအဖွဲ့ လာမစစ်ဆေးရသေးသည့် နိုင်ငံများကိုတင်ပို့ခွင့်ပိတ်ပင်လိုက်ခြင်းကြောင့် တင်ပို့ခွင့်မရှိတော့ခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှသိရပါတယ်။

 

“အိတ်စ်ပို့ကိစ္စတွေကိုစိစစ်ဖို့ကစီးပွားကူးသန်းတို့၊ စီမံဘဏ္ဍာတို့လည်းလိုအပ်ပါတယ်။ ဝန်ကြီးကိုယ်တိုင်က ရေလုပ်ငန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဖိဖိစီးစီးဆောင်ရွက်ဖို့ရှိတယ်လို့ ပြောထားတာရှိပါတယ်။ ဌာနအနေနဲ့တော့ ပစ္စည်းတွေရဲ့ အရည်အသွေး၊ အစားအစာ ဘေးကင်းလုံခြုံဖို့အတွက် ဆက်စပ်နေတဲ့ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဂျပန်၊ တရုတ် တို့နဲ့ပတ်သက်ပြီးလိုအပ်တာတွေကိုလိုက်နာနိုင်အောင် ညှိနှိုင်းပေးနေပါတယ်”ဟု ငါးလုပ်ငန်းဦးစီးဌာနတိုင်းဦးစီး မှူး ဦးထွန်းဝင်းမြင့်က ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

ရုရှားနိုင်ငံသို့ ရေထွက်ကုန်များတင်ပို့နိုင်ရန် အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်ပေးရေး တင်ပြထားမှုနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးထံ ပြန်လည်တင်ပြပေးမည်ဟု ၎င်းက ပြောဆိုခဲ့ပါတယ်။

 

“ရုရှားနိုင်ငံကို ကျွန်တော်တို့အနေနဲ့ ရေထွက်ကုန်တွေ ပို့ခဲ့ပြီးပြီ။ ဒါပေမဲ့ သူတို့ဥပဒေအရ နောက်ပိုင်းမှာလာမစစ်သေးတဲ့ နိုင်ငံတွေကိုပိတ်လိုက်တဲ့အတွက် ပို့ခွင့်မရှိတော့တာ။ ဆော်ဒီလည်း ဒီအတိုင်းပဲ။ တစ်ခါမှ လာမစစ်သေးဘူး။ လာမစစ်သေးဘဲ ရမ်းပြီးပိတ်လိုက်တာ။ အဲဒီတော့ ဈေးကွက်ပျောက်တာပေါ့” ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးထွန်းအေးက ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

Source: Voice

Read times Last modified on Tuesday, 18 September 2018 13:34
Rate this item
(1 Vote)