Food Industry
မင်းကွတ်သီးများ ယခင်နှစ်ထက် အထွက်နှုန်းနည်း
မွန်ပြည်နယ် ပေါင်မြို့နယ်ဒေသထွက်သီးနှံတစ်မျိုးဖြစ်သည့် အအေးဓာတ်စာမင်းကွတ်သီးများ
အရောင်းအ၀ယ်ကောင်းသော်လည်း ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက အသီးထွက်နှုန်းနည်းပါးကြောင်း မင်းကွတ်ခြံပိုင်ရှင်များထံမှ သိရပါတယ်။
ယခုနှစ်တွင် ရာသီဥတုအခြေအနေကြောင့် အသီးနည်းပါးခြင်း၊ မင်းကွတ်ပွင့်ခါး၊ သီးကင်းများကြွေကျခြင်း တို့ကြောင့် ယခင်နှစ်ထက် ၅၀% အထွက်နှုန်းနည်းပါးခဲ့ပါတယ်။
အရင်နှစ်တွေကဆိုရင် ဧပြီလအစပိုင်းမှာကတည်းက အသီးထွက်နှုန်းကများနေပြီး ခုဟာက လက်ဦးသီး တောင်မရှိသလောက်ဘဲ။ တစ်ပင်ခူးမှ ငါးလုံး၊ ဆယ်လုံးလောက်ပဲရတော့တယ်။ ဒါတောင် အပင်တိုင်းခူးလို့ မရသေးဘူး။ အချို့အပင်တွေဆို အကင်းလေးတွေပဲရှိသေးတယ်။ နေကအရမ်းပြင်းတော့ ကြွေကျကုန်တာ။ မိုးပုံမှန်လေးရွာမယ်ဆိုရင် အသီးတွေက ရင့်မြန်၊ မှည့်မြန်လာလိမ့်မယ်ဟု ပေါင်မြို့နယ် မင်းကွတ်ခြံပိုင်ရှင်၏ ပြောကြားချက်အရ သိရပါတယ်။
ယခုနှစ်မင်းကွတ်သီးအထွက်နှုန်းနည်းရခြင်းမှာ သိသာနေပြီး နေ့စဉ်ရေရှိအောင် အပင်အရင်းအထိ သွယ်ပေးထားရကြောင်း အပူရှိန်မြင့်သည့် နှစ်တိုင်းတွင် အသီးအထွက်နှုန်းနည်းနေကြောင်း သိရပါတယ်။
မင်းကွတ်ပင်မှာ တောင်ပေါ်သီးနှင့် ရွာသီးဟူ၍ ဒေသတွင်းခွဲခြားခေါ်ဝေါ်လျက်ရှိပြီး တောင်ပေါ်သီးမှာ ရွာသီးထက်အလုံးပိုကြီးသော်လည်း အခွံထူ၍ အချဉ်ဓာတ်နည်းနည်းဖောက်ကာ ရွာသီးမျာ အခွံပါး၍ ပိုချိုကြောင်း သိရပါတယ်။
ယခင်နှစ်မေလအစပိုင်းက ခြင်းဝင်မင်းကွတ်သီးတစ်လုံးလျှင် ငွေကျပ် ၁၅၀ ခန့်ရှိပြီး ယခုနှစ်တါင်တစ်လုံးလျှင် ငွေကျပ် ၂၅၀ ကျပ်ရှိကြောင်း မြို့နယ်မှထွက်ရှိသော မင်းကွတ်သီးများကို ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမနံဘေးရှိ ဆိုင်တန်းများတွင် ရောင်းချလျက်ရှိပြီး အလုံး ၁၂၀ ပါ ပလတ်စတစ်ကတ်ဖာခြင်းများဖြင့် ထုပ်ပိုးကာ သထုံ၊ မော်လမြိုင်၊ ရန်ကုန်နှင့် မန္တလေးတို့ကို အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း ပေါင်မြို့နယ်ရှိ မင်းကွတ်သီးအရောင်းအ၀ယ်ဒိုင်များထံမှ သိရပါတယ်။
Source: Myawaddy



