Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စားသောက်ကုန်ရောင်းချခြင်းဖြစ်တာကြောင့် ဆိုင်မနားပဲဆက်ဖွင့်ထားရာမှ ဖျားပြီးအနံ့ပျောက်သူတစ်ဦးနှင့် အမေးအဖြေ

စားသောက်ကုန်ရောင်းချခြင်းဖြစ်တာကြောင့် ဆိုင်မနားပဲဆက်ဖွင့်ထားရာမှ ဖျားပြီးအနံ့ပျောက်သူတစ်ဦးနှင့် အမေးအဖြေ Google

COVID-19 ဒုတိယလှိုင်းကာလမှာ ရောဂါကူးစက်ခံထားရသူ သိသိသာသာ မြင့်တက်လာတာဖြစ်ပါတယ်။

လတ်တလော ရောဂါ ကူးစက်ခံထားရသူတွေအနေနဲ့ ရင်ဆိုင်တွေ့ကြုံနေရတဲ့ အခြေအနေတွေကို Myanmar Labour News မှ မေးမြန်းချက်အရ အခုလိုသိရပါသည်။ ရန်ကုန်တိုင်းဒေသကြီး ၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့သစ် ရပ်ကွက်မှာ COVID-19 ရောဂါ ကူးစက်ခံထားရသူ တစ်ဦးက ဖောင်ကြီးကုသရေးစင်တာကို တက်ရောက်ခဲ့ရပြီး ၎င်းရဲ့ အတွေ့အကြုံကို အမေးအဖြေပြုလုပ်ထားပါသည်။

 

မေး။ ။မဂ်လာပါ။ အန်တီက ဘာအလုပ်လုပ်တာလဲ။

ဖြေ။ ။ ဈေးရောင်းတာပါ၊ ဆန်၊ ဆီ၊ ဆား၊ ငြုပ်၊ ကြက်သွန်၊ ကုန်စိမ်းရော စားသောက်ကုန်တွေပေါ့၊ ဆိုင်ဖွင့်ပြီးရောင်းတာပါ။


မေး။ ။ COVID-19 ပိုးကူးစက်ခံရတယ်လို့ ဘယ်လိုစပြီးသိခဲ့တာလဲ၊ ဘယ်လိုကြောင့်ဆေးရုံကိုသွားဖြစ်ခဲ့တာလဲ။

ဖြေ။ ။ အစကဖျားတာ ရိုးရိုးဖျားတယ်ပဲထင်ပြီး ဆေးရုံတော့မသွားခဲ့ဘူး၊ အဖျားပျောက်ဆေးသောက် ကိုယ့်အိမ်မှာပဲကိုယ်နေခဲ့တယ်၊ ဖျားပြီး ၂ ရက်လောက်နေတော့ အနံ့မရတာနဲ့ ကွမ်းခြံကုန်းဆေးရုံကိုသွားပြခဲ့တယ်၊ စစ်ဆေးပြီး ၂ ရက်အကြာမှာ ပိုးတွေ့တယ်ဆိုပြီး အဖြေသိခဲ့ရတယ်။


မေး။ ။ ပိုးတွေ့လူနာလို့သိလိုက်ရတဲ့ အချိန်မှာရော ဘယ်လိုခံစားရလဲ၊ စိုးရိမ်မှု၊ ကြောက်ရွံ့မှုတို့ပေါ့။

ဖြေ။ ။ ပိုးတွေ့တယ်လို့သိလိုက်ရပြီးရန်ကုန်ပို့မယ်ဆိုတော့ ကြောက်တာပေါ့ အိမ်မှာကလဲ သမီးလင်မယား၊ မြေးမလေးနဲ့ တူမလေးတစ်ယောက်ရှိသေးတယ်လေ၊ သူတို့လဲကူးနေမလားစိုးရိမ်သွားတယ်၊ ဈေးရောင်းတာကတော့ ဖျားထဲကနားထားလို့ ကျန်တဲ့လူတွေမကူးနိုင်ပေမယ့် အိမ်ကကလေးတွေအတွက်တော့ စိုးရိမ်သွားတယ်။

 

မေး။ ။ ရန်ကုန်ပို့မယ်ဆိုတော့ရော ဘယ်ကုသရေးစင်တာကိုပို့လဲ အဲ့ဒီမှာရော ဘာအခက်အခဲတွေရှိလဲ။

