Myanmar
ကြက်သားနဲ့ နှမ်းဖတ်ချဉ်သုပ်
သက်သတ်လွတ်သမားများကတော့ နှမ်းဖတ်ချဉ်သုပ်ကို ဒီအတိုင်းသုပ်စားကြပါတယ်။ ယခုတော့ အသားနဲ့ နှမ်းဖတ်ချဉ်သုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ကြက်သား၊ နှမ်းဖတ်ချဉ်၊ နံနံပင်အမြစ်၊ ကြက်သွန်ဖြူ၊ ချင်း၊ ဆား၊ ကြက်သားမှုန့်၊ ကြက်သွန်နီ၊ ရှောက်ရွက်၊ ငရုတ်သီးစိမ်း၊ ဆီ၊ ငံပြာရည်၊ နံနံပင်၊ ငရုတ်ကောင်းမှုန့် တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ကြက်သားကို ရေသန့်စင်အောင်ဆေးကြောထားပါ။
ပြီးနောက် နံနံပင်အမြစ်ကို ရေဆေးပြီး ထုထားပါ။ ပြီးလျှင် ကြက်သွန်ဖြူ ၃ မွှာကို ဓားပြားရိုက်ထားပါ။ ပြီးနောက် ချင်းကိုလည်း ပါးပါးလှီးထားပါ။
ပြီးလျှင် အိုးတစ်အိုးထဲ ရေထည့်၍ ချင်း၊ ကြက်သွန်ဖြူ၊ နံနံပင်အမြစ်တို့ကိုထည့်၍ ရေဆူအောင်တည်ပေးထားပါ။ ရေဆူလာလျှင် ရေပွက်ပွက်ဆူအောင်တည်ထားတဲ့ ရေနွေးအိုးထဲထည့်၍ ပြုတ်လိုက်ပါ။
ပြီးလျှင် ဆား၊ ကြက်သားမှုန့် အနည်းငယ်ထည့်ပြီး ဆယ်မိနစ်ခန့်ပြုတ်ပါ။ ပြီးလျှင် ကြက်သားကို ဆယ်ယူ၍ အအေးခံထားပါ။
ပြီးရင်တော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရှောက်ရွက်နှင့် ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ၊ ပြီးနောက် အအေးခံထားတဲ့ ကြက်သားကို အမျှင်ကလေးများဖြစ်အောင် နွှင်ထားပါ။
ပြီးလျှင် ဇလုံတစ်လုံးထဲမှာ ကြက်သား၊ နှမ်းဖတ်ချဉ်၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရှောက်ရွက်၊ ငရုတ်သီးစိမ်း၊ ဆား၊ ကြက်သားမှုန့် အနည်းငယ်နှင့် ငံပြာရည်တို့ကို ရောပြီး သမအောင် ရောနယ်ပါ။ ပြီးရင်တော့ အပေါ့အငန်မြည်းကြည့်ပါ။
အရည်သောက်အတွက် ကြက်သားပြုတ်ထားတဲ့ အရည်ကို နံနံပင်၊ ငရုတ်ကောင်းမှုန့်ဖြူးပြီး ကြက်သား နှမ်းဖတ်ချဉ်အသုပ်နဲ့ တွဲဖက်၍ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။