India

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယကြက်သွန်ဈေး ဘာကြောင့် မြင့်တက်လာရသလဲ

အိန္ဒိယကြက်သွန်ဈေး ဘာကြောင့် မြင့်တက်လာရသလဲ Google

ယခုနှစ်အတွင်း အိန္ဒိယ၏ ကြက်သွန်နီထုတ်လုပ်မှု မြင့်တက်ခဲ့သည့်တိုင် ရောင်းလိုအားပြတ်လပ်ခြင်းကြောင့်

ပြီးခဲ့သည့်ခြောက်လအတွင်း အိန္ဒိယကြက်သွန်ဈေး ၁၇၇ ရာခိုင်နှုန်း ထိုးတက်လာခဲ့သည်။ မိုးကြီးခြင်းကြောင့် ဂိုဒေါင်ကြက်သွန်များ ပုပ်သိုးပျက်စီးခြင်း၊ ကြက်သွန်ခင်းများ ရေဝင်ပျက်စီခြင်းတို့ ဖြစ်ပေါ်ခဲ့သလို ကြက်သွန်ပွဲစားများကလည်း ဈေးတက်မှုကို အခွင့်အရေးယူနိုင်ရေး ကြက်သွန်ပြတ်လပ်အောင် တမင်တကာ ဖန်တီးနေကြသည်။


ကနဦးခန့်မှန်းချက်အရမူ အိန္ဒိယ၏ ယခုနှစ်ကြက်သွန်ထုတ်လုပ်မှုသည် တန်ချိန် ၂၆၇ ဒသမ ၃ သိန်း ရှိနိုင်ပြီး ယခင်နှစ်ထက် ၁၇ ရာခိုင်နှုန်းနီးပါး ပိုများသည်။ ကြက်သွန်သိုလှောင်နိုင်စွမ်းကိုလည်း တန်ချိန် ၅၄ သိန်းအထိ မြှင့်တင်နိုင်ခဲ့သည်။


မဟာရဋ္ဌနှင့် ကာနာတာကာပြည်နယ်တို့က နိုင်ငံ၏ စုစုပေါင်းကြက်သွန်အနက် ထက်ဝက်ကျော် (၅၁ ရာခိုင်နှုန်း) ကို ထုတ်လုပ်ပေးနေသည်။ သို့ရာတွင် မဟာရဋ္ဌပြည်နယ်၌ သိုလှောင်ကြက်သွန် ၄၀ ရာခိုင်နှုန်းနီးပါးနှင့် ညီမျှသော တန်ချိန် ၂၇ သိန်းမှာ မုတ်သုံမိုးနှင့် စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့် ပုပ်သိုးပျက်စီးခဲ့ရပြီး ကာနာတာကာပြည်နယ်တွင်လည်း ကြက်သွန်သီးနှံ ၃၀ ရာခိုင်နှုန်း ရေဝင်ပျက်စီးခဲ့ရသည်။

 

ရာသီဥတုမမှန်မှုအပြင် ပွဲစားများနှင့် လက်ကားသမားများ၏ ကိုယ်ကျိုးရှာမှုကလည်း ကြက်သွန်ပြတ်လပ်ခြင်း၏ အကြောင်းရင်းတစ်ခုအဖြစ် ရှိနေသည်။ “မိုးကြီးတာကြောင့် ကြက်သွန်ရောင်းလိုအား ပြတ်လပ်ခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကြားသိထားတာတစ်ခုက ကြက်သွန်လှောင်လက်တွေနဲ့ ပွဲစားတွေကလည်း ပို့ကုန်ပိတ်ပင်လိုက်တဲ့အတွက် ဖြစ်လာမယ့်အကျိုးဆက်ကို တွက်ဆနေကြတယ်ဆိုတာပါ။ ဒီအခြေအနေမှာ ကြက်သွန်ပြတ်လပ်အောင် တမင်တကာ ဖန်တီးကြဖို့ရှိပါတယ်။ ဒါပေမဲ့ အခြေအနေကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်” ဟု အမည်ထုတ်ဖော်ခြင်းမရှိသော စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိတစ်ဦးက India Today သတင်းဌာနကို ပြောကြားခဲ့သည်။


ပြည်တွင်း၌ ကြက်သွန်ဈေး မြင့်တက်နေခြင်းကြောင့် အစိုးရက စက်တင်ဘာ ၁၄ ရက်မှစ၍ ကြက်သွန်ပို့ကုန်ကို ပိတ်ပင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်တင်ပို့မှု ပြန်လည်ခွင့်ပြုပေးခဲ့သည်။ ဒေလီ၊ မွန်ဘိုင်း စသော မြို့ကြီးများတွင် ပျမ်းမျှ ကြက်သွန်လက်လီဈေး တစ်ကီလိုလျှင် ၄၀-၆၀ ရူပီး ရှိနေပြီး ဇွန်လက ဖြစ်ပေါ်ခဲ့သော တစ်ကီလို ၂၀-၃၀ ရူပီးနှုန်းထက် များစွာ မြင့်တက်လာသည်။ ကြက်သွန်လှောင်လက်များကမူ ဈေးနှုန်းကို ထပ်မံမြင့်တက်လာအောင် ကြိုးစားကြဖွယ်ရှိနေသည်။


