Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံမှ မြန်မာ့ရေထွက်ကုန်များကို ကိုဗစ်ကင်းစင်ကြောင်း ထောက်ခံချက်ပါမှသာ တင်သွင်းခွင့်ပြုမည်

တရုတ်နိုင်ငံမှ မြန်မာ့ရေထွက်ကုန်များကို ကိုဗစ်ကင်းစင်ကြောင်း ထောက်ခံချက်ပါမှသာ တင်သွင်းခွင့်ပြုမည်ဟု

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဌာန (Department of Animal and Plant Quarantine of the General Administration of Customs of China-GACC) မှ ပေကျင်းမြို့ရှိ မြန်မာသံရုံးသို့ အကြောင်းကြားလာကြောင်း သိရသည်။
GACC မှ အကြောင်းကြားလာသည့် အချက်များ၌ လက်ရှိ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကူးစက် ပျံနှံ့သည့်အခြေအနေတွင် ကုန်စည်များအပေါ် ဗိုင်းရပ်စ်ကူးစက်ပျံနှံ့ခြင်းကို ထိရောက်စွာ ကာကွယ်ထိန်းသိမ်းရန်၊ လုံခြုံစိတ်ချရမှုရှိစေရန်တို့မှာ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသို့ စားသုံးနိုင်သည့် ရေထွက်သတ္တဝါများ(Edible Aquatic Animals) တင်ပို့ရန်မှတ်ပုံထားပြီး တင်ပို့လျက်ရှိသည့် ကုမ္ပဏီများအနေဖြင့် အဆိုပါ လမ်းညွှန်ချက်များနှင့်အညီ ထိရောက်သည့် လုံခြုံစိတ်ချရမှုစနစ်များ အသီးသီး ဖွဲ့စည်းတည်ထောင်နိုင်ရန်၊ ကာကွယ်ထိန်းသိမ်းရေးစနစ် အကောင်အထည်ဖော်ကျင့်သုံးနိုင်ရန်၊ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် စားသုံးနိုင်သည့် ရေထွက်သတ္တဝါများ(Edible Aquatic Animals) ၌ ကိုဗစ်-၁၉ ရောဂါပါဝင်ခြင်း မရှိစေရန် သတ်မှတ်လမ်းညွှန်ပေးစေလိုကြောင်း ပါ၀င်သည်။
ထို့ပြင် တရုတ်နိုင်ငံသို့ စားသုံးနိုင်သည့် ရေထွက်သတ္တဝါများ (Edible Aquatic Animals) တင်ပို့ရန် မှတ်ပုံထားပြီး တင်ပို့လျက်ရှိသည့် ကုမ္ပဏီများ၌ စမ်းသပ်အတည်ပြုခဲ့သော /သံသယဖြစ်သော ကိုဗစ်-၁၉ ရောဂါ လူနာများတွေ့ရှိပါက (သို့မဟုတ်) တရုတ်နိုင်ငံသို့ တင်ပို့မည့် ကုန်ပစ္စည်းများ၌ ကိုဗစ် ဗိုင်းရပ်စ် ကူးစက်နိုင်သည့် အန္တရာယ် များတွေ့ရှိပါက မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခြင်းကို ယာယီရပ်စဲ၍ တရုတ်နိုင်ငံသို့ အချိန်နှင့်တစ်ပြေးညီ အကြောင်းကြား ပေးရန်လိုအပ်ကြောင်း၊ အဆိုပါယာယီရပ်စဲခြင်းခံရသည့် ကုမ္ပဏီအနေဖြင့် သက်ဆိုင်ရာ ဘေးအန္တရာယ်များကင်းရှင်းကြောင်း အတည်ပြုပြီးမှသာ တရုတ်နိုင်ငံသို့ပြန်လည်တင်ပို့ရန်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ စားသုံးနိုင်သည့် ရေထွက်သတ္တဝါများ (Edible Aquatic Animals) တင်ပို့ခြင်းနှင့်ပတ်သက်၍ အဆင်ပြေချောမွေ့စေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း ဖော်ပြပါရှိသည်။
ထို့ကြောင့် တရုတ်သို့ ရေထွက်ကုန်များ တင်ပို့နိုင်ရေး ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ထောက်ခံချက် အမြန်ဆုံးထုတ်ပေးရန် လိုအပ်ပြီး နှောင့်နှေးကြန့်ကြာပါက ကုန်သွယ်မှုကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောသည်။
တရုတ်အစိုးရက နယ်စပ်မှ တင်ပို့နေသည့် မြန်မာရေထွက်ကုန်များကို ပြီးခဲ့သည့်နှစ် အောက်တိုဘာက စတင်ပြီး ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှသာ တင်သွင်းခွင့်ပြုသောကြောင့် နယ်စပ်ကုန်သွယ်ရေးဖြင့် ပင်လယ်ရေငန် အေးခဲငါး၊ ပုစွန်အပါအဝင် ရေထွက်ကုန်များ တင်ပို့နိုင်ခြင်းမရှိကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံသို့ Normal Trade ကတစ်ဆင့် ရေထွက်ကုန်များ တင်ပို့နေမှုနှင့် ပတ်သက်၍လည်း ယခင် ထောက်ခံချက်မပါဘဲ တင်ပို့ခွင့်ရနေသော်လည်း ယခုအခါ ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှသာ တင်ပို့ခွင့်ရတော့မည်ဖြစ်သည်။
သို့သော် ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ထောက်ခံချက် ထုတ်ပေးရန် မည်သည့်ဌာနတွင် တာ၀န်ရှိသည်ကိုပင် သဲသဲကွဲကွဲ မသိရှိရသေးကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။
