Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ကြက်အူဆီပြန်ဟင်း

ထမင်းမြိန်စေမယ့် ကြက်အူကို မညှီပဲ အနံ့လေး မွှေးနေအောင် ချက်ဖို့အတွက် ချက်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ကြက်အူဆီပြန်လေးကို မဆလာနံ့လေး သင်းသင်းလေးနဲ့ မွှေးနေအောင် ချက်ထားပါတယ်။ စားနေချိန်မှာရော စားပြီးသွားရင်ရော လက်မှာ မဆလာအနံ့လေး သင်းပြီး စားချင်စိတ်ဖြစ်အောင် ဆွဲဆောင်နေမှာဖြစ်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်အူ၊ မဆလာ၊ ကြက်သားမှုန့်၊ နနွင်းမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ဆီ၊ စပါးလင်၊ ဆား၊ ငံပြာရည်၊ ရှာလကာရည်၊ ပဲမှုန့်အစိမ်း၊ ကရဝေးရွက်၊ ငရုတ်သီးအပုတောင့် တို့ လိုအပ်ပါမယ်။

 

ကြက်အူကို မညှီအောင် ဆေးရတာကတော့ လက်ဝင်ပါတယ်။ အချိန်လဲကြာတယ်။


ကြက်အူကို ဆေးမယ်ဆိုလျှင် ပထမဆုံး ဆားကြမ်း၊ နနွင်းနဲ့ ခပ်ကြမ်းကြမ်းလေး နယ်ဆေးပြီး ရေများများနဲ့ ဆေးချပါ။

 

နောက်တထပ်ဆို ပဲမှုန့်အစိမ်းထည့်ပြီး လက်နဲ့ အားရပါးရနယ်ပြီး ဆေးပါ။ အညှိအရွဲတွေဟာ ပဲမှုန့်စိမ်းနဲ့အတူ ပါသွားပါလိမ့်မယ်။ ရေအေးနဲ့ ပြန်ဆေးချပါ။ လေးငါးထပ်လောက်ဆေးပါ။

 

နောက်ဆုံးမှ ရေနွေးနွေးလေးထည့်၊ ရှာလကာရည်ထည့်ပြီး မြန်မြန်ဆေးချပါ။ စိမ်ပြီးဆေးလျှင် အချဉ်ဓာတ်တွေ စိမ့်ဝင်သွားမှာ ဆိုးလို့ပါ။


ပြီးရင်ရေနဲ့ အထပ်ထပ်ပြန်ဆေးရင် မညှီတော့ပါဘူး။ အားလုံး သန့်စင်သွားရင် ဆေးတဲ့ရေလေး ကြည်သွားတာ တွေ့ရပါမယ်။

 

အဲ့ဒီတော့မှ ထုံးပြီး ချက်ချင်တယ်ဆိုရင်လည်း အူတွေကို အနေတော်အရှည်လေးတွေ ဖြတ်ပြီးထုံးပါ။

 

မထုံးချင်လည်း ကပ်ကြေးနဲ့ အနေတော်အပိုင်းလေးတွေ ဖြတ်ပါ။ ပြီးရင် ကြက်သားမှုန့်၊ နနွင်းမှုန့်၊ မဆလာ ထည့်နယ်ထားပါ။

 

ပြီးနောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းကို ထောင်းထားပါ။

 

ငရုတ်သီးအပုတောင့်ကို ရေနွေးနဲ့ စိမ်ပါ။ ပွလာရင် အစေ့ထုတ် ညက်အောင် ထောင်းထားပါ။ စပါးလင်တစ်ပင်ကို အရိုးထုပြီး သေချာစည်းထားပါ။

 

ပြီးရင်တော့ ဟင်းချက်လို့ရပါပြီ။ ဆီအိုးပူရင် ကြက်သွန်နီဖြူ၊ ချင်းထောင်းတာထည့်၊ ဆီသတ်ပြီး ကရဝေးရွက်ပါ တခါတည်း ထည့်ပါ။


အနံ့မွှေးရင် နနွင်း၊ ငရုတ်သီးထောင်းတာ ထည့်ပါ။

 

အရောင်လည်းလှ အနံ့ လေး မွှေးနေပြီဆိုမှ ကြက်အူတွေကိုထည့်ပြီးမွှေပေးပါ။ ရေမထည့်ပါနဲ့ ။ ကက်အူက သူ့ရေနဲ့ သူ ထွက်လာတာ အများကြီးမို့လို့ ပါ။

 

စပါးလင် ထည့်ပြီး အဖုံးအုပ်ပေးထားပါ။ အိုးထဲ ဆီပြန်တဲ့ အသံကြားမှ အဖုံးဖွင့်ပါ။

 

အနံ့လေး အတော်မွှေးနေပြီဆိုရင် ရေအနည်းငယ်ထည့်ပြီး အူမနူးမချင်း တည်ပေးပါ။

 

အရသာအတွက် ဆား၊ ငံပြာရည်ကို ထည့်ပါ။ ဆီလည်းပြန် အူလည်းနူးပြီဆိုရင်တော့ ထမင်းမြိန်စေမယ့် ကြက်အူဆီပြန်ဟင်းလေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 06 December 2018 10:39
Rate this item
(1 Vote)