Fruits & Vegetables



အင်ဒိုနီးရှား စားအုန်းဆီ တင်ပို့မှု ကျဆင်းသွားမည်ဟု GAPKI ပြောကြား

အင်ဒိုနီးရှား စားအုန်းဆီ တင်ပို့မှု ကျဆင်းသွားမည်ဟု GAPKI ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်ရှိ စွမ်းအင်နှင့် သတ္တုအရင်းအမြစ် ဝန်ကြီးဌာန ဧရိယာတွင် စားအုန်းဆီ ၄၀ ရာခိုင်နှုန်း ရောစပ်ထားသော ဇီဝဒီဇယ် B40 လောင်စာဆီဖြင့် ကားမောင်းနှင်မှုကို ၂၀၂၂ ဇူလိုင်လတွင် စမ်းသပ်ခဲ့ပါသည်။

ယခုအခါ စားအုန်းဆီ ၃၅ ရာခိုင်နှုန်း ရောစပ်ထားသော ဇီဝဒီဇယ်ဆီ B35 ကို သုံးစွဲသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ နောက်တစ်ဆင့် ထပ်တက်သည့်အခါ စားအုန်းဆီ ၄၀ ရာခိုင်နှုန်း ရောစပ်ထားသော ဇီဝဒီဇယ် B40 လောင်စာကို သုံးစွဲရန် ရည်မှန်းချက်အတွက် စမ်းသပ်မောင်းနှင်မှုများ ပြုနေခြင်း ဖြစ်ပါသည်။

၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်မှ စ၍ စားအုန်းဆီအခြေခံသော ဇီဝဒီဇယ်များတွင် စာအုန်းဆီကို ပိုမိုမြင့်မားသော ရာခိုင်နှုန်းဖြင့် ရောစပ်သဖြင့် ဟင်းချက်ဆီအဖြစ် သုံးစွဲသည့် စားအုန်းဆီ ပမာဏ ပြည်တွင်းဈေးကွက်ထဲ လျော့နည်းမည့် အရေးနှင့် ဈေးတက်မည့်အရေးများအပေါ် စိုးရိမ်ပူပန်မှု ဖြစ်ပေါ်နေသည်ကို ပူပန်ရန် မလိုကြောင်း အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးဝန်ကြီးက ပြောကြားခဲ့ပြီး ပြည်တွင်း ချက်ပြုတ်မှုအတွက် စားအုန်းဆီ ရရှိနိုင်မှုတွင် အနှောင့်အယှက် မရှိကြောင်း အာမခံခဲ့သည်။

ကမ္ဘာ့ထိပ်တန်း စားအုန်းဆီ ထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် ပြည်တွင်း စားသုံးဆီဈေးကြီးမြင့်မှုကို ထိန်းချုပ်ရန်အတွက် စားအုန်းဆီအမျိုးမျိုး ပြည်ပတင်ပို့မှု ၃ ပတ်ကြာ ပိတ်ပင်ထားမှု အပါအဝင် အစီအမံ အမျိုးမျိုးကို ချမှတ်ခဲ့ပြီး ကမ္ဘာ့စားအုန်းဆီ ဈေးကွက်ကို တုန်လှုပ်စေခဲ့သည်။

စားအုန်းဆီ ၃၀% ရောနှောထားသည့် B30 ကို မဖြစ်မနေ သုံးစွဲစေခဲ့ရာမှ ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်တွင် စားအုန်းဆီပါဝင်မှု ၃၅% ပါဝင်သော B35 ဇီဝဒီဇယ်ကို မဖြစ်မနေ သုံးစွဲရန် ပြဋ္ဌာန်းချက် စတင်သက်ရောက်ခဲ့ပါသည်။

