Myanmar
ထမင်းမြိန်စေမယ့် ဝက်သုံးထပ်သားနှင့် ပန်းငရုတ်ပွဟင်း
ထမင်းမြိန်စေမယ့်အပြင် ၀က်သားအချိုကြော်လေးစားချင်သူများအတွက် ဝက်သုံးထပ်သားနှင့် ပန်းငရုတ်ပွဟင်းလျာ ချက်နည်းကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ဝက်သားသုံးထပ်သား၊ ပန်းငရုတ်ပွ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးခြောက်ကြော်၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ဝက်သားကို ရေဆေးသန့်စင်ပြီး အတုံးကလေးများဖြစ်အောင် လှီးဖြတ်ထားပါ။
ပြီးနောက် ပန်းငရုတ်ပွများကို အချောင်းရှည်များ လှီးဖြတ်ထားပါ။ ကြက်သွန်နီကိုလည်း ရေဆေးပြီး လေးစိတ် စိတ်ထားပါ။
ပြီးလျှင် ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ချင်းကို ပါးပါးလှီးထားပါ။
ပြီးနောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ချင်းကို ငရုတ်သီးခြောက်နှင့်အတူ ဆီသတ်ပါ။
အနံ့မွှေးလာပြီဆိုလျှင် လှီးထားတဲ့ ဝက်သားသုံးထပ်သားများကို ထည့်ပြီး ဆီသတ်ပါ။
ဝက်သားအနံ့မွှေးပြီး အပေါ်ယံအသားတင်းလာပြီဆိုလျှင် အရသာများထည့်ပါ။ ရေကို လိုအပ်သလောက်သာ ထည့်ပါ။
ပြီးရင်တော့ဝက်သားလည်း ကျက်ပြီ၊ အရသာလည်းရှိပြီဆိုလျှင် လှီးဖြတ်ထားတဲ့ ပန်းငရုတ်ပွများကို ထည့်ပါ။
နောက်ဆုံး အနံ့၊ အရသာအားလုံး ပြည့်စုံပြီဆိုလျှင် လှီးဖြတ်ထားတဲ့ ကြက်သွန်မြိတ်ကို အပေါ်ယံ ဖြူးပြီး ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်း သုံးဆောင်နိုင်ပါပြီ။



