Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ရေစကြိုမြို့နယ်တွင် ကြက်သွန်နီ အထွက်နှုန်းကောင်းသော်လည်း ဈေးကောင်းမရ

ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် ကြက်သွန်နီများ နုတ်သိမ်းနေကြပြီဖြစ်ပြီး ကြက်သွန်နီ အထွက်နှုန်းကောင်းသော်လည်း ဈေးကောင်းမရသောကြောင့် အမြတ်ငွေနည်းပါးနေကြသည်ဟု တောင်သူများထံက သိရသည်။

 

ရေစကြိုမြို့နယ်တွင် ယခင်နှစ် မိုးကြက်သွန်နီပေါ်ချိန်က အထွက်နှုန်းမကောင်းသောကြောင့် တစ်ဧကလျှင် ပိသာချိန် ၁၅၀၀ ခန့်သာ အထွက်နှုန်းရှိခဲ့ပြီး ယခုနှစ်တွင် ကြက်သွန်နီတစ်ဧကလျှင် ပိဿာချိန် ၃၀၀၀ ကျော်အထိ အထွက်နှုန်းကောင်းနေသည်ဟု သိရသည်။ ထိုသို့ ကြက်သွန်နီအထွက်နှုန်းကောင်းသော်လည်း ကြက်သွန်နီဈေးနှုန်းမှာ ယခင်နှစ် မိုးကြက်သွန်နီပေါက်ဈေးထက် ဈေးနှုန်းကျဆင်းလျက်ရှိနေသည်ဟု သိရသည်။

 

“ကြက်သွန်အထွက်နှုန်းကောင်းပြီး ဈေးမကောင်းလို့ မကိုက်တာ၊ မနှစ်ကထက်ထွက်တယ်၊ အထွက်နှုန်းကျတော့ မကိုက်တာက မနှစ်ကလို ဈေးမကောင်းလို့ မကိုက်တာ၊ အမြတ်ငွေ သိပ်မရှိတာပေါ့၊ ကြက်သွန်ကပေါ်ပြီ။ နုတ်တုန်းနုတ်ဆဲတွေလည်း အများကြီးပဲ၊ ကြက်သွန်က နုတ်နုတ် ရောင်းရောင်း ရောင်းနေကြတာပဲလေ၊ မနုတ်ရသေးတဲ့သူလည်း မနုတ်ရသေးဘူးပေါ့။

 

ကြက်သွန်ဈေးကတော့ တက်မယ်လို့ မထင်တော့ဘူး။ ကိုဗစ်ကာလကြောင့်မို့လို့ နုတ်ရောင်းရောင်းရတော့တာပဲလေ၊ ရတဲ့ဈေးနဲ့ ရောင်းရတာ၊ ကိုဗစ်ကာလပြီးသွားလို့ လမ်းပန်းဆက်သွယ်ရေး ကောင်းလာရင်တော့ ပြန်ကောင်းရင် ကောင်းနိုင်တာပေါ့” ဟု ရေစကြိုမြို့နယ် ပေါက်တောကျွန်းကျေးရွာမှ တောင်သူ ဦးအောင်စိုးက ပြောသည်။

 

ရေစကြိုမြို့နယ်မှ ကြက်သွန်နီစိုက်တောင်သူများသည် ကြက်သွန်နီများကို ရေစကြို၊ ပခုက္ကူ၊ မုံရွာ၊ မန္တလေး စသည့်မြို့များကို တင်ပို့ရောင်းချနေကြသည်ဟု တောင်သူများထံက သိရသည်။ ယခင်နှစ်က မိုးကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ ဝန်းကျင်ရှိခဲ့သော်လည်း ယခုနှစ်တွင် ဒီဇင်ဘာ ၂၇ ရက်နေ့ ပခုက္ကူကုန်စည်ဒိုင် မိုးကြက်သွန်နီပေါက်ဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၆၃၀ မှ ၅၂၅ ကျပ်အတွင်းသာ ပေါက်ဈေးရှိနေသည်ဟု သိရသည်။

