India

×

Warning

JUser: :_load: Unable to load user with ID: 540


ပို့ကုန်ခွန် ပေးဆောင်ရန် ငြင်းဆန်သဖြင့် အိန္ဒိယဆန် တင်ပို့မှု တန်ချိန် ၁ သန်း ဆိပ်ကမ်းများမှာ ပိတ်မိနေ

ပို့ကုန်ခွန် ပေးဆောင်ရန် ငြင်းဆန်သဖြင့် အိန္ဒိယဆန် တင်ပို့မှု တန်ချိန် ၁ သန်း  ဆိပ်ကမ်းများမှာ ပိတ်မိနေ

 

ပို့ကုန်ခွန် ပေးဆောင်ရန် ငြင်းဆန်ထားသောကြောင့် အိန္ဒိယဆန် တင်ပို့မှုသည် ဆိပ်ကမ်းများမှာ ဆန်တန်ချိန် ၁ သန်း ပိတ်မိနေသည်။

ကမ္ဘာ့ဆန်အများဆုံး တင်ပို့‌နေသည့်နိုင်ငံဖြစ်သော  အိန္ဒိယတွင် မုတ်သုံမိုးရွာသွန်းမှု  ကွက်ကြား ရွာသွန်းခဲ့သဖြင့် မိုးမလုံလောက်သည့် နေရာမှား စပါး မစိုက်နိုင်ကြချေ။ စပါးစိုက်ပျိုးသည့် ဧရိယာလျော့နည်းခဲ့ရာ ရိတ်သိမ်းရာသီတွင် စပါးအထွက် လျော့ကျမည်ဟု ခန့်မှန်းထားသည်။ သို့ဖြစ်ရာ  ပြည်တွင်းဖူလုံစေရေးနှင့် ဆန်ဈေးနှုန်းများ တည်ငြိမ်စေရန် အိန္ဒိယ အစိုးရက ကြိုးပမ်းလျက်ရှိရာ ကြာသပတေးနေ့ (စက်တင်ဘာလ ၈ ရက်)တွင် အိန္ဒိယအစိုးရသည် ဆန်ကွဲတင်ပို့မှုကို တားမြစ်ခဲ့ပြီး အခြားဆန်အမျိုးအစားမျိုးစုံ တင်ပို့မှုအပေါ်  အခွန် ၂၀ ရာခိုင်နှုန်း ပြဋ္ဌာန်းခဲ့သည်။

 

၎င်းပြဋ္ဌာန်းချက်ကြောင့် ပေးဆောင်ရမည့် အခွန် ၂၀% ကို ဆန်ဝယ်လက်များက ပေးသွင်းဖို့ ငြင်းဆန်ကြသည်။ မူလအရောင်းအဝယ် သဘောတူညီချက်စာချုပ်ပါ ဈေးနှုန်းဖြင့်သာ ပေးချေမည်ဖြစ်သည်။

အိန္ဒိယမှ ဆန်ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဆန်တင်ပို့ရာတွင် အမြတ် ပါးပါးသာ ရသဖြင့် အခွန် ၂၀% ကို ပေးဆောင်နိုင်ခြင်း မရှိကြချေ။

ထိုသို့ အခွန် ၂၀% ပေးဆောင်ဖို့ကိစ္စ လိပ်ခဲတင်းလင်း ဖြစ်နေသဖြင့် ဆိပ်ကမ်းများတွင် သင်္ဘောတင်လက်စ ဆန်များကို သင်္ဘောတင် ရပ်ဆိုင်းထားသည်။

.

အခွန် ၂၀% စည်းကြပ်ခြင်းကို စက်တင်ဘာလ ၈ ရက် တွင် ကြေညာခဲ့ပြီး ၎င်းရက် ညသန်းခေါင်တွင် စတင်သက်ရောက်သည်။

"ဝယ်လက်တွေက အခွန်ကို မပေးကြဘူး။ ဒီတော့ ကျွန်တော်တို့ ဆိပ်ကမ်းမှာ သင်္ဘောတင်တာတွေ ရပ်ထားလိုက်ရတယ်" ဟု အိန္ဒိယ ဆန် တင်ပို့သူများအသင်း All India Rice Exporters Association (AIREA) ဥက္ကဋ္ဌ B.V. Krishna Rao က ရိုက်တာသတင်းဌာနကို ပြောကြားသည်။

 

အိန္ဒိယသည် လစဉ် ဆန်တန်ချိန် နှစ်သန်းခန့် တင်ပို့နေသည်။ အန္ဓရာဒေသ ပြည်နယ်ရှိ ကာကီနာဒါ နှင့် ဗိုင်ဇပ်ပါတနမ် အပါအဝင် အရှေ့ဘက်ကမ်းရိုးတန်းတွင် တည်ရှိသော ဆိပ်ကမ်းများမှ ပမာဏအများအပြား တင်ပို့သည်။

.

