Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်ကုန်ကျစရိတ် ဆက်လက်မြင့်တက်နေဦးမည်

ကမ္ဘာတစ်ဝှမ်းရှိလူသန်းပေါင်းများစွာအတွက် အဓိကအစားအစာဖြစ်သောဆန်သည်

အဓိကကျသည့် စားသောက်ကုန်များ ပြည်တွင်းဖူလုံမှု ရှိစေရန်အတွက် ပြည်ပတင်ပို့ခြင်းအပေါ် ချုပ်ကိုင်ခြင်းများနှင့် ကိုဗစ်ကူးစက်ရောဂါကြောင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ပြတ်တောက်ခြင်းများကြောင့် ဈေးတက်သွားသည်။

 

ဆန်းဈေးတက်ရိပ် ရှိနေခြင်းသည် ပြည်ပမှ တင်သွင်းသည့် ဆန်အပေါ်  မှီခိုနေရသော နိုင်ငံများတွင်  စိုးရိမ်ဖွယ်ရာလမ်းကြောင်းပေါ် ရောက်ရှိနေသည်ဖြစ်ရာ အာရှနှင့်အာဖရိကဒေသများရှိ ဆန်စပါးဈေးနှုန်းသည် နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်ခြင်းနှင့် ထိခိုက်မှုရှိလာနိုင်သည်။

 

၂၀၀၈ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကာလအတွင်း ဆန်စပါးဈေးနှုန်းမြင့်တက်မှုကြောင့် နိုင်ငံများစွာ၌ မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။

 

ပြီးခဲ့သည့်နှစ်က အာရှဆန်ထုတ်လုပ်သူများ၏  ဆန်အခြေခံဈေးနှုန်းသည် ၂၀% မှ ၄၅ ၂၀% အထိမြင့်တက်ခဲ့ပြီး၊ တိရစ္ဆာန်အစာအဖြစ် အရည်အသွေးနိမ့်ဆန်ကို အစားထိုးအဖြစ် လိုအပ်ချက်နှင့် ရေကြောင်းပို့ဆောင်စရိတ်မြင့်တက်နေခြင်းက ဆန်သွင်းကုန်ကို အားကိုးအားထားနေရသည့် ဆင်းရဲသောနိုင်ငံများတွင် ဆန်ရရှိမှု ပြတ်လပ်မည့်အရေးကို ရင်ဆိုင်ရဖွယ်ရှိနေသည့် စိုးရိမ်မှုများကို ဖြစ်ပေါ်စေသည်။

Food and Agriculture Organization မှ ဆန်စီးပွားပညာရှင် Shirley Mustafa က"လောလောဆယ်မှာ ဆန်ရရှိမှု ပြတ်လပ်တဲ့ ပြဿနာ အာဖရိကမှာ မရှိသေးဘူး။ ဒါပေမဲ့ တကယ်လို့ အာရှမှ ဆန်တင်ပို့တဲ့ နိုင်ငံတွေက ပြည်ပသို့ ဆန်တင်ပို့မှုကို ထိန်းချုပ်ထားမယ် ဆိုရင် လာမယ့် ဇွန်လနဲ့ အောက်တိုဘာလ ကြားကာလမှာ စိုးရိမ်စရာ ဖြစ်လာလိမ့်မယ်။ အဲဒီလတွေမှာ အာဖရိက အနောက်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ စိုက်ပျိုးထုတ်လုပ်မှု အနည်းဆုံး ဖြစ်နေတယ်" ဟု ပြောသည်။

 

ဆာဟာရ အာဖရိကသည် ဆန်အဓိကဝယ်လက် ဖြစ်ပြီး ဒေသတွင်း ဆန်စားသုံးမှုသည် ဆန်တင်သွင်းမှုအပါ်  ၄၀ % တည်မှီနေသည်။ အရှေ့တောင်အာရှနှင့် တောင်အာရှိတို့သည် ဆန်ကို အဓိက စားသုံးကြပြီး ထုတ်လုပ်မှု အများဆုံး၊ တင်ပို့မှုလည်း အများဆုံး ဖြစ်သည်။

 

ဆန်ကွဲ ဝယ်လိုအား ပိုများလာခြင်း

 

တိရစ္ဆာန်အစာအဖြစ် သုံးစွဲသော ပြောင်းဈေးနှုန်းသည် ၂၅ % ဈေးတက်သွားသဖြင့် တိရစ္ဆာန်အစာအတွက် အရည်အသွေးနိမ့်သည့် ဆန်ကွဲ (၁၀၀%) ကို အစားထိုး သုံးစွဲကြခြင်းကလည်း ဆန်ဝယ်လိုအားကို ပိုများစေသည်။

 

၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကိုဗစ်၏ အကျိုးဆက်ကြောင့် ဆန်သယ်ယူပို့ဆောင်ရေးတွင် စရိတ်စက မြင့်မားနေပြီး ကုန်ကျစရိတ် တက်သဖြင့် ဆန်ဈေးနှုန်းလည်း တက်သည်။ အိန္ဒိယနိုင်ငံရှိ အချို့ဆိပ်ကမ်းမှ တင်ပို့သော FOB ( free onboard) ဈေးနှုန်းသည် တစ်တန်လျှင် ဒီဇငဘာလမှာ အမေရိကန်ဒေါ်လာ ၂၆၀ ရှိခဲ့ပြီး ဇန်နဝါရီလအတွင်းမှာ အမေရိကန်ဒေါ်လာ ၂၈၀ သို့ မြင့်တက်သွားပြီး တက်ရိပ် ရှိနေဆဲဖြစ်သည်။

 

“အစဉ်အလာအားဖြင့် အာဖရိကနိုင်ငံတွေက ရာနှုန်းပြည့် ဆန်ကွဲကို ဝယ်ကြတယ်။ ဆန်ကွဲက ဈေးသက်သာလို့ ဝယ်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတွေကလည်း ရာနှုန်းပြည့်ဆန်ကွဲကို ဝယ်ကြတယ်။ အာဖရိက ဝယ်လက်တွေ ပေးတဲ့ ဈေးနှုန်းထက် သူတို့က ပိုပိုသာသာ ဈေးပိုပေးပြီး ဝယ်နေကြတယ်” ဟု အိန္ဒိယမှ အကြီးမားဆုံး ဆန်ပို့ကုန်လုပ်ငန်း Satyam Balajee မှ အလုပ်အမှုဆောင် ဒါရိုက်တာ Himanshu Agarwal က ပြောသည်။ 

တရုတ်သည် ကမ္ဘာထိပ်တန်း ဆန်ထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ပြီးခဲ့သည့် နှစ်ပေါင်း သုံးဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယမန်နှစ်က အိန္ဒိယထံမှ ဆန် ဝယ်ယူတင်သွင်းခဲ့သည်။ 

“တရုတ်က ရာနှုန်းပြည့် ဆန်ကွဲ ဝယ်တယ်. ခေါက်ဆွဲလုပ်ဖို့နဲ့ တိရစ္ဆာန်အစားအစာအဖြစ် သုံးဖို့ ဝယ်တာ ဖြစ်ပါတယ်” ဟု မွန်ဘိုင်း အခြေစိုက် ကမ္ဘာ့ဆန်ကုန်သွယ်ရေးလုပ်ငန်းမှ ဆန်ကုန်သည်တစ်ဦးက ပြောသည်။ 

 

ဆန်တင်ပို့မှု အများဆုံးတွင် ဒုတိယနေရာတွင် ရှိနေသော ထိုင်းနှင့် တတိယနေရာတွင် ရှိနေသော ဗီယက်နမ်တို့တွင် မိုးခေါင်ခြင်းကြောင့် ဆန်ထုတ်လုပ်မှု လျော့ကျခဲ့ပြီး ပြည်ပတင်ပို့မှု လျော့နည်းစေခဲ့သည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလအထိ တင်ပို့မှုသည် ၂၀၁၉ အလားတူကာလထက် လေးပုံတစ်ပုံကျော် လျော့နည်းခဲ့သည်။

 

ဆန်ကွဲ ၅% ပါ ဆန်တင်ပို့မှု ဆန်ဈေးနှုန်းသည် ယခင် ၂၀၁၉ နှင့် နှိုင်းယှဉ်ပါက ထိုင်းနိုင်ငံတွင် ၁၉% မြင့်တက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် ၄၅% မြင့်တက်ခဲ့သည်။ တရုတ်ပြည်တွင်း စပါးဈေးနှုန်းသည် ၂၅ % ဝန်းကျင် မြင့်တက်ခဲ့သည်။

 

ကွန်တိန်နာ မလောက်ငှခြင်း 

ဆန်ကုန်သည်များတွင် အကောင်းစားဆန် လုပ်ကိုင်သူများသည် ကမ္ဘာတစ်လွှား ကွန်တိန်နာ ရှားပါးပြတ်လပ်မှုကြောင့် ဒုက္ခရောက်ကြသည်။ ဆန်အိတ်များ တင်ပို့ဖို့ ကွန်တိန်နာ အလုံအလောက် မရခြင်းနှင့် ဈေးကြီးနေခြင်းတို့ကို ကြုံတွေ့ရသည်။ 