 

ကြက်သွန်နီဈေးနှုန်း ကျဆင်းရခြင်းမှာ ကိုဗစ်ရောဂါပြန့်ပွားနေချိန် ဖြစ်နေသောကြောင့် ကြက်သွန်နီအများဆုံးအသုံးပြုသည့် နေရာများဖြစ်သည့် အလှူမင်္ဂလာပွဲများ၊ ဘုရားပွဲကျင်းပခြင်းကို ပိတ်ထားခြင်းကြောင့် ပြည်တွင်စားသုံးအားလျော့နည်းနေပြီး ပြည်ပဝယ်လိုအားလည်း လျော့နည်းနေခြင်းတို့ကြောင့် ဖြစ်သည်ဟု ကြက်သွန်နီကုန်သည်ပွဲစားများထံက သိရသည်။

 

“မနှစ်ကနဲ့စာရင် ဒီနှစ်ကြက်သွန်ဈေးကတော့ နိမ့်တာပေါ့အေ။ ပြီးခဲ့တဲ့နှစ်က ကြက်သွန်ဈေးက ၁၇၀၀/၁၈၀၀၊ အခုဟာက ၆၀၀ တစ်ပတ်လည်၊ ဒါတောင်မှ ထိုင်းနဲ့ တရုတ်က နဲနဲလေးစွဲနေလို့ ဒီဈေးလေးနဲ့တင် ခိုင်နေတာ။ ဇန်နဝါရီလထဲ နယ်ကုန်ပဲ၊ အဲထက်နည်းနည်း ပြန်အေးနိုင်သေးတယ်။ အခုက ထိုင်းကိုပဲ အားပြုနေရတာလေ၊

 

ထိုင်းက ဝယ်နေလို့ ဒီဈေးရှိနေသေးတာ၊ ထိုင်းမဝယ်ရင် ထပ်ပြီးတော့ကျနိုင်သေးတယ်။ ကြက်သွန်နီထွက်အားက ပြီးခဲ့တဲ့နှစ်ထက် နှစ်ပြန်ပိုတယ်၊ နှစ်ဆတိုးတယ်၊ တောင်သူက ပြီးခဲ့တဲ့နှစ်က ၁၇၀၀/၁၈၀၀ ရောင်းရတော့ ဒီနှစ်တအား ဖိစိုက်ကြတာလေ၊ အဲဒါကြောင့်လည်း ပြည်တွင်းစားသုံးသူ ဈေးကွက်ကို မနိုင်ဘူးလေ၊ နောက်ထပ်ကျအုံးမှာ၊ နယ်စပ်တွေမှ မသွားရရင်ကျမှာ” ဟု ပခုက္ကူမြို့က ကြက်သွန်နီကုန်သည် ဦးမိုးဦးက ပြောသည်။

 

ယခုနှစ်တွင် တရုတ်နိုင်ငံသို့ အနည်းငယ်ရောင်းချနေရပြီး ဆက်သွယ်ရေးလမ်းကြောင်း ကောင်းမွန်သည့် ထိုင်းနိုင်ငံသို့ တင်ပို့ရမှု အနည်းငယ်ရှိ၍ ရောင်းချနေရကြောင်း၊ ယခင်နှစ်များကဲ့သို့ တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ အများအပြား တင်ပို့ရောင်းချနိုင်ခြင်းမရှိကြောင်း ကြက်သွန်နီကုန်သည်များထံက သိရသည်။ ကြက်သွန်နီစိုက် တောင်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးများ ပြန်လည်ကောင်းမွန်ပြီး ပြည်ပဝယ်လိုအား ပြန်လည်ကောင်းမွန်ကာ ကြက်သွန်နီဈေးနှုန်း ပြန်တက်ရန် မျှော်လင့်နေကြသည်ဟု သိရသည်။

 

အိမွန်ဆွေ(ရေစကြို)

Read times Last modified on Wednesday, 30 December 2020 10:20
Rate this item
(0 votes)