စီးပွားရေးဝန်ကြီး Airlangga Hartarto က B35 ကို သုံးစွဲသဖြင့် ပြည်တွင်းဈေးကွက်ထဲ စားအုန်းဆီ ရရှိနိုင်မှုကို မထိခိုက်ကြောင်း၊ ပြည်ပတင်ပို့သည့် ပမာဏမှာသာ လျော့ကျနိုင်ကြောင်း၊ ဥရောပသို့ တင်ပို့သည့် ပမာဏကို ပြည်တွင်းအတွက် ရယူနိုင်ကြောင်း ပြောကြားသည်။
ဥရောပသမဂ္ဂက အင်ဒိုနီးရှား အပါအဝင် ဆီအုန်းစိုက်ခင်းများ စိုက်ပျိုးခြင်းကြောင့် တောပြုန်းစေသည်ဟု ဆိုကာ စားအုန်းဆီ တင်သွင်းမှုများကို ဆန့်ကျင်တားမြစ်နေပါသည်။ သို့ဖြစ်ရာ ဥရောပဈေးကွက်သို့ တင်ပို့ရန် မဖြစ်နိုင်သော စားအုန်းဆီများဖြင့် B35 ဇီဝဒီဇယ်ကို သုံးစွဲနိုင်မည် ဖြစ်သည်။


ဆက်စပ်ဖတ်ရှုရန်
ဥရောပ နှင့် အရှေ့တောင်အာရှ စားအုန်းဆီ စစ်ပွဲ ဆက်လက်တင်းမာ
https://www.foodindustrydirectory.com.mm/food-industry/fruits-vegetables/item/5723


B35 အစီအစဉ်က ပြည်တွင်းစားသုံးမှုအတွက် လိုအပ်သော ထောက်ပံ့မှုကို အနှောင့်အယှက် ပေးမည်မဟုတ်ကြောင်း ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။ “ပြည်တွင်းထောက်ပံ့မှု လုံလောက်ဖို့ အာမခံပါတယ်" ဟု ဝန်ကြီးက ပြောကြားသည်။


အစိုးရက စားအုန်းဆီ ထုတ်လုပ်သူများကို ပြည်တွင်းဈေးကွက်အတွက် စားအုန်းဆီ တိုးမြှင့်ထုတ်လုပ်ရန် ညွှန်ကြားထားပါသည်။
အစ္စလမ်ဘာသာရေးပွဲတော်များမတိုင်မီ အကြိုကာလမှစ၍ မြင့်တက်လာသော ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် လာမည့်သုံးလတွင် တန်ချိန် ၄၅၀,၀၀၀ ရရှိအောင် ၅၀ ရာခိုင်နှုန်း တိုးမြှင့်ထုတ်လုပ်ရန် အစိုးရက တောင်းဆိုထားသည်။

အင်ဒိုနီးရှားသည် ပြည်ပမှ တင်သွင်းရသော ဒီဇယ်အပေါ် မှီခိုအားထားမှုကို လျှော့ချရန်နှင့် အလှကုန်မှအစ စားသောက်ကုန်အမျိုးမျိုးနှင့် ဟင်းချက်ဆီအထိ စွယ်စုံသုံးကြသော စားအုန်းဆီ ဝယ်လိုအားကို မြှင့်တင်ရန် ရည်ရွယ်၍ ကမ္ဘာ့အမြင့်ဆုံး ဇီဝဒီဇယ်တွင် စားအုန်းဆီ ရောစပ်အသုံးပြုသည်။

ဒီဇယ်တွင် စားအုန်းဆီရောစပ်သည့်အတွက် ဈေးကြီးသွားသည်ကို အရှုံးခံပြီး ဈေးချပြီး ရောင်းချရန် ၂၀၂၃ ခုနှစ်အတွက် အစိုးရမှ ရူပီယာ ၃၀.၂၂ ထရီလီယံ (ကန်ဒေါ်လာ ၂.၀၂ ဘီလီယံ) စိုက်ထုတ်ပေးဖို့ လိုအပ်မည်ဟု အင်ဒိုနီးရှား စားအုန်းဆီ ရန်ပုံငွေ BPDPKS အကြီးအကဲ Eddy Abdurrachman က ခန့်မှန်းပြောကြားပါသည်။
ထိုသို့ စိုက်ထုတ်ပေးရန် ရန်ပုံငွေကို စားအုန်းဆီ ပို့ကုန်လုပ်ငန်းရှင်များထံမှ အခွန်စည်းကြပ်ပြီး ရယူပါသည်။ မဖြစ်မနေ ဇီဝဒီဇယ်ဆီ သုံးစွဲရေး၊ ဆီအုန်း စိုက်ခင်းများ အိုသွားသည့်အခါ အပင်ပျိုများ ပြန်လည်စိုက်ပျိုးရေးတို့အတွက် သုံးစွဲပါသည်။

