Restaurants
တရုတ်နိုင်ငံရှိ စားသောက်ဆိုင်များတွင် N-1 စနစ် စတင်ကျင့်သုံး
သမ္မတရှီကျင့်ဖျင်က စားကြွင်းစားကျန်များကြောင့် ဖြုန်းတီးနေသောပမာဏသည် တုန်လှုပ်ခြောက်ခြားဖွယ်ရာဟု ကြေညာပြီးနောက် တရုတ် နိုင်ငံ ရှိ စားသောက်ဆိုင်များတွင် N-1 စနစ်ကို စတင်ကျင့်သုံးစေသည်။
တရုတ်သည် စားကြွင်းစားကျန်များကြောင့် အစားအစာစွန့်ပစ်ပစ္စည်းများ၏ ပမာဏကို လျှော့ချရန် အစီအမံများကို တိုးမြှင့်လိုက်သည်။
မစ္စတာရှီက Covid-19 သည် စားကြွင်းစားကျန် အစားအစာစွန့်ပစ်ပစ္စည်းနှင့် ပတ်သက်၍“ နှိုးဆော်သံ” ထွက်ပေါ်လာကြောင်း ပြောကြားလိုက်ပြီးနောက် မှာထားတာ ပန်းကန်အပြောင်စား လှုံ့ဆော်မှု "Clean Plate Campaign" ပေါ်ပေါက်လာသည်။
သူက တရုတ်သည် စားနပ်ရိက္ခာဖူလုံမှု အကျပ်အတည်းနှင့် ပတ်သက်သော အသိတရားကိုဆက်လက်ထိန်းသိမ်းထားကြရမည်ဟု ပြောကြားခဲ့သည်။
ရက်သတ္တပတ်များစွာ တရုတ်နိုင်ငံတောင်ပိုင်းတစ်လျှောက် ရေကြီးမှုများကြောင့် လယ်ယာစိုက်ခင်းများ ပျက်စီးခြင်းနှင့် ထွက်ကုန်တန်ချိန် အမြောက်အမြား ပျက်စီးကုန်ခြင်းတို့ ဖြစ်ပွားခဲ့သည်။ တရုတ်နိုင်ငံပိုင် သတင်းအေဂျင်စီက Global Times သတင်းစာက တရုတ်သည်စားနပ်ရိက္ခာအကျပ်အတည်းကို ဦးတည်နေကြောင်း မီဒီယာများ ပုံကြီးချဲ့နေကြခြင်းသာဖြစ်ကောင်း ဖော်ပြခဲ့သည်။
အစားအစာ အမြောက်အမြား စားပြနေသည်ကို ရိုက်ကူးတင်ဆက်သည့် livestreamers များကို တရုတ်နိုင်ငံပိုင် CCTV ရုပ်မြင်သံကြားက ဝေဖန်ခဲ့သည်။ ထိုသို့ စားသောက်နေပုံကို တိုက်ထုတ်လွှင့်သူများသည် များသောအားဖြင့်များ စွာသောအစားအစာများကို စားပြကြလေ့ရှိသည်ဟု ဆိုသည်။
သမ္မတရှိ မိန့်မှာချက်ကို အလေးထားသောအားဖြင့် Wuhan စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက စားသောက်ဆိုင်များကို ညစာစားသူများအတွက် ပေးသောဟင်းလျာအရေအတွက်ကို ကန့်သတ်ရန် မြို့ရှိစားသောက်ဆိုင်များကို တိုက်တွန်းခဲ့သည်။ အုပ်စုဖြင့် လာရောက်စားသောက်ကြသည့်အခါ ညစာစားသူအရေအတွက်ထက် ဟင်းလျာပန်းကန် အရေတွက် တစ်ပန်းကန် လျော့ပြီး ရောင်းချရမည့် ညစာစားသူဦးရေ (Number of diners) အနုတ် တစ် ဖြစ်သော N-1 စနစ်ကို စတင်ကျင့်သုံးစေသည်။
လူ (၁၀) ယောက်တစ်ဖွဲ့ ညစာ အတူလာစားကြသည်ဆိုပါက ဟင်းပွဲ ၉ မျိုးကိုသာ မှာယူနိုင်ပါသည်။
ထုံးစံအရ ကျွေးမွေးဧည့်ခံသည့်အခါ လိုသလောက်သာ အတိအကျ ကျွေးမွေးလျှင် မျက်နှာ ပျက်စရာ ဖြစ်ပြီး ပိုပိုလျှံလျှံ တည်ခင်းမှ ယဉ်ကျေးရာရောက်သည်ဟု ယူဆထားကြပေရာ N-1 စနစ်ကို လူအများ လက်ခံလာဖို့ အချိန်ယူရပေလိမ့်မယ်။
ဟင်းလျာများ တစ်မျိုးပြီး တစ်မျိုး မှာစားသည့် ဓလေ့အရ မှာစားကြရာတွင် ဟင်းလျာတိုင်း ပိုပိုသာသာ မှာယူစားသောက်ကြသည်ချည်း ဖြစ်သည်။ သို့ဖြစ်ရာ စားမကုန်သည့် ဟင်းလျာများ အမြဲရှိနေပြီး စားကြွင်းစာကျန် အစားအစာများအဖြစ် စွန့်ပစ်ကြပြီး လေလွင့်ပြုန်းတီးမှု အမြဲ ရှိနေစေသည့် ဓလေ့ထုံးတမ်း ဖြစ်သည်။
အတူတကွ ထိုင်စားနေကြသူ ဦးရေစုစုပေါင်းထက် ၁ လျော့သော N-1 စနစ်အပေါ် အွန်လိုင်းတွင်ဝေဖန်မှုအချို့ ရှိနေသည်။ အချို့က ၎င်းသည် အလွန်တင်းကျပ်လွန်းသည်ဟု ဖော်ပြခဲ့သည်။
" စားသောက်ဆိုင်တစ်ခုမှာ တဟ်ယောက်တည်း သွားစားရင် တစ်နုတ်ရမှာမို့ သူက ဟင်းလျာ ဘယ်နှမျိုး မှာနိုင်မလဲ သုည?" ဟု Weibo မှ microblogging site ပေါ်တွင် လူတစ်ဦးက မေးခွန်းထုတ်ခဲ့သည်။
အချို့ကမူ စားသောက်ဆိုင်အများစုသည် ပုံမှန်အားဖြင့် အစားအစာများစွာ မဖြုန်းတီးကြဟု ဆိုသည်။
တရုတ်နိုင်ငံတွင် "Operation Empty Plate" ကို ဆောင်ရွက်ခဲ့ဖူးသည်။ သို့သော် အများပြည်သူတို့အတွက် မဟုတ်ချေ။ အာဏာပိုင်များ ကျင်းပသည့် ညစာစားပွဲများတွင် ဟင်းလျာ အမျိုးအမည် အများအပြားတို့ဖြင့် ကျင်းပနေကြခြင်းကို ရည်ရွယ်သည်။
WWF China ၏အဆိုအရ ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံမှာ စားကြွင်းစားကျန် အစားအစာတန်ချိန် ၁၇ မှ ၁၈ သန်းခန့် စွန့်ပစ်ခဲ့ကြသည်။
By Myanmar Food Industry Guide
Ref:CNN