India
ဆိတ်ကလီစာချက်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ မိသားစု ဆုံတုန်းလေး
ထမင်းစားမြိန်စေမည့် ဆိတ်ကလီစာချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ဆိတ်ကလီစာ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်သီးအစိမ်းမှုန့်၊ ချင်း၊ စပါးလင်၊ ဆီ၊ ဗီနီကာ၊ မဆာလာတို့ လိုအပ်ပါမယ်။
ပထမဆုံး ဆိတ်ကလီစာတွေကို ရေနွေးဆူဆူမှာ မိနစ်အနည်းငယ်ခန့် ပြုတ်ထားပါ။ ပြီးနောက် အကျိအချွဲများနှင့် အညစ်အကြေးများကို ဖယ်ထုတ်ပြီး ရေသန့်စင်အောင် ဆေးကြောပါ။
ပြီးလျှင်တော့ မိမိနှစ်သက်တဲ့အရွယ် အတုံးလေးများတုံးပြီး ဗီနီကာ လောင်းထည့်ပြီး ဆားအနည်းငယ်ထည့်ကာ နယ်ပြီး ဆေးကြောပါ။
ပြီးနောက် ချက်မည့်အိုးထဲသို့ ဆိတ်ကလီစာ အတုံးလေးများ ထည့်လိုက်ပါ။ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ခရမ်းချဉ်သီးများ ထည့်ပါ။ ညက်အောင်ထောင်းထားတဲ့ ချင်း၊ ကြက်သွန်ဖြူ အရည်တွေညှစ်ထည့်ပြီး မဆလာထည့်လိုက်ပါ။
ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်စိမ်းမှုန့်အနည်းငယ်ထည့်ပြီးနောက်တစ်ကြိမ် နယ်ပေးပါ။ စပါးလင်နှစ်ချောင်းကို ဓားပြားရိုက်ပြီး ထုံးချည်ကာထည့်လိုက်ပါ။ ပြီးလျှင် ဆီအနည်းငယ်လောင်းထည့်ပါ။
အဖုံးပိတ်ပြီး ဆီပြန်လာအောင်ချက်ပါ။ ဆီပြန်လာလျှင်အိုးမကပ်စေရန် ရေအနည်းငယ်ထည့်ပါ။
ဆိတ်ကလီစာတွေနူးအိပြီဆိုမှ မိမိနှစ်သက်တဲ့ ရေပမာဏကိုထည့်ပြီး ပွက်ပွက်ဆူလာအောင်တည်ပြီးလျှင်တော့ အရသာရှိတဲ့ ဆိတ်ကလီစာဟင်းကို ထမင်းပူပူလေးနှင့် တွဲဖက်၍ အသင့်သုံးဆောင်နိုင်ပါတယ်။