Myanmar
အဆာပြေ မုန့် ဆီကြော်ကြွပ်ကြွပ်လေးလုပ်စားရအောင်
ကလေးတွေအကြိုက်တွေ့စေမယ့် မုန့် ဆီကြော်ကြွပ်ကြွပ်လေးကို လွယ်လင့်တကူပြုလုပ်နိုင်တဲ့အတွက်ကြောင့် အောက်တွင် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ဆော်ဒါ၊ ဆား၊ ထန်းလျက်ရည်၊ နှမ်း၊ ထောင်းထားတဲ့မြေပဲ၊ အုန်းသီးဖတ်၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ဆော်ဒါ၊ ဆား၊ ရေတို့ကို ရော၍ သမအောင်မွှေထားပေးပါ။
ပြီးလျှင် ထန်းလျက်ရည်ကို ထည့်၍ သမအောင်မွှေပေးထားပါ။ ပြီးနောက် မုန့်အနှစ်ကို တစ်ညနှပ်ထားရင် ပိုကောင်ပါတယ်။ အချို့ တော့ လတ်တလော ကြော်ကြပါတယ်။
ပြီးနောက် ကြော်ခါနီးတွင် မှုန့်နှစ်ထဲကို နှမ်းနဲ့မြေပဲထောင်း၍ သမအောင်မွှေပေးထားပါ။
ပြီးလျှင် မုန့်ဆီကြော် ကြော်ဖို့အတွက် ဒယ်အိုးကို မီးဖိုပေါ်တင် ဆီထည့် ဆီပူလာလျှင်တော့ ဇွန်းယောင်းမဖြင့် မုန့်နှစ်ကို မွှေ၍ ဒယ်အိုးထဲသို့ ခပ်ထည့်လိုက်ပါ။
ပြီးနောက် ဒယ်အိုးထဲသို့ မိမိလိုချင်သည့် အရွယ်အစားအလိုက် လောင်းထည့်ပေးပါ။ ပြီးရင်တော့ အပေါ်ယံကနေ အုန်းသီးဖတ်ကို ဖြူးလိုက်ပါ။ မီးအေးအေးဖြင့် ကြော်ရင်တော့ ပိုကောင်းပါတယ်။
အကြွပ်ကြိုက်နှစ်သက်ရင်တော့ ကြာကြာကြော်ပေးပါ။ အပျော့ကြိုက်ရင်တော့ ခဏလောက်ကြော်ပြီးလျှင် ဆီစစ်ပေးထားပါ။ ပြီးရင်တော့ အရသာရှိတဲ့ မုန့်ဆီကြော်ကြွပ်ကြွပ်လေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။