Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540


Grab က ရန်ကုန်မြို့ရှိ စားသောက်ဆိုင်ငယ်များ၏ လုပ်ငန်းလည်ပတ်မှုကို မြှင့်တင်ပေးနိုင်မည့် အစီအစဉ်များကို ထုတ်ပြန်ကြေညာ

COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရသော်လည်း
ဆက်လက် လုပ်ကိုင်ရောင်းချရန် ကြိုးပမ်းနေရသည့် ရန်ကုန်မြို့တော်တွင်းရှိ တစ်နိုင်တစ်ပိုင်စားသောက်ဆိုင်လေးများနှင့် မုန့်ဆိုင်ငယ်များအား ကူညီပံ့ပိုးနိုင်ရန် Grab Myanmar က #SupportLocal အစီအစဉ်တစ်ခုအား စတင်လိုက်ပြီ ဖြစ်ပြီး မေလ ၄ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အစီအစဉ်တွင် Grab Myanmar အနေဖြင့် GrabFood ပလက်ဖောင်းပေါ်ရှိ ပြည်တွင်း မိတ်ဖက်စားသောက်ဆိုင် (၁၀၀) ကျော်အား စားသုံးသူများအကြား ပိုမိုလူသိများလာနိုင်ရန် နှင့် အော်ဒါအရေအတွက် ပိုမို များပြားလာစေရန် ကူညီပေးမည် ဖြစ်ပြီး ပြည်တွင်း မိတ်ဖက်စားသောက်ဆိုင် (၁၀၀) ကို GrabFood အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှု မှတစ်ဆင့် လစဉ်ပျမ်းမျှ ရောင်းအား (၅၀၀,၀၀၀) ကျပ်အောက် ရရှိသည့် လုပ်ငန်းခွဲ၊ ဆိုင်ခွဲမရှိသည့် တစ်နိုင်တစ်ပိုင် ရပ်တည်နေသည့် စားသောက်ဆိုင်လုပ်ငန်းများဖြစ်ရမည်ဟူသည့် စံသတ်မှတ်ချက်နှင့်အညီ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh က “ ကျွန်မတို့ #SupportLocal အစီအစဉ်ရဲ့ အစပျိုးဆောင်ရွက်ချက်တွေကနေ ပြည်တွင်း အစားအသောက်လုပ်ငန်းတွေ အတွက် တစ်ထောင့်တစ်နေရာက အထောက်အပံ့ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ နေ့စဉ်နဲ့အမျှ အပြင်ကိုထွက်ပြီး စားသုံးသူတွေအတွက် ဝန်ဆောင်မှုပေးနေတဲ့ ကျွန်မတို့ရဲ့ မိတ်ဖက်အစားအသောက်ပို့ဆောင်သူတွေလိုပဲ ကျွန်မတို့ရဲ့ မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်တွေဟာလည်း နေ့စဉ် စားသုံးသူတွေကို ရောင်းချနိုင်ဖို့၊ သူတို့ရဲ့ မိသားစု စားဝတ်နေရေးအတွက် ရှာဖွေဖို့ ရုန်းကန်ကြိုးစားနေရဆဲပါ။ လူတွေ အိမ်မှာနေရတာ ပိုမိုများပြားလာတဲ့အတွက် အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှု လိုအပ်ချက်ဟာလည်း သိသိသာသာ မြင့်တက်လာမယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ GrabFood က ပြည်တွင်း အစားအသောက် လုပ်ငန်းတွေ အတွက် ပလက်ဖောင်းတစ်ခုအဖြစ် ထောက်ပံ့ကူညီပေးမှာ ဖြစ်ပါတယ် ” ဟု ပြောသည်။
ယင်း #SupportLocal အစီအစဉ်တွင် ကနဦး ဆောင်ရွက်သွားမည့် အစီအစဉ်များမှာ
(၁) Grab အသေးစားလုပ်ငန်း အရောင်းမြှင့်တင်ရေးအတွက် အကူအညီပေးရေး အစီအစဉ်
တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်များနှင့် လမ်းဘေးမုန့်ဆိုင်လေးများ အော်ဒါပိုမို ရရှိစေရန် ကူညီသည့်အနေဖြင့် ၂၀၂၀ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ အဆိုပါ ဆိုင်များမှ ရောင်းချသော အစားအသောက် အမျိုးအစားအားလုံးကို (၂၀%) အထူးလျှော့ဈေးဖြင့် ရောင်းချနိုင်ရန် Grab Myanmar က ငွေကြေးထောက်ပံ့ပေးမည် ဖြစ်သည်။ GrabFood မှာယူစားသုံးသူများမှာ အနည်းဆုံးမှာယူရမည့်တန်ဖိုး ကန့်သတ်ချက်မရှိဘဲ ‘SUPPORTLOCAL’ ပရိုမိုကုဒ် အသုံးပြု၍ (၂၀%) လျှော့ဈေးဖြင့် မှာယူနိုင်မည်ဖြစ်ကာ Grab Myanmar အနေဖြင့် ပေးအပ်ထားသည့် လျှော့ဈေးများ၏ ကုန်ကျစရိတ်အားလုံးကို ကျခံတာဝန်ယူပေးမည်ဖြစ်ပြီး ရပ်ကွက်ပတ်ဝန်းကျင်များနှင့် ချိတ်ဆက်နေသည့် တစ်နိုင်တစ်ပိုင် မိတ်ဖက်စားသောက်ဆိုင်ငယ်လေးများကို ပံ့ပိုးကူညီသွားမည် ဖြစ်သည်။