ယခုလို စားအုန်ဆီကို ဒီဇယ်ဆီတွင် ရောနှောသုံးစွဲရန် ၂၀၂၂ တွင် စားအုန်းဆီကြမ်း CPO တန်ချိန် ၉.၆ သန်းကို ဇီဝဒီဇယ်ဆီ ထုတ်လုပ်သည့်ကဏ္ဍတွင် သုံးစွဲခဲ့ပါသည်။ ယခုအခါ စားအုန်းဆီ ပါဝင်သည့် ရာခိုင်နှုန်း ၅% တိုးလိုက်သဖြင့် စားအုန်းဆီကြမ်း တန်ချိန် ၁၁ သန်းအထိ လိုအပ်မည် ဖြစ်ပါသည်။


ကမ္ဘာ့ထိပ်တန်းစားအုန်းဆီထုတ်လုပ်တင်ပို့သည့် အင်ဒိုနီးရှားသည် ၂၀၂၂ ခုနှစ်တွင် စားအုန်းဆီထွက်ကုန် တန်ချိန် ၃၀ ဒသမ ၈ သန်း တင်ပို့ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၃၃.၇ သန်း တင်ပို့ခဲ့သည်ထက် ၈.၅% လျော့ကျခဲ့သည်။

 

အင်ဒိုနီးရှားစားအုန်းဆီအသင်း Indonesian Palm Oil Association(GAPKI) သည် ယမန်နှစ်၂၀၂၂ က အစိုးရမူဝါဒ အမျိုးမျိုး ပြောင်းလဲသည့် အနှောက်အယှက်များကြောင့် စားအုန်းဆီတင်ပို့မှု ကျဆင်းခဲ့ရပြီး ယခုနှစ် ၂၀၂၃ တွင်လည်း စားအုန်းဆီတင်ပို့မှု ကျဆင်းလိမ့်မည်ဟု မျှော်လင့်ထားသည်။

 

 ပြည်တွင်းမှာ ဇီဝဒီဇယ်ဆီတွင် စားအုန်းဆီ  အသုံးများလာခြင်းကြောင့်လည်း ပြည်ပတင်ပို့မှု ကျဆင်းစေသည်ဟု GAPKI ဥက္ကဋ္ဌ Joko Priyono က ပြောကြားသည်။

 

"ကိုဗစ်လွန်ကာလမှာ လောင်စာဆီသုံးစွဲမှု မြင့်တက်လာသောကြောင့် ဇီဝဒီဇယ်သုံးစွဲမှု ပမာဏ ၂၀၂၂ တွင် ခုန်တက်သွားခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။

 

 photo_2023-02-01_23-19-40.jpg

 

ဒီဇယ်တင်သွင်းမှုကို လျှော့ချရန်အတွက် အင်ဒိုနီးရှားသည် B20 အစီအစဉ်အရ ၂၀၁၆  ခုနှစ်တွင် လောင်စာဆီအတွက် ဒီဇယ်ဆီတွင် စားအုန်းဆီကို  ၂၀%  မဖြစ်မနေ ရောနှော သုံးစွဲစေခဲ့သည်။ 

 

၂၀၂၀ တွင် B30 အစီအစဉ် စတင်ခဲ့ရာ ဒီဇယ်ဆီတွင် စားအုန်းဆီ ၃၀% မပါမဖြစ် ရောနှော သုံးစွဲစေခဲ့သည်။

 

ယခုနှစ် ၂၀၂၃ ဖေဖော်ဝါရီလတွင် ၃၅% သို့ တိုးမြှင့်သည်ဖြစ်ရာ စားအုန်းဆီ ပြည်တွင်းလိုအပ်ချက် မြင့်တက်မည်ဖြစ်ပြီး ပြည်ပတင်ပို့မှု ပမာဏ လျော့ကျရန် အကြောင်းတရားတစ်ခု ဖြစ်လာနိုင်ကြောင်း GAPKI က သုံးသပ်ပါသည်။

 

အင်ဒိုနီးရှားစားအုန်းဆီအသင်း Indonesia Palm Oil Association (GAPKI) က ၂၀၂၃ ခုနှစ်တွင် စားအုန်းဆီတန်ချိန် သန်း ၅၀ ခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားပါသည်။

Source ANN

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Thursday, 02 February 2023 14:31
Rate this item
(0 votes)