Myanmar
စားလို့ကောင်းတဲ့ ကြက်သွန်ဖြူ ဝက်သားကြော်
ဝက်သားကိုအမျိုးမျိုး လုပ်စားနေကြတဲ့ကြားက အနံ့အရသာပိုထူးခြားတဲ့ ကြက်သွန်ဖြူ ဝက်သားကြော်လုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ဝက်ဂုတ်သား၊ ကြက်သွန်ဖြူ၊ ချင်း၊ ပျားရည်၊ ငရုတ်ကောင်း၊ ကြက်သားမှုန့်၊ ဗနီကာ၊ ခရုဆီ၊ ငံပြာရည်၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ဝက်သားကို ဆားအနည်းငယ်နဲ့ပွတ်ဆေးပြီး ပါးပါးလေးနဲ့ အနေတော်အရွယ်လေးတွေတုံးပေးပြီး ရေဖြင့်ဆေးကြောထားပါ။
ပြီးလျှင် ကြက်သွန်ဖြူကိုထောင်းပါ။ ချင်းကိုထောင်းပြီးအရည်ညှစ်ထားပါ။
ပြီးနောက် ဝက်သားကို အိုးတစ်လုံးထဲထည့်ပြီး ကြက်သားမှုန့်၊ ခရုဆီ၊ ငရုတ်ကောင်း၊ ဗနီကာ၊ ငံပြာရည်၊ ပျားရည်၊ ချင်းရည်၊ ကြက်သွန်ဖြူထောင်း တို့နဲ့ အသားထဲစိမ့်ဝင်အောင်နယ်ပေးပါ။
ပြီးရင်တော့ ရေခဲသေတ္တာရဲ့  မခဲတဲ့ အကန့်ထဲမှာ အသားနှပ်ထားတဲ့အိုးကိုထည့်ပြီး တစ်နာရီလောက်ထပ်နှပ်ထားပါ။
ပြီးနောက် တစ်နာရီပြည့်သွားရင်တော့ ဆီပွက်ပွက်ဆူအောင်တည်ထားတဲ့ ဒယ်အိုးထဲမှာ ထည့်ကြော်ပေးပါ။ ဝက်သား အနီဘက်သန်းသွားပြီဆိုရင်တော့ ဆယ်ယူထားလို့ရပါပြီ။
ဒီလောက် လွယ်လွယ်ကူကူလေး လုပ်ဆောင်ရပေမယ့် အရသာကတော့ အရင်အရသာနဲ့မတူဘဲ အနံ့မွှေးမွှေးနဲ့ ထမင်းမြိန်စေမယ့် ကြက်သွန်ဖြူ ဝက်သားကြော်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။



