Restaurants



အရှေ့တောင်အာရှမှ အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များ ဂျပန်တွင် မြိန်ရည်ရှက်ရည်စားသုံး

အရှေ့တောင်အာရှမှ အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များ ဂျပန်တွင် မြိန်ရည်ရှက်ရည်စားသုံး 

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

ကပ်ရောဂါကာလအတွင်း အပြင်ထွက်စားရန် ခက်ခဲသဖြင့်လည်းကောင်း၊ အပြင်မထွက်ရ လော့ဒေါင်းကျနေစဉ် စားရန် တာရှည်ခံ ရိက္ခာခြောက်အဖြစ် လည်းကောင်း အိမ်မှာ ပြုတ်စားကြရန် အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များ ဝယ်ယူစားသုံးကြသဖြင့် ကမ္ဘာတလွှား ရောင်းအားတက်သည်။

 

ဂျပန်စားသုံးသူများသည် အခြားအာရှနိုင်ငံများမှ တင်သွင်းသော အသင့်ပြုတ်စားခေါက်ဆွဲခြောက်ထုပ်များကို စားသောက်ကြခြင်း ပိုများလာသည်မှာ ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားလာမှုများ ပိတ်ပင်ထားစဉ်ကတည်းက ဖြစ်သည်။

အထူးသဖြင့် ဗီယက်နမ်နှင့် ထိုင်းတို့မှ အသင့်ပြုတ်စားခေါက်ဆွဲထုပ်များ၏ အနံ့အရသာကို မြိန်ရည်ရှက်ရည် စားကြသည်။

 

အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်က ဂျပန်နိုင်ငံတွင် ဆန်းသစ်တီထွင်ခဲ့ပြီး ကမ္ဘာအနှံ့ ပျံ့နှံ့သွားသည်။ 

 

ခေါက်ဆွဲခြောက်ကို ၁၉၅၈ ခုနှစ်တွင် ဂျပန်နိုင်ငံတွင် ပထမဆုံးထုတ်လုပ်ခဲ့သည်။ Nissin Foods တည်ထောင်သူ Momofuku Ando သည် ဒုတိယကမ္ဘာစစ်အပြီးတွင် နိုင်ငံအတွင်း အစာပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ကို တဖက်တလမ်းမှ ဖြေရှင်းရန် ‌အသင့်ပြုတ်စား ခေါက်ဆွဲခြောက် စိတ်ကူးကို လက်တွေ့ ဖြစ်မြောက်အောင် လုပ်ဆောင်ခဲ့သည်။

 

ကုမ္ပဏီသည် ကမ္ဘာ့ပထမဆုံး ခေါက်ဆွဲခြောက်ခွက် ထုပ်ပိုးမှု  Cup Noodles ကို ၁၉၇၁ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည်။

ယခုအခါ အရှေ့တောင်အာရှမှာ ထုတ်လုပ်သည့် အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များသည် ဇာတိမြေ ဂျပန်သို့ သွင်းကုန်အဖြစ် ရောက်ရှိလာကြသည်။

အရှေ့တောင်အာရှမှ စားသုံးသူများ နှစ်သက်ကြသည့် အနံ့အရသာဖြင့် ထုတ်လုပ်ထားသည့် အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များ၏ အနံ့အရသာတို့ကို ဂျပန်မှ စားသုံးသူတို့ နှစ်သက်ကြသည်။

 

ကပ်ရောဂါကာလအတွင်း ဂျပန်များ ပြည်ပသို့ ခရီးမထွက်ကြရသဖြင့် ဗီယက်နမ်နှင့် ထိုင်းတို့မှ စားသောက်စရာတို့၏ အရသာ တောင့်တနေမိသည်ကို ငါးမိနစ်အတွင်း ချက်ပြုတ်ပြီးစီးနိုင်သော အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များ၏ အနံ့အရသာများဖြင့် အာသာဖြေကြရာမှ ဗီယက်နမ်နှင့် ထိုင်းတို့မှ အသင့်ပြုတ်စားခေါက်ဆွဲထုပ်များ စားသုံးမှု ရေပန်းစားသွားခဲ့ပါသည်။

ဂျပန်နိုင်ငံသို့ အာရှတိုက်၏ အခြားဒေသများမှ အသင့်ပြုတ်စား ခေါက်ဆွဲခြောက် တင်သွင်းမှုသည် ၂၀၂၂ ခုနှစ်တွင် ယန်း ၈.၆ ဘီလီယံ (လက်ရှိငွေလဲနှုန်းထားဖြင့် ကန်ဒေါ်လာ ၅၇.၆သန်း) သို့ ရောက်ရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။ ၂၀၁၇ ခုနှစ်တုန်းကထက် ၃.၁ ဆ ဖြစ်ပါသည်။

 

တိုကျိုမြို့ Shin-Okubo ခရိုင်ရှိ အာရှအစားအစာဈေးတွင် အထုပ်ပေါ်တွင် နိုင်ငံခြား ဘာသာစကားဖြင့် ဖော်ပြထားသော အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များကို မြင်သာထင်သာသည့် အဝင်ဝအနီးတွင် ထားရှိသည်။ "ဖောက်သည် ၈၀% လောက်က အဲဒီ ခေါက်ဆွဲခြောက်‌ေတွကို ဝယ်ကြတယ်" ဟု စတိုးဆိုင်၏ မန်နေဂျာက ပြောသည်။