"ကိုဗစ်နဲ့ပတ်သက်ပြီး ဘေးကင်းကြောင်းအာမခံချက်က အခုမှ အသစ်အဆန်းကြီးဖြစ်နေတော့ ဘယ်သူလုပ်ရမယ်၊ ဘယ်သူလုပ်တာမှ တရား၀င်တယ် ဘယ်သူ့ကိုမှ လက်ခံမယ်ဆိုတာ ကျွန်တော်တို့လည်း သေချာမသိသေးဘူး၊ စစ်တဲ့ဆေးတဲ့ နည်းလမ်းကလည်း အခုအချိန်ထိ ဂိုက်လိုင်းရယ်လို့မှ သတ်သတ်မှတ်မှတ် ရှိသေးပုံ မပေါ်ဘူး၊ ဒါပေမယ့် လိုလို့တောင်းနေတယ်၊ ကျွန်တော်တို့က မလုပ်ပေးလို့မရဘူး၊ ရှောင်လို့မှ မရဘဲ ၊ လုပ်ပေးရမယ်"ဟု ဦးဝင်းကြိုင် က ပြောသည်။
ထို့ကြောင့် ကုန်သွယ်မှုတွင် တာ၀န်ရှိသည့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ထောက်ခံချက်ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ တောင်းခံခဲ့ပြီး ယင်းသို့တောင်းဆိုသည့်အချိန်မှစကာ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ထောက်ခံချက်ကို အစိုးရက စစ်ဆေးပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ တင်ပြထားကြာင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်ကမူ နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်အဝေးခန်းမ၌ ငါးလုပ်ငန်းကဏ္ဍအပေါ် ကိုဗစ်-၁၉ သက်ရောက်မှုအား တုံ့ပြန်ဆောင်ရွက်မည့် အစီအစဉ် ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ အောင်သူ က ရေထွက်ကုန်ပစ္စည်းများကို အလားအလာကောင်းသည့် ပြည်ပဈေးကွက်များနှင့် ချိတ်ဆက်နိုင်ရန်နှင့် အစိုးရများ အချင်းချင်းအကြား သဘောတူညီမှု ရရှိရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ထုတ်လုပ်သည့်ငါးများကို ကိုဗစ်-19 ရောဂါ ပိုးမွှားကင်းစင်ကြောင်း အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ အပါအ၀င် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့နှင့် ညှိနှိုင်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ထို့ပြင် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်မည့် ထောက်ခံချက်ထုတ်ပေးရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများတွင် လိုက်နာရမည့်စံများ သတ်မှတ်ပေးခြင်း၊ ၀န်ထမ်းများ နည်းပညာအရည်အသွေး မြှင့်တင်ပေးခြင်းနှင့် အအေးခန်းစက်ရုံများအား အသိပညာပေးခြင်းတို့ကို တစ်ပြိုင်တည်း ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စု၀န်ကြီး ဒေါက်တာ အောင်သူ က ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာရေထွက်ကုန်များ၏ ဒုတိယအကြီး ဆုံးဈေးကွက်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော် ရရှိခဲ့သည့်အနက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၂၅၄ သန်း ကျော်ဖိုး တင်ပို့နိုင်ခဲ့သည်။
ယခုဘဏ္ဍာနှစ်တွင်လည်း မူလက အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ မျှော်မှန်းထားပြီး လက်ရှိ အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၁၅ ရက်နေ့ အထိ ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၇၈ ဒသမ ၃၇၈ သန်း ရရှိထားကာ ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူတွင် ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၀၁ ဒသမ ၉၅၈ သန်း ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ထို့ကြောင့် ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှုမှာ ပြီးခဲ့သည့် ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၅၈၀ သန်း လျော့ကျခဲ့သည်။
မြန်မာ့နိုင်ငံအနေဖြင့် ရေထွက်ကုန်များကို နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ တင်ပို့နေရကာ ထိုင်းနိုင်ငံမှာ အများဆုံးတင်ပို့ပြီး တရုတ်နိုင်ငံမှာ ဒုတိယ အများဆုံး ဖြစ်သည်။

MDN

Read times
Rate this item
(0 votes)