ဖြေ။ ။ ဖောင်ကြီးကုသရေးစင်တာကိုပို့ပါတယ်၊ အဲ့ဒီမှာအခက်အခဲကတော့ ဘာမှသိပ်မရှိခဲ့ဘူး၊ ဒေါ်ကြီးကလဲပိုးတွေ့လူနာဖြစ်ခဲ့ပေမယ့် ကျန်းမာရေးကလဲကောင်းနေပြီ အနံ့မရတာလေးပဲရှိတော့ အချိန်မှန်စားပြီး ပို့ပေးတဲ့ဆေးတွေမှန်မှန်သောက်တယ်၊ နှလုံး ECG ရိုက်တာတို့ ဓာတ်မှန်ရိုက်တာတို့လဲလုပ်ပေးတယ် အစစအရာရာတော့ အဆင်ပြေခဲ့ပါတယ်၊ သူတို့ဆီကပေးတဲ့ အစားအစာတွေမကြိုက်လဲ ပါလာတဲ့ ခေါက်ဆွဲထုတ်တွေပြုတ်စားလို့ရတော့ အခက်အခဲတော့မရှိခဲ့ဘူးပြောရမှာပေါ့၊

 

မေး။ ။ အိမ်ကကျန်ခဲ့တဲ့မိသားစုမှာရော ပိုးတွေ့လူနာဖြစ်ခဲ့တာမျိုးရှိသေးလား။

ဖြေ။ ။ သမီးနဲ့ သမက်ကတော့ ပိုးတွေ့တယ်၊ မြေးနဲ့တူမလေးကမတွေ့ခဲ့ဘူး။ သမီးနဲ့သမက်လဲခုဖောင်ကြီးကိုပဲပို့ထားတယ်၊ မြေးနဲ့ တူမလေးကတော့ ကွမ်းခြံကုန်းက မြို့သစ် အ.မ.က ကျောင်းက Q Center မှာကျန်ခဲ့တယ်၊ လမ်းထဲကအိမ်ကိုပဲ Home Quarantine ထားဖို့ကို လမ်းထဲကလက်မခံတဲ့လူတွေနဲ့ အခြေအတင်ဖြစ်ကြပြီး ၂ ရက်လောက်ကြာမှ နေအိမ်ကို လူမှုကူညီရေးကကားနဲ့လိုက်ပို့ပေးတယ်လို့ကြားရတယ်။ ခုဒေါ်ကြီးကလဲ ပြန်ကျန်းမာလို့ ၃ ရက်နေ့ကပဲ ဆေးရုံဆင်းရပြီး ကလေးတွေရှိတဲ့အိမ်ကို သဒ္ဒါဖြူကကားနဲ့ပြန်ပို့ပေးလို့ရောက်နေပါပြီ။ ဖောင်ကြီးက ကလေး ၂ ယောက်ကတော့ ကျန်ခဲ့တာပေါ့။

 

မေး။ ။ ခု အိမ်ကိုပြန်ရောက်တော့ အိမ်မှာပဲ Home Quarantine ပဲနေရဦးမှာပေါ့ အဲ့ဒီအတွက်စားဝတ်နေရေး အခက်အခဲရောရှိလား။ ဆိုင်လဲမဖွင့်ရသေးဘူးပေါ့။

ဖြေ။ ။ Home Quarantine က ၇ ရက်နေရမယ်လို့တော့ ပြောလိုက်တယ်၊ စားသောက်ဖို့ကတော့ ဆန်၊ ဆီ၊ ဆားကရောင်းတဲ့ထဲမှာအကုန်ရှိတော့အဆင်ပြေပါတယ်၊ လမ်းထဲကလူတွေကလဲဟင်းချက်ပို့တဲ့လူတွေကလာပို့ကြတယ်၊ အကိုအိမ်လဲရှိတော့ ဟင်းချက်စရာလဲလှမ်းမှာလို့ရတယ်၊ ဒေါ်ကြီး က ဖောင်ကြီးရောက်နေတဲ့ ရက်ကလဲကလေးတွေဆီ ဆန် ဆီ နဲ့ အာလူးတွေလာပို့ထားတယ်လို့ပြောတယ်၊ ဆိုင်ကတော့ ပိတ်ရတာဖျားထဲကဆိုတော့ ၁ လလောက်ရှိသွားတာပေါ့၊ လမ်းထဲကလူတွေလဲ စိတ်သန့်သွားအောင် ၁ လလောက်ထပ်နားမယ်လို့တော့ စဉ်းစားထားတယ်၊ ငွေရေးကြေးရေးကတော့ တော်တော်ခက်ခဲသွားတာပေါ့၊ တော်တော်တော့ပြန်ရုန်းကန်ရမှာပေါ့။

 

-ဟုတ်ကဲ့ ၊ အခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

 

By Myanmar Food Guide

 

#MyanmarLabourNews

Read times
Rate this item
(0 votes)