Myanmar
ထမင်းမြိန်စေမယ့် မုန်လာဥချဉ်ရည်ဟင်း
မုန်လာဥပေါချိန်လေးတွင် အရည်သောက်နဲ့မှ ထမင်းစားချင်သူများအတွက် ထမင်းမြိန်စေမယ့် မုန်လာဥချဉ်ရည်ဟင်း ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ မုန်လာဥဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်သီး၊ ငါး၊ မန်ကျည်းသီး၊ ငါးပိစိမ်းစား၊ ဟင်းခတ်မှုန့်၊ငံပြာရည်၊ အရောင်တင်မှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ငါးကို ရေဆေးသန့်စင်ပြီး လှီးဖြတ်ထားပါ။ ငါးခေါင်းဆိုလျှင်လည်း ငါးခေါင်းကို ထက်ခြမ်းခြမ်းထားပါ။ မုန်လာဥကို လှီးဖြတ်ပြီး ရေဆေးကြောထားပါ။
ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ထောင်းထားပါ။ နံနံပင်ကိုလည်း ရေဆေးကြောပြီး အပိုင်းလေးတွေဖြစ်အောင် လှီးဖြတ်ထားပါ။ မန်ကျည်းသီးကိုလည်း ရေနွေးလေးဖြင့် စိမ်ထားပေးပါ။
ပြီးနောက် ဒန်အိုးအလွတ်ထဲသို့ ငါး၊ လှီးဖြတ်ထားတဲ့ မုန်လာဥ၊ ထောင်းထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ထည့်၊ ငါးပိစိမ်းစားကို ကြည့်ထည့်ပါ။
ပြီးလျှင် အရောင်တင်မှုန့်ကိုလည်း အနေတော်ထည့်လိုက်ပါ။ ဆီ အနည်းငယ်ထည့်၊ ရေကိုကြည့်ထည့်ပြီး တည်ထားပေးပါ။
မုန်လာဥနူးမနူးကို ကြည့်ပြီး အဖုံးပြန်ဖုံးထားပါ။ ပြီးရင်တော့ အရသာအတွက် ဟင်းခတ်မှုန့်၊ ငံပြာရည်တို့ထည့်ပြီး မြည်းကြည့်နိုင်ပါတယ်။
မုန်လာဥနူးပြီဆိုရင်တော့ မန်ကျည်းရည်ထည့်၊ ငရုတ်သီးစိမ်းလှီးထားတာထည့်၊ နံနံပင်လေးကို အပေါ်မှ အုပ်ပြီးရင်တော့ မုန်လာဥချည်ရည်ဟင်း ရပါပြီ။