 

တင်သွင်းမှု၏ ၈၀% ခန့်သည် တောင်ကိုရီးယားမှ လာခြင်းဖြစ်သည်။ တောင်ကိုရီယားမှ ထိပ်တန်း အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် လုပ်ငန်းကြီး Nongshim ၏ ပူစပ်သော Shin Ramyun သည် အများဆုံး ဖြစ်သည်။

အရှေ့တောင်အာရှမှ အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များ အရှိန်တက်နေသည်။

ဗီယက်နမ်မှ တင်သွင်းမှုသည် ၂၀၂၂ ခုနှစ်တွင် ယန်းသန်း ၅၀၀ ဝန်းကျင်ရှိပြီး ၂၀၁၇ ခုနှစ်ထက် ၅ ဒသမ ၆ ဆ ဖြစ်ပါသည်။ ထိုင်းမှ အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များက ၂ ဆ ဖြစ်လာပြီး ယန်း သန်း ၅၁၀ ဖိုး တင်သွင်းခဲ့သည်။

 

 အရှေ့တောင်အာရှမှ အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များ ရေပန်းစားလာသည်နှင့်အမျှ ပြည်ပဈေးကွက်အတွက် ခေါက်ဆွဲခြောက်ထုတ်သည့်  ဂျပန်ကုမ္ပဏီများက ပြည်ပတွင် ထုတ်လုပ်သော အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များကို ဂျပန်သို့ ပြန်တင်သွင်းလာကြသည်။ 

မြန်မာနိုင်ငံတွင် ရှူးရှူးရှဲရှဲ ထိုင်းစတိုင် ရှလွတ် ခေါက်ဆွဲသုပ် လုပ်စားရန် ခြောက်ဆွဲ‌ခြောက်ထုပ် ထုတ်လုပ်သည့် ဂျပန်မှ Acecook သည် ဗီယက်နမ်တွင် ၁၉၉၃ ခုနှစ်မှာ လုပ်ငန်း စတင်ခဲ့သည်။ ယခုအခါ ဗီယက်နမ်တွင် ခေါက်ဆွဲခြောက်ထုပ်များ အများဆုံး ထုတ်လုပ်သူ ဖြစ်သည်။ ဈေးကွက်ဝေစု ၄၀% ဝန်းကျင် ရရှိထားသည်။ 

၂၀၁၈ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်သော Hao Hao ခေါက်ဆွဲခြောက်ထုပ်များကို ဂျပန်နိုင်ငံသို့ အင်ပြည့်အားပြည့် တင်သွင်းရောင်းချခြင်း စတင်ခဲ့ပါသည်။

ကုမ္ပဏီသည် မူလက ဂျပန်တွင်နေထိုင်သော ဗီယက်နမ်လူမျိုးများအား ရောင်းချရန် မျက်စိကျခဲ့သည်။ သို့သော်  ဂျပန်စားသုံးသူများကလည်း ဝယ်ယူစားသုံးကြသည်။ 

 

၂၀၂၂ တွင် တနှစ်တယရောင်းအား သုံးဆတိုးလာခဲ့သည်။ ကုမ္ပဏီသည် မကြာသေးမီက တင်သွင်းသည့် စားသောက်ကုန်များ ရောင်းချသည့် ဆိုင်ကြီးများထံမှ စုံစမ်းမေးမြန်းမှုများ အများအပြားကို လက်ခံရရှိခဲ့သည်။

 

Hao Hao ကျော်ကြားမှုကြောင့် ကုမ္ပဏီသည် ၎င်း၏ Mi Lau ထိုင်းဟော့ပေါ့စတိုင် ခေါက်ဆွဲ‌ခြောက်ထုပ်ကို နိုဝင်ဘာလတွင် စတင်တင်သွင်းမည် ဖြစ်သည်။

ဇူလိုင်လတွင် Nissin Foods သည်  ထိုင်းလုပ်ငန်းခွဲတစ်ခုမှ ထိုင်းတုံယွမ်ဟင်းချို အရသာမျိုးဖြင့်  

ထုတ်လုပ်သည့် ခေါက်ဆွဲ‌ခြောက်ထုပ်ကို အရေအတွက် အကန့်အသတ်ဖြင့် ရောင်းချခဲ့သည်။

 

Ajinomoto ကလည်း ထိုင်းတုံယွမ်အရသာ ခေါက်ဆွဲခြောက်ထုပ်ကို YumYum အမှတ်တံဆိပ်ဖြင့် ထိုင်းမှ တင်သွင်းပြီး ဂျပန်ဈေးကွက်တွင် ရောင်းချခဲ့သည်။ 

YumYum အမှတ်တံဆိပ်သည် ထိုင်းအသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်ဈေးကွက်တွင် ဈေးကွက်ဝေစု ၂၀% ရရှိထားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။

Source Asia nikkei 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Saturday, 07 October 2023 00:37
Rate this item
(0 votes)