India
ချဉ်စပ်ဆိတ်သားနှပ်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ထမင်းစားမြိန်စေမည့် ချဉ်စပ်ဆိတ်သားနှပ်ချက်နည်းလေးကို
တင်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ဆိတ်သား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးအရောင်တင်မှုန့်၊ လေညှင်း၊ ဖာလာ၊ သစ်ဂျပိုးခေါက်၊ ကရဝေးရွက်၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ သံပရာသီး၊ မကျည်းသီးမှည့်၊ ဆား၊ ဆီ တို့လိုအပ်ပါမယ်။
ပထမဆုံး ဆိတ်သားကို အရွယ်တော်အတုံးကလေးများဖြစ်အောင်တုံးပြီး ရေဆေးသန့်စင်ထားပါ။ ပြီးလျှင် တုံးထားသော ဆိတ်သားကို သံပရာရည်ညှစ်ပြီးနယ်ကာ မိနစ်အနည်းငယ်နှပ်ထားပြီးမှ ရေစင်အောင်ထပ်ဆေးပါ။
ရေဆေးပြီးသော ဆိတ်သားကို ဒိန်ချဉ်၊ ဟင်းခတ်မှုန့်၊ ဆား၊ နနွင်းမှုန့်တို့နဲ့နယ်ပြီး မိနစ်အနည်းငယ် နှပ်ထားပါ။
ပြီးလျှင် ကြက်သွန်နီတစ်လုံးကို အခွံနွှာ ရေဆေးပြီး ခပ်ပါးပါးလှီးဖြတ်ထားပါ။ နောက်တစ်လုံးကို ထက်ခြမ်းလှီးထားပါ။
ကြက်သွန်ဖြူကိုလည်း အခွံနွှာ ရေဆေးပြီး ခပ်ပါးပါးလှီးဖြတ်ထားပါ။ နောက်ထပ်အလုံးများကို အခွံနွှာ ရေဆေးထားပါ။
ချင်းကို အခွံနွှာပြီး ခပ်ပါးပါးလှီးဖြတ်ထားပါ။ မကျည်းသီးမှည့်ကို ရေဆေးပြီး ရေအနေတော်ထည့်ကာ ရေစိမ်ထားပါ။
အရသာဝင်အောင်နှပ်ထားသော ဆိတ်သားကို ဇောက်နက်သော အိုးတလုံးထဲ ထည့်၍ ရေမြုပ်အောင်ထည့်ကာ ပြုတ်ပေးပါ။
ပထမ တစ်ရည်ခမ်းပါက နောက်ထပ်တစ်ရည်ထပ်ထည့်ပြီး ဆိတ်သားနူးအောင် ပြုတ်ပေးပါ။
ဆိတ်သားနူးလာတာနဲ့ မီးဖိုမပေါ်မှချလိုက်ပါ။
ပြီးနောက် ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာတာနဲ့ ခပ်ပါးပါးလှီးထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သစ်ဂျပိုးခေါက်၊ လေးညှင်း၊ ဖာလာ၊ ကရဝေးရွက်၊ ချင်းနှင့် ငရုတ်သီးအစိမ်းမှုန့်တို့ထည့်၍ အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ။
ဆီသတ်နံ့ မွှေးလာတာနဲ့ ပြုတ်ထားသော ဆိတ်သားအိုးထဲကို ထည့်ပြီး မွှေပေးပါ။
ပြီးတာနဲ့ ရေမြုပ်အောင် ထပ်ထည့်ပြီး အစိတ်လေးများရအောင် လှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆားနှင့် ဟင်းခတ်မှုန့်တို့ထည့်ပြီး တည်ပေးထားပါ။
တည်ထားသော ရေခမ်းကာနီးတာနဲ့ ရေစိမ်ထားသော မကျည်းသီးမှည့် အရည်ကိုထည့်ပြီး တည်ပေးပါ။ ရေဆူပြီး ဟင်းအနှစ်အနေတော်ရတာနဲ့ဆီကျန် ရေကျန်တဲ့အထိ တည်ပေးကာ အရသာမြည်းကြည့်ပြီး လိုသလိုပြင်ကာ အချဉ်အရသာလေးနဲ့ ဆိတ်သားနှပ်ဟင်း မွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ အသင့်သုံးဆောင်နိုင်ပါတယ်။