Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ကြီးငါးရေစပ်စပ်ချက်


ပင်လယ်စာကြိုက်နှစ်သက်သူများအတွက် ထမင်းမြိန်စေပြီး လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ပြည်ကြီးငါး ရေစပ်စပ်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ပြည်ကြီးငါး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းနီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ပင်စိမ်း၊ ငါးငံပြာရည်၊ ခရုဆီ၊ သကြား၊ ဟင်းခတ်မှုန့်၊ သံပရာသီး တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ပြည်ကြီးငါးတွေကို ခေါင်းပိုင်းနဲ့ကိုယ်ပိုင်းခွဲထုတ်လိုက်ပါ။ ပြီးလျှင် ခေါင်းအတွင်းရှိမျက်လုံးနှင့်ချေးအိတ်ကို ဖယ်ရှားလိုက်ပါ။

 

ကိုယ်ပိုင်းကိုဓားနဲ့ခွဲပြီးဖြန့်လိုက်ပါ။ ခန္ဓာကိုယ်အတွင်းပိုင်းကနေ ဓားနဲ့ ဟိုဖက်ဒီဖက်မွှန်းပြီးအကွက်ဖော်ကာတစ်လက်မအရွယ်လေးတွေလှီးဖြတ်ထားပါ။

 

ယင်းအချိန်မှာ ရေနွေးအနည်းငယ်ကိုအပူပေးထားပါ။ ချင်းသေးသေးတစ်တက်ကိုဓားပြားရိုက်ထည့်ပြီးသံပရာသီးတစ်စိတ်ညှစ်ထားပါ။

 

ဆူနေတဲ့ရေထဲမှာပြည်ကြီးငါးတွေကို တစ်မိနစ်ခန့်သာပြုတ်ပါ။ ပြီးရင်တော့ ရေအေးစိမ်ပြီးစစ်ထားပါ။

 

ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ ငရုတ်တောင့်နီတွေကို ညက်အောင် ထောင်းထားပေးပါ။ ပင်စိမ်းကိုရေဆေးပြီးအရွက်ခြွေထားပါ။

 

ပြီးလျှင် ဒယ်အိုးတစ်လုံးကိုယူ ဆီအနည်းငယ်ထည့်၍ အပူပေးပြီး ထောင်းထားသောအရောကိုဆီသတ်ပါ။

 

မွှေးလာလျှင်ပြုတ်ပြီးရေစစ်ထားတဲ့ပြည်ကြီးငါးတွေထည့်ကြော်လိုက်ပါ။

 

ပြီးနောက် ငါးငံပြာရည်၊ ခရုဆီ၊ သကြား၊ ဟင်းခတ်မှုန့် တို့ထည့်လိုက်ပါ။

 

ပြီးရင်တော့ အရွက်ခြွေထားတဲ့ ပင်စိမ်းလေးတွေအုပ်ပေးပါ။ ပြီးနောက် သံပရာသီးတစ်စိတ်လှီး၍ အရည်လေးညှစ်ချပြီးမီးဖိုပေါ်မှချလိုက်ပါ။

 

ပြီးနောက် အရသာရှိပြီး ထမင်းမြိန်စေတဲ့ ပြည်ကြီးငါး ရေစပ်စပ်ချက်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

 

 

Read times
Rate this item
(1 Vote)