Myanmar
မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
အခြေခံစားသုံးကုန်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် စားသုံးဆီများ ပြည်တွင်းဈေးကွက်အတွင်းရောင်းချရာတွင် စားသုံးသူများထံ ဈေးနှုန်းသင့်တင့်မှန်ကန်စွာဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် ဩဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်းနှင့် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းတို့သည် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဌဦးဆန်းလင်း နှင့်တာဝန်ရှိသူများ၊ စားသုံးဆီများတင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိသည့် ဆီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး ကိုဗစ်ကာလအတွင်း၌ စားသုံးဆီများကို ပြည်တွင်းဈေးကွက်တွင် သင့်တင့်မှန်ကန်သောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးအတွက် ဆီလုပ်ငန်းရှင်များမှ ဆောင်ရွက်ပေးလျက်ရှိသည့် ဆီတင်သွင်းမှုနှင့် ဈေးကွက်အတွင်းရောင်းချပေးမှုအခြေအနေများ၊ ကိုဗစ်ကာလ၌ ပြည်တွင်းလိုအပ်သည့် စားသုံးဆီပမာဏ ဖူလုံစွာရရှိရေးအတွက် အစိုးရနှင့်ပူးပေါင်း၍ တင်သွင်းဖြန့်ဖြူးရောင်းချပေးနိုင်ရန် ကြိုတင်စီစဉ်ဆောင်ရွက်ခဲ့မှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ရေရှည်တွင်လည်း ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအနေဖြင့် စားသုံးဆီများကို ပြည်တွင်းလိုအပ်ချက်အတွက် တင်သွင်းဖြန့်ဖြူးရာတွင် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ အကျိုးအမြတ်မျှတပြီး စားသုံးသူဈေးနှုန်းကြီးမြင့်မှုမရှိစေဘဲ တင်သွင်းဖြန့်ဖြူးရောင်းချပေးနိုင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍမှ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်ကိုလည်း အသင်းချုပ်ဥက္ကဌ၊ အထွေထွေအတွင်းရေးမှူးချုပ်တို့နှင့်အတူ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
By Myanmar Food Industry Guide
UMFCCI