India
ဆိတ်ကလီစာ
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိတ်သားချည်းစားရတာငြီးငွေ့နေသူများအတွက်
ဆိတ်ကလီစာ ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ဆိတ်ကလီစာရောရော၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ စပါးလင်၊ ဗီနီကာအရည်၊ ငရုတ်ပွခြောက်၊ ပျဉ်းတော်သိမ်ရွက်၊ မဆလာ၊ ဆီ၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။
ပထမဆုံး ဆိတ်ကလီစာတွေကိုရေနွေးဆူဆူမှာ မိနစ်အနည်းငယ်ခန့် ပြုတ်လိုက်ပါ။ ဆိတ်ကလီစာမှ အကျိအချွဲများနှင့် အညစ်အကြေးများကို ဖယ်ထုတ်ပြီးရေဆေးလိုက်ပါ။
မိမိနှစ်သက်တဲ့ အရွယ်အတုံးလေးများတုံးလိုက်ပြီးတဲ့နောက် ဗီနီကာရည်တို့ လောင်းထည့်ပြီး ဆားအနည်းငယ်ထည့်ကာ နာနာလေးနယ်ပြီးဆေးကြောလိုက်ပါ။
ပြီးလျှင်တော့ ငရုတ်ပွခြောက်ကို ထက်ပိုင်းဖြတ်ပြီးအစေ့တွေထုတ်ပြီး ရေနွေးစိမ်လိုက်ပါ။
ပြီးနောက် ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့်ငရုတ်ပွခြောက်တို့ကို ညက်နေအောင် ထောင်းပေးပါ။
ချင်းကိုလည်း သီးသန့်ညက်နေအောင်ထောင်းပေးပါ။ ပြီးရင်တော့ ချက်မယ့်အိုးထဲသို့ ဆိတ်ကလီစာအတုံးလေးများကိုထည့်လိုက်ပါ။
ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ မဆလာနှင့် ထောင်းထားသော ကြက်သွန်ငရုတ်သီးအနှစ်အရောထည့်ကာ ချင်းကို အရည်ညှစ်ချပြီး နယ်ကာမိနစ်အနည်းငယ်ခန့် နှပ်ထားလိုက်ပါ။
စပါးလင်တစ်ချောင်းကို ဓားပြားရိုက်ပြီး ထုံးချည်ထားပါ။ ပျဉ်းတော်သိမ်ရွက်တွေကို ရေဆေးပြီး အရွက်ခြွေထားပါ။
ပြီးနောက် ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာလျှင် ထုံးချည်ထားတဲ့ စပါးလင်ကို ဆီသတ်ပေးပါ။ ရေဓာတ်ကုန်သွားပြီး အနံ့မွှေးလာပြီဆိုရင် အရွက်ခြွေထားတဲ့ ပျဉ်းတော်သိမ်ရွက်တွေကို ကြွပ်သွား
အောင် ဆီသတ်ပေးပါ။
ပြီးရင်တော့ အနံ့မွှေးအောင်လုပ်ထားတာကို ဆိတ်ကလီစာပြင်ဆင်ထားတဲ့ အိုးထဲသို့လောင်းထည့်ပြီး ယောင်းမနှင့်မွှေပေးရပါမယ်။
ဆိတ်ကလီစာကို မီးခပ်အေးအေးမှာ အဖုံးပိတ်ပြီး ဆီပြန်လာအောင် ချက်လိုက်ပါ။ ဆီပြန်လာလျှင်အိုးမကပ်စေရန် ရေအနည်းငယ်ထည့်လိုက်ပါ။
မနူးသေးရင်တော့ ရေထပ်ထည့်ပြီး တည်ပေးရပါမယ်။ ဆိတ်ကလီစာတွေနူးအိပြီဆိုရင် မီးဖိုပေါ်မှချပြီး စပါးလင်ထုံးလေးကို ဖယ်ထုတ်လိုက်ပါ။
ပြီးရင်တော့ ဆိတ်ကလီစာကို ငါးပိရည်၊ တို့စရာ၊ ထမင်းပူပူလေးနှင့် တွဲဖက်စားရင်တော့ ထမင်းမြိန်စေမှာ ဖြစ်ပါတယ်။