ကိုဗစ်ကြောင့် ဆိပ်ကမ်းများတွင် ကွန်တိန်နာများထဲမှ ကုန်များ ထုတ်ယူရန် နှောင့်နှေးကြန့်ကြာမှုများ ရှိနေသဖြင့် ကွန်တိန်နာ သုံးစွဲသည့် ကာလ ပိုကြာမြင့်ပြီး အပတ်မလည်သဖြင့် ကုန်စည်များ ထည့်သွင်းတင်ပို့ရန် ကွန်တိန်နာ မလောက်မင ဖြစ်နေသည်။ ကိုဗစ်အတွက် PPE ဝတ်စုံများ တင်ပို့ခြင်း မတ်စ်များ တင်ပို့ခြင်းတို့ များပြားသဖြင့် ကွန်တိန်နာ သုံးစွဲမှု မြင့်တက်နေခြင်းကြောင့်လည်း ကွန်တိန်နာ ရှားပါးမှုကို ပိုဆိုးဝါးစေသည်။  e-commerce ကြောင့် အွန်လိုင်း အမှာစာများ တင်ပို့မှု ပိုမိုများပြားလာခြင်းကလည်း ကွန်တိန်နာ လိုအပ်ချက်ကို ပိုတိုးသွားစေသည်။

 

ကွန်တိန်နာ မလောက်ငသည့် ပြဿနာကြောင့် ရေကြောင်းတင်ပို့စရိတ် ပိုများစေသည့်အပြင်အချိန်ကြာကြာ နှောင့်နှေးကြန့်ကြာမှုများလည်း ရှိသည်။ 

 

အရှေ့အာဖရိကမှ အကြီးမားဆုံး ဆန်တင်သွင်းသည့် လုပ်ငန်းတစ်ခု ဖြစ်သည့်  ကင်ညာနိုင်ငံမှ Sunrice တွင် လုပ်ကိုင်သော ဦးဆောင်ညွှန်ကြားရေးမှူးချုပ် Mital Shah က “ ဥပမာအနေဖြင့်  ပါကစ္စတန်ကို ကြည့်ရင် ကျွန်တော်တို့ ကွန်တိန်နာ တစ်လုံးကို အမေရိကန်ဒေါ်လာ ၈၅၀ ကနေ ၉၀၀ အတွင်း ပေးရတယ်။ အခု ကျွန်တော်တို့ အမေရိကန်ဒေါ်လာ ၁,၆၅၀ ကနေ ၂,၀၀၀ အထိ ပေးပြီး ကွန်တိန်နာ ရှာနေရတယ်” ဟု ပြောပြသည်။

 

ကင်ညာနိုင်ငံသည် နှစ်စဉ် ဆန်တန်ချိန် ၇၀၀,၀၀၀ ဝန်းကျင် သုံးစွဲပြီး တန်ချိန် ၆၀၀,၀၀၀ ဝန်းကျင်ကို ပြည်ပမှ တင်သွင်းသည်။

သင်္ဘောပို့ဆောင်ခ စရိတ်စကများသည် ဆန် တစ်တန်အတွက် အိန္ဒိယမှ အာဖရိကသို့ တင်ပို့ခြင်း ခရီးစဉ်အတွက် ယခင်က အမေရိကန်ဒေါ်လာ ၅၀ ဖြစ်ခဲ့ပြီး နိုဝင်ဘာလတွင် သုံးဆအထိ မြင့်တက်ခဲ့ရာ အမေရိကန်ဒေါ်လာ ၁၅၀ ဖြစ်လာသည်။

 

“ဆန်အတွက် ပေးရတာက တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၀၀ အောက်မှာပဲ ရှိတယ်။ သယ်ပို့ခက များလွန်းနေတယ်” ဟု အိန္ဒိယမှ ဆန်ကုန်သည်တစ်ဦးက ညည်းတွားသည်။

 

အာဖရိကမှ ဆန်တင်သွင်းသူများသည် ကွန်တိန်နာများဖြင့် ဆန်အိတ်များ တင်သွင်းခြင်းအစား သင်္ဘောကုန်ခန်းပေါက်များထဲ ဝမ်းပုံပြီး သယ်ပို့နိုင်ရန် စုပေါင်းစပ်ပေါင်းလုပ်ပြီး ဆန်ကို မှာယူကြခြင်းဖြင့် ကွန်တိန်နာပြဿနာကို ဖြေရှင်းကြသည်။

 

Sunrice မှ  Mital Shah က “ကင်ညာမှာ နောက် တစ်လ နှစ်လ ပြီးရင် ဆန် မလောက်ငတာ ကြုံရဖွယ် ရှိတယ်။ တန်ချိန် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ အထိ တင်သွင်းဖို့ အချိန်နောက်ကျနေတယ်” ဟု သုံးသပ်သည်။

bangkokpost.com/

Read times
Rate this item
(0 votes)