Myanmar
တစ်ပတ်တစ်ခါ သူငယ်ချင်းများနဲ့ အိမ်တွင် လုပ်စားနိုင်တဲ့ စားစရာများ
သူငယ်ချင်းတွေနဲ့ တစ်ပတ်တစ်ခါ လွယ်လင့်တကူလုပ်စားနိုင်တဲ့ မုန့်လုပ်နည်းများကို ဖော်ပြပေးလိုက်ပါတယ်။
ရယ်ဒီမိတ် မုန့်ဟင်းခါး
ရယ်ဒီမိတ်မုန့်ဟင်းခါးအခြောက်ထုတ်တွေကို နီးစပ်ရာ ဈေးတွေနဲ့ Super Market တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။
မုန့်ဟင်းခါး ခြောက်ထုတ် ၅ ယောက် စားစာ၊ ၁၀ ယောက်စားစာ စသဖြင့် ရွေးချယ်နိုင်ပြီး ဈေးကနေ မုန့်ဖတ်ဝယ်၊ အထုတ်ကို ရေနွေးနဲ့ ခဏတည်ယုံနဲ့ အလွယ်တကူ လုပ်စားနိုင်ပါတယ်။ ကိုယ်တိုင်ချက်သလိုတော့ အရမ်းအရသာ ရှိမှာမဟုတ်ပေမယ့် ဘော်ဒါ သူငယ်ချင်းတွေနဲ့တော့ လွယ်လွယ်ကူကူ စားလို့ အဆင်ပြေပါတယ်။
အသုပ်စုံ
အသုပ်စုံလုပ်စားနည်းကတော့ နည်းနည်းလက်ဝင်ပါတယ်။ သန့်သန့်ရှင်းရှင်း နဲ့အိမ်မှာ အစုံ စားနိုင်တာမို့ ဘော်ဒါတွေနဲ့ လုပ်စားသင့်တဲ့ထဲ ထိပ်ဆုံးက ပါပါတယ်။
ပဲပြားကိုကြော်၊ အာလူး အသေးလေးတွေ ပြုတ်၊ သဘောင်္သီးစိမ်းတို့ သခွားသီး တို့ ဂေါ်ဖီ တို့ကို ပါးပါးလှီး၊ ထမင်းနဲ့ ငရုတ်ဆီ နယ်ပြီး ထမင်းလုံးလေးတွေ လုပ်၊ ခေါက်ဆွဲ၊ ကြာဇံ၊ ပဲကြာဇံ၊ ပဲပင်ပေါက် တို့လိုသလောက် ထည့်ပြီး အချဉ်ရည်စပ်ပြီး မြိန်ယှက်စွာ သူငယ်ချင်းများနဲ့ အသုပ်စုံကို လုပ်စားနိုင်ပါတယ်။
ထမင်းကြော်/ ခေါက်ဆွဲကြော်/ ကြာဇံကြော်
အကြော်အလှော်တွေက အရမ်းလုပ်ရလွယ်ပါတယ်။ အသီးအရွက် နိုင်နိုင်၊ အသားများများနဲ့ ဆို အရသာလည်းရှိပါတယ်။
အကင်
အကင် တွေက new year ဘော်ဒါတွေ စုံကြတာမျိုးမှာဆို အထူးသင့်တော်ပါတယ်။ အသားတွေကို ငံပြာရည်၊ ငရုတ်သီး အစိမ်းမှုန့် ၊ကြက်သားမှုန့်၊ မဆလာ စတာတွေနဲ့ အရသာဝင်အောင်နယ်၊ ခဏနှပ်ထားပါ။
အသားချည်းပဲ မစားချင်ရင် ပြောင်းဖူး၊ ရုံးပတေသီး၊ မှို၊ ငရုတ်ပွ အစရှိတာ တွေလည်း ထည့်နိုင်ပါတယ်။ ပြီးရင် သူငယ်ချင်းများနဲ့ ကိုယ်ကြိုက်တာ ကင်စားနိုင်ပါတယ်။
Hot pot
Hotpot က လုပ်တတ်မယ်ဆို အလွယ်တကူ လုပ်စားလို့ရတဲ့ ထဲ ပါပါတယ်။ ဈေးထဲက ကုန်စုံဆိုင်မှာ ဟော့ပေါ့ အနှစ် ထုတ်လို့ပြောပြီး ဝယ်ပါ။
၁၀ ယောက်စာဆို ၂ ထုတ်လောက်ဝယ်ရင်ရပါတယ်။ ပြီးရင် ကြက်သားကို အချိန်ကြာကြာပြုတ်ထားပြီး ရတဲ့ ကြက်ပြုတ်ရည်ထဲ ကို ကိုယ်ထည့်ချင်တဲ့ အသီးအရွက်၊ အသား၊ ငါး၊ CP အသားလုံး အစရှိတာတွေထည့်၊ ဟော့ပေါ့အနှစ်ထည့်ပြီး သူငယ်ချင်းများနဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။