Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စပါး အခြေခံ ဈေးအောက် ကျဆင်းပါက အစိုးရက ကျပ် ဘီလီယံ ၂၀ ဖိုးဝယ်ယူမယ်

စပါး အခြေခံ ဈေးအောက် ကျဆင်းပါက အစိုးရက ကျပ် ဘီလီယံ ၂၀ ဖိုးဝယ်ယူမယ် AMIA

အခုနှစ်မှာ စပါး အခြေခံ ရည်ညွှန်းဈေးအောက် ကျဆင်းပါက တိုင်းဒေသကြီးနဲ့ ပြည်နယ် ၅ ခုမှာ

ကျပ်ဘီလီယံ ၂၀ ဖိုး ဝယ်ယူပေးဖို့ စီးပွားရေး ကော်မတီထံ တင်ပြထားတယ်လို့ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေး အဖွဲ့ထံမှ သိရသည်။ အဆိုပါ ငွေကို နိုင်ငံတော် လှည့်ပတ်ရန်ပုံငွေ ကနေ ထုတ်ယူသုံးစွဲမှာဖြစ်ပြီး၊ မနှစ်က ဝယ်ယူပေးခဲ့တဲ့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တို့အပြင် တနင်္သာရီနဲ့ ရခိုင်ပြည်နယ်တို့ ထပ်တိုးလာတာကြောင့် စုစုပေါင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၅ ခုမှာ ဝယ်ယူမှာ ဖြစ်ပါသည်။


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က “၂၀၂၀- ၂၀၂၁ ခုနှစ်အတွက် စပါးကို အခြေခံ ရည်ညွှန်း စပါးဈေးနှုန်း တင်း ၁၀၀ ကို ၅ သိန်း ၂ သောင်းအောက် ကျဆင်းလာရင် ဝယ်ယူမှာပါ။ ဝယ်ယူတဲ့အခါ အရင်နှစ်ကလို အခက်အခဲတွေ မဖြစ်ပေါ်စေဖို့ ဝယ်ယူမယ့် နည်းလမ်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ အကြံပြုချက် အလိုက် ချမှတ်ဆောင်ရွက်သွားမယ်” လို့ပြောကြားခဲ့သည်။


လက်ရှိမှာ အစိုးရက စပါးဝယ်ယူရေးနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးများ၊ စပါး ဝယ်ယူကြီးကြပ်မှု လုပ်ငန်းအဖွဲ့များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းနဲ့ ဆန်စပါး ကုန်သည်များ အဖွဲ့မှ တာဝန်ရှိသူတွေက ကဏ္ဍအလိုက် တင်ပြ ချက်တွေကို စုစည်းကာ စပါးဝယ်ယူရေး အဆင်ပြေစေဖို့ ဆောင်ရွက်မယ်လို့ သိရသည်။


ပဲခူးတိုင်း အနောက်ခြမ်း ဆန်စက်လုပ်ငန်းရှင်များ အသင်း နာယက ဦးလှမိုး က “တိုင်းဒေသကြီး ၅ ခုမှာ ငွေကြေး ခွဲတမ်း ကတော့ သေချာမသိသေးဘူး။ အရင်နှစ်က ပဲခူး က ကျပ် ၆ ဘီလီယံ ရရှိခဲ့တယ်။ ၂၀၂၀- ၂၁ ဘဏ္ဍာနှစ်မှတော့ ကျပ် ၅ ဘီလျံထက် မနည်းတော့ ရဖို့ရှိနိုင်တယ်။ အသေးစိတ် အစီအစဉ်ကိုတော့ ဘယ်လိုဝယ်မလဲ၊ ထားမလဲဆိုတာ မသိရ သေးပါဘူး” လို့ ရှင်းပြသည်။


ယခင် သတင်းများအရ ပဲခူးတိုင်းဒေသကြီး အတွင်း မိုးစပါး တင်း ၁၀၀ ရဲ့ အခြေခံ ရည်ညွှန်းဈေးနှုန်း ကျပ် ၅၂၀၀၀၀ နဲ့ စပါးတင်းရေ ၁၅ သိန်း ဝယ်ယူမယ်လို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုထားပြီး မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသူ က “ခွဲတမ်းရယ်လို့ မဟုတ်ပါဘူး။ အရေအတွက် တွေက ကြိုကြေငြာပါလိမ့်မယ်။ စပါးဝယ်ယူဖို့ တင်ဒါခေါ်မှာ ဖြစ်တယ်” လို့ပြောသည်။


ဝယ်ယူရာမှာ အစိုဓါတ် ၁၄%၊ အဖျင်းအမှော်၊ ဖုံ၊ သဲ၊ ခဲ ကင်းစင်ပြီး သတ်မှတ် စံချိန် စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ရဲ့ အခြေခံရည်ညွှန်း ဈေးနှုန်းကို ကျပ် ၅၂၀၀၀၀ သတ်မှတ်ထားတယ်လို့ သိရပြီး အရင်နှစ်က ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ အခြေခံ ဈေးနှုန်းအောက် ကျဆင်းခဲ့တာကြောင့် နိုင်ငံတော်က ကျပ် ၁၅ ဘီလီယံ အသုံးပြုပြီး ဝယ်ယူရာမှာ ကျပ် ၆ ဒသမ ၅ ဘီလီယံဖိုး ဝယ်ယူ နိုင်ခဲ့ပေမယ့် ဝယ်ယူတာ နောက်ကျခဲ့လို့ စပါးဈေး ကျဆင်းမှုကို အပြည့်အဝ ထိန်းမပေးနိုင်ခဲ့ဘူးလို့ ကုန်သည်တွေက ပြောကြားခဲ့သည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)