(၂) ‘ပြည်တွင်းက Hero များ’ အစီအစဉ်
Grab Myanmar သည် ရွေးချယ်ထားသော မိတ်ဖက်စားသောက်ဆိုင် (၁၀၀) ကို လူအများ ပိုမို သိရှိသတိပြုမိလာကြစေရန် ဈေးကွက်ထိုးဖောက်သည့်အနေဖြင့် ‘ပြည်တွင်းက Hero များ’ အစီအစဉ်ကို Grab အက်ပလီကေးရှင်းနှင့် ဒစ်ဂျစ်တယ်ချန်နယ် မျိုးစုံမှတစ်ဆင့် စီစဉ်တင်ဆက်ပေးမည် ဖြစ်သည်။ အဆိုပါ တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်များကို ဝိုင်းဝန်းအားပေးပံ့ပိုးပေးကြရန် ရန်ကုန်မြို့တွင်းရှိ ပြည်သူများကို တိုက်တွန်းနှိုးဆော်သည့်အနေဖြင့်ဈေးကွက်ချဲ့ထွင်သည့် လှုပ်ရှားမှုများကို မေလ ၁ ရက်နေ့က စပြီး အကောင်အထည်ဖော်လုပ်ဆောင်နေပြီ ဖြစ်ပြီး စားသောက်ဆိုင်ငယ် အများစုမှာလည်း မြို့နေပြည်သူများ နှစ်ခြိုက်ခံတွင်း တွေ့စေမည့် အစားအသောက်များဖြစ်ကာ GrabFood မှတစ်ဆင့် မှာယူပါက အိမ်ရှေ့အရောက် ပို့ဆောင်ပေးသွားမည် ဖြစ်သည်။
(၃) Unilever Food Solutions (UFS) နှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ခြင်း
Grab Myanmar က UFS နှင့် ပူးပေါင်း၍ ရွေးချယ်ထားသော GrabFood မိတ်ဖက်စားသောက်ဆိုင် (၁၀၀) အတွက် လုပ်ငန်းလည်ပတ်ရာတွင် ကုန်ကျမည့် အသုံးစရိတ်ကို လျှော့ချပေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်သည်။ UFS အနေဖြင့် မိတ်ဖက်စားသောက်ဆိုင်များအတွက် ချက်ပြုတ်ရာတွင် လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများ အပါအဝင် ဟင်းခတ်မှုန့်၊ ဆော့စ်၊ မရောနိစ်နှင့် ဒရက်စ်စင်း(dressing)၊ အသားပြုတ်ရည်အနှစ်(bouillon) စသည့် ဟင်းခတ် အမွှေးအကြိုင်များကို အထူးလျှော့ဈေးဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် UFS မှ လက်ဆေးဆပ်ပြာ၊ အစားအသောက်ဘေးကင်းလုံခြုံမှုဆိုင်ရာ အကြံပေးစာအုပ်နှင့် မီးဖိုချောင်သုံး အေပရွန်များ ပါဝင်သည့် UFS၏ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်း အစုံလိုက်များကို အခမဲ့ ပေးအပ်သွားမည် ဖြစ်သည်။
GrabFood အသုံးပြုသူများနှင့် အများပြည်သူတို့အား #SupportLocal အစီအစဉ်တွင် ပါဝင်ပြီး ရန်ကုန်မြို့ရှိ တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်များနှင့် မုန့်ဆိုင်ငယ်များထံမှ မှာယူစားသုံးကြရန် တိုက်တွန်း နှိုးဆော်လိုက်လျက်၊ မှာယူလိုသူများအနေဖြင့် ပြည်တွင်း မိတ်ဖက်စားသောက်ဆိုင်များ စာရင်းကို ကြည့်ရှု့နိုင်ရန် Grab အက်ပလီကေးရှင်းအတွင်းရှိ GrabFood ကိုနှိပ်ပြီး 'Local Heroes' နေရာသို့ ဝင်ရောက်ကာ ရွေးချယ်မှာယူနိုင်မည် ဖြစသည်။
GrabFood မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးအဖြစ် စာရင်းပေးသွင်းလိုသော တစ်နိုင်တစ်ပိုင် စားသောက်ဆိုင် များနှင့် မုန့်ဆိုင်ငယ်များအနေဖြင့် ဖုန်း - ၀၉ ၇၆၅၄၂၁၀၄၉ (သို့) အီးမေးလ် - gf.mm.merchants@grab.com သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။
Read 1744 times
Rate this item
(0 votes)