Myanmar
မြေအိုးမြီးရှည်ချက်နည်း
ယခုလို မိုးအေးအေးလေးထဲမှာ ပူပူစပ်စပ်လေးစားသုံးဖို့တော့ လိုမယ်နော်။ အစားအစာတွေအများကြီးရှိပေမယ့် ဒီလိုအချိန်မှာ အရသာရှိပြီး ခံတွင်းတွေ့စေမယ့် မြေအိုးမြီးရှည်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
မြေအိုးမြီးရှည်ချက်ဖို့အတွက် မာလာအနှစ်နဲ့ချက်ရင်တော့ ပိုပြီးလွယ်ကူမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ကြက်သား (သို့) ဝက်သား၊ မြီးရှည်ဖတ်၊ မာလာခေါက်ဆွဲဖတ်၊ မြေပဲဆံ၊ ကျောက်ပွင့်၊ ငါးဖယ်လုံး၊ ရွှေပဲသီး၊ ပန်းဂေါ်ဖီ၊ ပဲငါးပိ၊ ငရုတ်သီးအတောင့်၊ ပဲလိပ်၊ ကန်စွန်းရွက်၊ ချင်း၊ငုံးဥ တို့ လိုအပ်ပါမယ်။
မြီးရှည်ဖတ်နဲ့မာလာဖတ်တွေကို တစ်နာရီလောက် ကြိုတင်၍ ရေစိမ်ထားပါ။
ပြီးလျှင် ငုံးဥပြုတ်ပြီး အဆင်သင့်ခွာထားပါ။ ပြီးနောက် ပဲလိပ်၊ ကျောက်ပွင့်၊ ကန်စွန်းရွက်၊ ရွှေပဲသီး၊ ပန်းဂေါ်ဖီတို့ကို အနေတော်အရွယ်လေးတွေလှီးပြီး ရေစိမ်ထားပါ။ မြေပဲဆံကိုလည်း မညက်တညက်ထောင်းထားပါ။
ကြက်သား (သို့) ဝက်သားကို အတုံးသေးသေးလေးတွေတုံးပြီး ဆား၊ ကြက်သားမှုန့်၊ ချင်းထောင်းအနည်းငယ်ထည့်ပြီး ပြုတ်ပေးပါ။
ပဲငပိကို ကျေအောင်ချေပေးပြီး ငရုတ်သီးကိုအကြမ်းဖတ်လေးတွေရအောင် ထောင်းပေးပါ။
အသားအိုးပွက်ပွက်ဆူနေတဲ့အထဲကို ပဲငပိနဲ့ ငရုတ်သီး အကြမ်းဖတ်ထည့်ပြီး ကိုယ့်စိတ်ကြိုက် ချဉ်ငံစပ်အရသာကို လိုသလိုပြင်ပေးနိုင်ပါတယ်။
ပြီးနောက် ငါးဖယ်၊ ကျောက်ပွင့်၊ ရွှေပဲသီး၊ ပန်းဂေါ်ဖီနဲ့ မြေပဲဆံထောင်းရောထည့်လိုက်ပါ။
ပြီးရင်တော့ မြီးရှည်နဲ့မာလာဖတ် ရောထည့်ပြီး အဖတ်တွေ နူးသွားရင်တော့ မီးပိတ်ပြီး ကန်စွန်းရွက်နဲ့ ငုံးဥပြုတ်တို့ကို ထည့်လိုက်ပါ။
ရပြီဆိုရင်တော့ ချဉ်ငံစပ်အရသာရှိတဲ့ မြေအိုးမြီးရှည်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။