 

အလားတူအခြေအနေမျိုးတွင် ယခင်က အစိုးရမှ မူဝါဒပြောင်းလဲသည့်နေ့အထိ ထုတ်ပေးပြီးဖြစ်သည့် letter of creditး (LC) သို့မဟုတ် ငွေပေးချေမှုဆိုင်ရာ အာမခံချက်များအတွက် ကင်းလွတ်ခွင့်များ ပေးထားသည်ဟု အိန္ဒိယ အကြီးမားဆုံး ဆန်ပို့ကုန်လုပ်ငန်း Satyam Balajee မှ အမှုဆောင်ဒါရိုက်တာ Himanshu Agarwal က ပြောကြားသည်။ ယခုအခါ ထိုသို့သော ကင်းလွတ်ခွင့်များ မပေးထားချေ။

 

"ဆန်လုပ်ငန်းမှာ ရတဲ့ အမြတ်အစွန်းတွေက ပါးပါးလေးပဲ ရတယ်။ ဆန်တင်ပို့သူတွေက အကောက်ခွန် ၂၀% ပေးဆောင်ဖို့ မတတ်နိုင်ကြပါဘူး။ အစိုးရက ထုတ်ပေးပြီးသား LC တွေကို အခွန် ၂၀% မစည်းကြပ်ဘဲ တင်ပို့ခွင့်ပြုသင့်ပါတယ်" ဟု Agarwal က ပြောကြားသည်။

 

အိန္ဒိယအစိုးရသည် ယခုနှစ်အစောပိုင်းက ဂျုံတင်ပို့မှုကို ပိတ်ပင်လိုက်ချိန်တွင် ထုတ်ပေးပြီးသား LC များကို ဆက်လက်တင်ပို့ရန် ခွင့်ပြုခဲ့သည်။

 

အခွန် ၂၀% ပေးဆောင်ဖို့ လိုအပ်နေသဖြင့် သင်္ဘောတင် ရပ်ထားသော ဆန်ဖြူ တန်ချိန် ၇၅၀,၀၀၀ တို့သည် ဆိပ်ကမ်းများတွင် ရောက်ရှိနေသည်ဟု ကုန်သည်များက ခန့်မှန်းသည်။

ဆန်ကွဲ တင်ပို့မှု ပိတ်ပင်တားမြစ်ချက်နှင့် ပတ်သက်၍ အိန္ဒိယအစိုးရက အမိန့်စာ ထုတ်ပြန်သည့်  ကြာသပတေးနေ့  မတိုင်မီ အကောက်ခွန်သို့ စာရွက်စာတမ်း ပေးအပ်ပြီးဖြစ်သော သင်္ဘောများနှင့် ကြာသပတေးနေ့  မတိုင်မီ  ကျောက်ချရပ်နားသည့် သင်္ဘောများကို ဆန်ကွဲသယ်ဆောင်ရန် ခွင့်ပြုထားသည်။  သို့သော် စက်တင်ဘာ ၁၅ ရက်မတိုင်မီ ကုန်တင်ခြင်း ကိစ္စအဝဝ အပြီးသတ်ရန် လိုအပ်သည်။

ထိုခွင့်ပြုချက်များနှင့် မကိုက်ညီသဖြင့် သင်္ဘော တင်မရ ဖြစ်နေသည့် ဆန်ကွဲများ အနည်းဆုံး တန်ချိန် ၃၅၀,၀၀၀ တို့သည် ဆိပ်ကမ်းများတွင် ရောက်ရှိနေသည်။ ဆန်ကွဲများကို ဆိပ်ကမ်းမှ ကုန်တွင်းပိုင်းသို့ ပြန်လည်ပို့ဆောင်ဖို့ ဆိုသည်မှာ စရိတ်ထောင်းမည် ဖြစ်သဖြင့် မဖြစ်နိုင်ပေ။

 

သင်္ဘောတင်မရ ဖြစ်နေသည့် ဆန်ကွဲများမှာ တရုတ်၊ ဆီနီဂေါ၊ ဆီနီဂေါနှင့် ဂျီဘူတီတို့ထံ တင်ပို့မည့် ဆန်ကွဲများ ဖြစ်သည်။

အခွန်ဆောင်ရန်ကိစ္စ လိပ်ခဲတင်းလင်း ဖြစ်နေသော ဆန်ဖြူများမှာ ဘီနင်၊ သီရိလင်္ကာ၊ တူရကီနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) သို့ တင်ပို့မည့် ဆန်ဖြူများ ဖြစ်သည်။

 

 အိန္ဒိယ ဆန် တင်ပို့သူများအသင်းက အဆိုပါ ဆန်ကွဲများနှင့် ဆန်ဖြူများကို ပြဋ္ဌာန်းချက် အသစ်များမှ ကင်းလွတ်ခွင့် ပေးပါရန် အစိုးရထံ တင်ပြထားပါသည်။

Source Reuters

#MyanmarFoodIndustryGuide 

Telegram Channel https://t.me/Guid4U

 

 

Read 23760 times
Rate this item
(0 votes)