အိန္ဒိယ၏ အကြီးဆုံး ကြက်သွန်ဈေးကြီးဖြစ်သော မဟာရဋ္ဌပြည်နယ် Lasalgaon ဈေး၌ ကြက်သွန်လက်ကားဈေးသည် ဧပြီလက တစ်ကွင်တယ်လျှင် ၇၂၁ ရူပီး ရှိခဲ့ရာမှ စက်တင်ဘာလလယ်တွင် ၂၀၀၀ ရူပီးအထိ မြင့်တက်လာခဲ့သည်။ကြက်သွန်ဈေးမှာ ယခင်နှစ်လည်း အလားတူ ထောင်တက်ခဲ့ဖူးသည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော လက်ကားဈေးမှာ တစ်ကီလိုလျှင် ၃၂ ရူပီး ရှိခဲ့ရာ ယခုနှစ်ပေါက်ဈေးထက်ပင် ၁၂ ရူပီးနီးပါး မြင့်မားနေသည်။ ထို့နောက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ကြက်သွန်လက်ကားဈေးမှာ တစ်ကီလိုလျှင် ၈၀ ရူပီးအထိ ရောက်ရှိခဲ့သည်။


အိန္ဒိယသည် ပြည်တွင်းလိုအပ်ချက်ထက် ပို၍ ကြက်သွန်ထုတ်လုပ်နေသော်လည်း သိုလှောင်အဆောက်အအုံညံ့ဖျင်းခြင်း၊ ကုန်စည်စီးဆင်းမှုကွင်းဆက်အားနည်းခြင်းတို့ကြောင့် နှစ်စဉ် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ တစ်နှစ်လျှင် ပျမ်းမျှ ကြက်သွန်ထုတ်လုပ်မှု တန်ချိန် သိန်း ၁၈၀ ရှိသော အိန္ဒိယမှာ ကမ္ဘာတွင် တရုတ်နိုင်ငံပြီးလျှင် ကြက်သွန်ထုတ်လုပ်မှု ဒုတိယအများဆုံးအဖြစ် ရပ်တည်နေသည်။


ပြည်တွင်း ကြက်သွန်စားသုံံးမှုမှာ တန်ချိန် သိန်း ၁၆၀ သာ ရှိသဖြင့် ပိုလျှံကြက်သွန်များကို ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ယူအေအီး၊ သီရိလင်္ကာနိုင်ငံများသို့ တင်ပို့လေ့ရှိသည်။ အိန္ဒိယက ယခုနှစ် ဧပြီ-ဇွန်ကာလအတွင်း ကြက်သွန် ကန်ဒေါ်လာ ၁၉၈ သန်းဖို့ တင်ပို့ခဲ့သည်။ လက်ရှိအချိန်မှာ ဈေးကွက်ကစားသူများက အချင်းချင်းညှိနှိုင်း၍ ကြက်သွန်ပြတ်လပ်မှု ပို၍ဖြစ်ပေါ် ကြံစည်နိုင်သဖြင့် အလွန်အရေးကြီးသည့်ကာလဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။

 

“ဒီလိုကာလမှာ အစိုးရက ဈေးကွက်ကို အနီးကပ် စောင့်ကြည့်သင့်ပါတယ်။ လှောင်လက်တွေနဲ့ ပွဲစားတွေဟာ ကြက်သွန်သိုလှောင်မှု၊ ဈေးတက်လာမှုတို့ကနေ အမြတ်ထုတ်ဖို့ လှုပ်ရှားလာပြီး ရာသီဥတုအပေါ် ရမယ်ရှာဖွယ်ရှိပါတယ်။ ရာသီဥတုမမှန်မှုအပြင် သိုလှောင်အဆောက်အအုံမကောင်းခြင်းနဲ့ ကြက်သွန်လှောင်သမားတွေဟာ အစိုးရရဲ့ ကြက်သွန်ထိန်းချုပ်ရေးကြိုးပမ်းချက်ကို စိန်ခေါ်နေပါတယ်” ဟု IIT-Delhi တက္ကသိုလ်မှ ပါမောက္ခ V Upadhyay က ပြောသည်။

 

By Myanmar Food Guide

The Farmer Media

Read times
Rate this item
(0 votes)